News

POST TYPE

POPULAR POST

အဆိုတော် ရွှေထိုက်တို့ ဇနီးမောင်နှံကို မူးယစ်ဆေးဝါး ရောင်းချမှုဖြင့် တရားစွဲ
06-Sep-2018 tagged as မူးယစ်ဆေးဝါး


ရန်ကုန်၊ စက်တင်ဘာ ၆

Golden City အိမ်ရာတွင် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိထားသူ အဆိုတော် ရွှေထိုက်နှင့် ၎င်း၏ခင်ပွန်းကို ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးတွင် စက်တင်ဘာလ ၆ ရက် (ယနေ့ ) က မူးယစ်ဆေးဝါး ရောင်းချသည့်ပုဒ်မဖြင့် စတင် တရားစွဲဆိုလိုက်သည်။

WY ဆေးပြားများနှင့်အတူ ဘိန်းဖြူ၊ အိုက်စ်နှင့် ဆေးခြောက်များကို အဆိုတော် ရွှေထိုက်၏နေအိမ်တွင် သိမ်းဆည်းရမိခဲ့သောကြောင့် ၎င်းတို့လင်မယားနှစ်ဦးကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၂၀ (က) ဖြင့် အရှေ့ပိုင်းခရိုင် တရားရုံးရှိ ဒုခရိုင်တရားသူကြီး (၂) တရားခွင်တွင် ယနေ့ စတင်တရားစွဲတင်ခဲ့သည်။

“ဒီအမှုကို လာမယ့် စက်တင်ဘာလ ၁၉ ရက်နေ့မှာ စစစ်မယ်”ဟု တရားသူကြီးက ရုံးချိန်းရက် သတ်မှတ်ပေးလိုက်သည်။

အဆိုပါ မူးယစ်အမှုမှာ သြဂုတ်လ ၉ ရက်နေ့က မရမ်းကုန်းမြို့နယ်၊ ၅ ရပ်ကွက်တွင်နေထိုင်သူ သန့်စင်မောင် (ခ) ကိုပေါက်ကို စစ်ဆေးရာမှ WY စိတ်ကြွ ဆေးပြား ၁၃၉ ပြားနှင့် အိုက်စ် ၁၃ ဂရမ်တို့ကို မူးယစ်တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်စစ်ဆေးခဲ့ရာ အမှုကွင်းဆက်တွင်ပါဝင်သူ ကျော်သူရကို ရန်ကင်းမြို့နယ်တွင် ဖမ်းမိခဲ့သည်။ ဖမ်းမိသူ ကျော်သူရ မောင်းနှင်သည့် မတ်တူးယာဉ်ပေါ်မှ Ecstasy ဆေးပြား ၃၆ ပြား၊ WY ဆေးပြား ၂၆၀ ပြားနှင့် အိုက်စ် ၇ ဂရမ်တို့ကို ရှာဖွေသိမ်းဆည်းရမိပြီး ၎င်းတည်းခိုနေသည့် My Dream Hotel ရှိ အခန်းကို ဝင်ရောက်ရှာဖွေခဲ့ရာ ကိုလင်းလွင်၊ မရွှေမှုံနှင့် မအိအိခိုင်တို့ကိုတွေ့ရှိ၍ ကော်ဘူးဖြင့်ထည့်ထားသော WY ဆေးပြား ၉ ပြားကို ယင်းနေအိမ် ရေချိုးခန်းထဲမှ ထပ်မံ သိမ်းဆည်းရမိခဲ့သည်။

ယင်းနောက် အမှုကွင်းဆက်အရ ရန်ကင်းမြို့နယ် Golden City အိမ်ရာတွင် နေထိုင်သော သက်ဆွေမင်း (ခ) ကိုစိုင်းနှင့် ၎င်း၏ဇနီးဖြစ်သူ အဆိုတော် ရွှေထိုက် (ခ) မဝေလွင်ဇော်တို့၏နေအိမ်နှင့် သက်ဆွေမင်း ငှားရမ်းထားသော ရန်ကင်းမြို့နယ်၊ အဝေရာလမ်းရှိ နေအိမ်တို့ကို စစ်ဆေးရာမှ WY စိတ်ကြွရူးသွပ်ဆေးပြား ၁၁,၉၉၄ ပြား၊ အိုက်စ် ၇၇၃ ဂရမ်၊ ဘိန်းဖြူ ၁၁ ဂရမ်နှင့် ဆေးခြောက် ၁၂ ဂရမ်တို့ကို ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါအမှုမှ ဖမ်းဆီးထားသူ ခုနှစ်ဦးတွင် အသက် ၄၇ နှစ် သန့်စင်မောင် (ခ) ကိုပေါက် မပါ ကျန်ခြောက်ဦးကို အရှေ့ပိုင်းခရိုင် တရားရုံးတွင် မူး/စိတ် ပုဒ်မများဖြင့် ယနေ့ စတင်တရားစွဲတင်ခဲ့ပြီး အဆိုတော် ရွှေထိုက်တို့ဇနီးမောင်နှံကို မူးယစ်ဆေးဝါး ရောင်းချသည့်ပုဒ်မဖြင့် စစ်ဆေးမည်ဖြစ်ကာ ကျော်သူရ၊ လင်းလွင်၊ မရွှေမှုံနှင့် မအိအိခိုင်တို့ လေးဦးကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က)၊ ၁၆ (ဂ) ဖြင့် စစ်ဆေးမည်ဖြစ်ကြောင်း တရားရုံးထံမှ သိရသည်။

S-03