News

POST TYPE

POPULAR POST

၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်း၍ အသစ် ရေးဆွဲရမည်ဟု ဦးခွန်ထွန်းဦး ပြောကြား
07-Aug-2018

ရန်ကုန်၊ ဩဂုတ် ၇ 

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လုံးဝ ဖျက်သိမ်းကာ ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်ကို ရေးဆွဲရမည်ဖြစ်ကြောင်း ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ ဥက္ကဋ္ဌနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်သူ ဦးခွန်ထွန်းဦးက ပြောကြားသည်။

ဩဂုတ်လ ၇ ရက်က ရန်ကုန်မြို့ ယုဒဿန်ရိပ်သာတွင် ပြုလုပ်ခဲ့သည့် ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့နှင့် မဟာမိတ်နိုင်ငံရေးအင်အားစုများညီလာခံ အခမ်းအနားတွင် အဖွင့်မိန့်ခွန်းပြောကြားရာ၌ ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် စစ်အစိုးရကရေးဆွဲထားခြင်းဖြစ်ပြီး လွှတ်တော်အတွင်း ပြင်ဆင်ရန်မဖြစ်နိုင်ဘဲ ဖက်ဒရယ်စနစ် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ အာမခံနိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်တစ်ရပ်ကို ရေးဆွဲရမည်ဖြစ်ကြောင်း ဦးခွန်ထွန်းဦးက ပြောကြားသည်။

၁၉၉၀ ရွေးကောက်ပွဲအပြီးတွင် တပ်မတော်က စစ်တန်းလျားပြန်မည်ဟု ပြောဆိုခဲ့သော်လည်း တစ်ဖက်လှည့်နှင့်ရေးဆွဲခဲ့သည့် အဆိုပါ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့်သာ မဖြစ်သင့်သည့် နိုင်ငံရေးအခြေအနေကို ကျရောက်နေရခြင်းဖြစ်ပြီး အဆိုပါ ၂၀၀၈ ဖွဲ့စည်းပုံကိုဖျက်သိမ်းဖို့သာ ကောင်းတော့ကြောင်း ၎င်းကဆိုသည်။

ထို့ပြင် ဦးခွန်ထွန်းဦး၏ အဆိုပါမိန့်ခွန်းတွင် NLD အစိုးရ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်များ၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေး၊ လုပ်ငန်းစဉ်များကိုလည်း ဝေဖန်သွားပြီး အဘက်ဘက်တွင် ဆိုးဝါးနေကြောင်း ပြောကြားခဲ့သည်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက စစ်အစိုးရ ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံပဲ ဖြစ်ပါတယ်။ ဒီဖွဲ့စည်းပုံအောက်က လွှတ်တော်ထဲမှာ ပြင်မယ်ဆိုရင်တော့ မဖြစ်နိုင်တော့ပါဘူး။ ဒီဖွဲ့စည်းပုံကို အသစ်ရေးဆွဲမှရမှာပါ။ အဟောင်းကိုပဲ ဆက်ကျင့်သုံးနေရင်တော့ ပိုဆိုးလာမှာဖြစ်ပြီးတော့ အခြေခံဥပဒေအသစ်ရေးဖို့ တိုက်တွန်းပါတယ်”ဟု ၎င်းကဆိုသည်။

၁၉၉၀ ရွေးကောက်ပွဲ ကိုယ်စားလှယ်များနှင့် ပြင်ပနိုင်ငံရေးအင်အားစုများ စုပေါင်းကာ ဖွဲ့စည်းပုံသစ် ရေးဆွဲရေး၊ ဖျက်သိမ်းရေးတို့ကို လွှတ်တော်တွင်းနှင့် လွှတ်တော်ပြင်ပ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြင်ဆင်လို့ မရဘူးဗျ။ ဖျက်သိမ်းလို့ပဲရမယ့် အခြေအနေမှာရှိတယ်။ သူ့အခြေအနေက အဲဒီလို ဖန်တီးထားတာ”ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့အနေနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းရေးအတွက် နိုင်ငံတော် အစိုးရအား နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးတွင်လည်းကောင်း၊ မန္တလေးတိုင်း တရားလွှတ်တော်တွင်လည်းကောင်း တရားစွဲခဲ့သော်လည်း တရားရုံးအသီးသီးက အမှုကိုလက်ခံခဲ့ခြင်း မရှိခဲ့ပေ။

၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့သည် အဆိုပါညီလာခံတွင် ထုတ်ပြန်ချက်တစ်ခုကိုလည်း ထုတ်ပြန်ခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံကိုဖျက်သိမ်းနိုင်ရန် လွှတ်တော်တွင်း ဝင်ရောက်မည်ဖြစ်ပြီး ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့အနေနှင့် အဆိုပါ ၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသားခေါင်းဆောင်များ၊ တိုင်းရင်းသား ပါတီ အဖွဲ့အစည်းများ၊ တော်လှန်ရေး အဆက်ဆက်တွင် ပါဝင်ခဲ့ကြသော ရဲဘော်များ၊ NLD ပါတီပြင်ပရောက် နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲကာလတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မည့် ရည်ရွယ်ဖြင့် ရွေးကောက်ခံခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အာဏာရပါတီ ဖြစ်သွားပြီးနောက်ပိုင်း ပြင်ဆင်မည့် လုပ်ဆောင်မှု မတွေ့ရသည့်အပေါ် ဝေဖန်မှုများရှိနေသည်။

ထို့ပြင် NLD ပါတီအနေနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် ရည်ရွယ်ချက်ရှိပြီး ပြည်သူလူထု မနစ်နာသည့်နည်းလမ်းများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး မည်သည့်အချိန်တွင် ပြင်ဆင်နိုင်မည်ကိုတော့ အတိအကျ ပြောကြားနိုင်ခြင်းမရှိကြောင်း ပါတီ ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဉာဏ်ဝင်းက ပြောကြားသည်။

“ပြင်နိုင်မယ့် ရက်ကို အမှန်တကယ် မေးလာရင်တော့ ဖြေနိုင်ခြင်း မရှိပါဘူး”ဟု ၎င်းကဆိုသည်။

J-08