News

POST TYPE

POPULAR POST

ချောင်းဦးမြို့နယ် မင်းတည်ရွာ လူသတ်မှုမှ သံသယရှိသူလေးဦးကို ဖမ်းဆီး
12-Sep-2018

မုံရွာ၊ စက်တင်ဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ မင်းတည်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုတွင် မသကာင်္သူ အမျိုးသားလေးဦးကို စက်တင်ဘာလ ၁၁ ရက်နေ့က ဖမ်းဆီးကာ စစ်ဆေးလျက်ရှိကြောင်း ချောင်းဦး မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

“သံသယနဲ့ စစ်ဆေးနေဆဲဖြစ်ပါတယ်။ အမည်ကို ထုတ်ဖော်ပြောလို့မရသေးပါဘူး”ဟု ယင်းရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောဆိုသည်။

မင်းတည်ကျေးရွာတွင် စက်တင်ဘာလ ၁၀ ရက်နေ့ ညပိုင်းက ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးက လူစိမ်းအမျိုးသားတစ်ဦးကိုတွေ့ခဲ့သဖြင့် အနီးပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းခဲ့ရာမှ ရပ်ရွာမှဝိုင်းဖမ်းခဲ့ပြီး ဘေးပတ်ဝန်းကျင်ကျေးရွာများသို့ ကလေးခိုးသည်ဟု သတင်းပြန့်ခဲ့သဖြင့် လူပေါင်းများစွာဆိုင်ကယ်ဖြင့်ရောက်လာကြကာ သတ်ဖြတ်ရန်အားပေးပြောဆိုပြီးရိုက်နှက်ကြရာ လက်လွန်သေဆုံးခဲ့ပြီးနောက် အလောင်းကို သုဿာန်သို့ သယ်ဆောင်ကာမီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

အဆိုပါဖြစ်စဉ်တွင် သေဆုံးခဲ့သည့်အမျိုးသားမှာ မြင်းမူမြို့နယ်၊ ခြေရာတော်ရွာမှ အသက် ၄၂ နှစ် ဦးကြည်နိုင်ဆိုသူဖြစ်ပြီး စိတ်ကျမ်းမာရေး ချို့တဲ့မှုကြောင့် မန္တလေးတွင် ဆေးကုသမှုခံယူနေသူဖြစ်ကြောင်း ချောင်းဦးမြို့မရဲစခန်းထံမှ သိရသည်။

“သူ့မိသားစုတွေ ဒီနေ့ (စက်တင်ဘာ ၁၂ ) မနက်က လိုက်လာကြတယ်။ စိတ်ကျမ်းမာရေးကြောင့် လွန်ခဲ့တဲ့ ၁၀ နှစ်လောက်တည်းက ဆေးကုနေရပြီး လျှောက်သွားနေတတ်သူဖြစ်တယ်လို့ မိသားစုတွေက ပြောတယ်။ အလောင်းကို ရွာပြန်သယ်သွားကြပါတယ်”ဟု အဆိုပါစခန်းမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ချောင်းဦးမြို့မရဲစခန်းတွင် လူသတ်မှု၊ အလောင်းဖျောက်ဖျက်မှုတို့ဖြင့် အမှုဖွင့်ထားကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း အဆိုပါစခန်းမှ သိရသည်။

R-08