News

POST TYPE

POPULAR POST

ကင်ဂျုံအန်း၏ ပေးစာတွင် ထရမ့်နှင့် ဒုတိယအကြိမ်တွေ့ဆုံလိုကြောင်း ဖော်ပြထားဟု အိမ်ဖြူတော် ထုတ်ပြန်
12-Sep-2018


ဝါရှင်တန်၊ စက်တင်ဘာ ၁၀

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက အမေရိကန်သမ္မတဒေါ်နယ် ထရမ့်ထံပေးပို့သောစာထဲတွင် စင်ကာပူတွင် ကျင်းပခဲ့သော သမိုင်းဝင်ထိပ်သီး ဆွေးနွေးပွဲနောက်ပိုင်း ဒုတိယအကြိမ်မြောက် တွေ့ဆုံလိုကြောင်းဖော်ပြထားသည်ဟု အိမ်ဖြူတော်က တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည်ဟု Channel News Asia သတင်းဌာနက ဖော်ပြသည်။

“အင်မတန်နွေးထွေးတဲ့ စာပါ” ဟု အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် ဆာရာဆန်းဒါးစ်က ပြောကြားခဲ့ပြီး ကိုရီးယားကျွန်းဆွယ် နျူကလီးယားဖျက်သိမ်းရေး မြောက်ကိုရီးယားက အာရုံစိုက်စိတ်ပိုင်းဖြတ်ထားဆဲဖြစ်ကြောင်း ဖော်ပြနေသည်ဟု မှတ်ချက်ပေးခဲ့သည်။

“ဒီစာရဲ့ အဓိက ရည်ရွယ်ချက်ကတော့ သမ္မတနဲ့ နောက်ထပ်တွေ့ဆုံနိုင်ရေး စီစဉ်ဖို့ပါ။ ဒီ့အတွက်လည်း ကျွန်မတို့က တံခါးဖွင့်ထားသလို ပူးပေါင်းဆောင်ရွက်မှုတွေ စတင်နေပါပြီ”ဟု ဆန်းဒါစ်းက အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယင်းစာမှာ ဝါရှင်တန်နှင့် ပြုံယမ်း ဆက်ဆံရေးတိုးတက်လာမှု၏ နောက်ထပ်သက်သေတစ်ခုဖြစ်သည်ဟုလည်း ဆန်းဒါးစ်က မှတ်ချက်ပေးခဲ့သည်။

ထရမ့်နှင့် ကင်တို့သည် ပြီးခဲ့သည့် ဇွန်လအတွင်း စင်ကာပူတွင် တွေ့ဆုံခဲ့ကြပြီး မြောက်ကိုရီးယားနျူအရေး နှစ်များစွာလိပ်ခဲတည်းလည်းဖြစ်နေမှုကို ဖြေရှင်းနိုင်ရန် မျှော်လင့်ချက် မြင့်မားလာခဲ့သည်။

ကျွန်းဆွယ်နျူကလီးယားဖျက်သိမ်းရေး နောက်ဆက်တွဲဆွေးနွေးပွဲများ ဆက်လုပ်နိုင်ခဲ့သော်လည်း အဆင်မပြေမှုအချို့ကြောင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယို၏ ပြုံယမ်းခရီးစဉ် ဖျက်သိမ်းခဲ့ရအပြီးတွင် မရေမရာပြန်ဖြစ်လာခဲ့သည်။ သို့သော်လည်း မြောက်ကိုရီးယားဘက်က ပျော့ပျောင်းသည့် သဘောထားကို ဖော်ပြခဲ့ပြီး နိုင်ငံထူထောင်မှု နှစ် ၇၀ ပြည့် စစ်ရေးပြပွဲတွင်ပင် အမေရိကန်အထိ ရောက်ရှိနိုင်သည်ဆိုသော တိုက်ချင်းပစ်ဒုံးကျည်များ မပြသဘဲ ရှောင်လွှဲခဲ့သလို ယခုကဲ့သို့ ထရမ့်ထံတိုက်ရိုက်စာပို့ပြီး ဆက်ဆံရေးကောင်းမွန်ရန် ကြိုးပမ်းလာခဲ့သည်။

မကြာသေးမီနှစ်များအတွင်း နှစ်နိုင်ငံအကြား တိုးတက်မှုများစွာရှိခဲ့ကြောင်း၊ အမေရိကန်ဓားစာခံများ ပြန်လွတ်လာခြင်း၊ အမေရိကန်စစ်သည်များ၏ ရုပ်ကြွင်းများ ပြန်ရခြင်း၊ မြောက်ကိုရီးယားဒုံးကျည်နှင့် နျူကလီးယားစမ်းသပ်မှုများ ရပ်ဆိုင်းသွားခြင်းတို့မှာ သိသာသောတိုးတက်မှုများဖြစ်သည်ဟု အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။

F-03