News

POST TYPE

POPULAR POST

ဖွဲ့စည်းပုံပြင်ဆင်ရေး ငြိမ်းချမ်းရေးနှင့် စီးပွားရေး
27-Jun-2018
ဒေါ်နယ်ထရမ့်ကတော့ အမေရိကန် ပထမဆိုတဲ့ဆောင်ပုဒ်နဲ့ အမေရိကန်သမ္မတ ဖြစ်လာခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ကမ္ဘာမှာ အမေရိကန်ရဲ့စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေး အရှိန်အဝါ ပြန်လည်မြှင့်တင်ဖို့ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အမေရိကန်ရဲ့ ကိုယ်ကျိုးစီးပွားကို ပေါ်ပေါ်တင်တင်ကြေညာခဲ့ ခြင်းပဲ ဖြစ်ပါတယ်။ ပြောတဲ့အတိုင်းလည်း ဒေါ်နယ်ထရမ့်က လုပ်ဆောင်နေတာကို ကမ္ဘာက ရင်တမမနဲ့ကြည့်နေရတာပါ။ ကျန်တဲ့နိုင်ငံတွေက ဘယ်နေ့ ကိုယ့်အလှည့် ရောက်မလဲ စဉ်းစားနေကြမှာပါ။ ဒေါ်နယ်ထရမ့်သမ္မတဖြစ်တော့ ဒေါ်နယ်ထရမ့်ရဲ့ မူဝါဒအတိုင်း ဖြစ်သွားတယ်လို့ ဆိုရမှာပါ။ ဒေါ်နယ်ထရမ့်ရဲ့ လုပ်ဆောင်ချက်တွေ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ အဲဒီအကျိုးဆက်ကိုတော့ အမေရိကန်ပြည်သူများနဲ့ ကျန်တဲ့နိုင်ငံများ ခံစားရမှာတော့ သေချာပါတယ်။

ဒါဟာ တည်ဆဲအစိုးရရဲ့ မူဝါဒ၊ ပေါ်လစီအတိုင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း အာဏရပါတီဖြစ်တဲ့ NLD ပါတီက တည်ဆဲအစိုးရအဖြစ် တာဝန်ယူ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဇွန်လ ၂၃ ရက်နဲ့ ၂၄ ရက်နေ့က ကျင်းပခဲ့တဲ့ NLD ပါတီရဲ့ ဒုတိယအကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ ကျင်းပခဲ့ပါတယ်။ ဒီညီလာခံမှာ ဖွဲ့စည်းပုံပြင်ဆင်ရေး အပါအဝင် ပါတီရဲ့မူဝါဒနဲ့ ရှေ့လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော် ဆောင်ရွက်ရေးကိုလည်း ချမှတ်ခဲ့ပြီး နိုင်ငံရေး အစီရင်ခံစာများကို တင်သွင်းခဲ့တယ်လို့ ပါတီညီလာခံ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေးကို ပထမအကြိမ် လွှတ်တော်ကာလအတွင်းကလည်း ပြင်ဆင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အချို့သော အချက်အချို့ကိုသာ ပြင်နိုင်ခဲ့တာပါ။ ဒီပြင်ဆင်ချက်တွေကို ယနေ့အထိ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်ချက်အနေနဲ့ မထည့်နိုင်သေးပါဘူး။ ဖွဲ့စည်းပုံပြင်ဆင်ရေး အခြားနည်းလမ်းတစ်ခု အနေနဲ့က ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကတစ်ဆင့် ပြင်ဆင်ရေးဖြစ်ပါတယ်။ သို့ပေမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲဟာ ဆွေးနွေးဆဲအဆင့်မှာသာ ရှိနေပါသေးတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်လို့ NLD ပါတီအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် ရည်ရွယ်ချက်ရှိပြီး ပြည်သူလူထု မနစ်နာသည့် နည်းလမ်များဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောကြားခဲ့တယ်လို့ ဖတ်ရပါတယ်။ ဒါဟာ လက်ရှိအာဏာရပါတီရဲ့ ရည်မှန်းချက်ဖြစ်ပါတယ်။

နောက်တစ်ချက်က တိုင်းရင်းသားများနဲ့ပတ်သက်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင် ဖြစ်စဉ်တွေဟာ မြန်မာ့လွတ်လပ်ရေးနဲ့အတူ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ နယ်ချဲ့တို့ရဲ့ သွေးခွဲစနစ်တွေ၊ နိုင်ငံရေး အယူအဆ ကွဲပြားမှုတွေ၊ ကိုယ်ကျိုးစီးပွားနိုင်ငံရေးတွေ၊ ငြိမ်းချမ်းစွာ ဖြေရှင်းခြင်းနည်းလမ်းအား နည်းတာတွေအပြင် ယခုအခါ ပြည်ပနိုင်ငံတွေရဲ့ စွက်ဖက်မှုတွေကြောင့် မြန်မာ့ငြိမ်းချမ်းရေး တည်ဆောက်မှုလမ်းစဉ်ဟာ ခယောင်းလမ်းကို ဖြတ်သန်းနေရပါတယ်။ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်ဖို့ဆိုရင် ငြိမ်းချမ်းရေးကို မဖြစ်မနေ တည်ဆောက်ရမှာ အမှန်ပါပဲ။ ၂၀၁၁ နောက်ပိုင်းမှာ ငြိမ်းချမ်းရေး တည်ဆောက်မှုနည်းလမ်းဟာ ပြောင်းလဲလာခဲ့ပြီး ငြိမ်းချမ်းစွာနဲ့ စားပွဲဝိုင်းမှာ ဖြေရှင်းခြင်း၊ နိုင်ငံရေး အယူအဆအရ ဖြေရှင်းခြင်း၊ အပေးအယူ အလျှော့အတင်း ဖြေရှင်းခြင်းတို့နဲ့ ကိုင်တွယ် ဖြေရှင်းနေတာ တွေ့ရပါတယ်။ 

ဒါပေမဲ့ တိုင်းရင်းသား လက်နက်ကိုင်ဖြစ်စဉ်များဟာ နှစ်ပေါင်းများစွာ ကြာမြင့်နေခြင်း၊ ကိုယ်ကျိုးစီးပွား နိုင်ငံရေးများ ရှိနေသေးခြင်း၊ တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှု နည်းနေသေးခြင်း၊ ငြိမ်းချမ်းရေးအား အသုံးချနေကြခြင်း၊ အလျှော့အတင်း ပြုလုပ်ရာတွင် မိမိဆန္ဒကို ဦးစားပေးလွန်းခြင်း၊ နောက်ကွယ်မှ ကြိုးကိုင်မှုများ ရှိနေခြင်း၊ နိုင်ငံရေး ရပ်တည်ချက် ပြင်းထန်နေခြင်းစတဲ့ အကြောင်းတရားများဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို များစွာ အဟန့်အတားဖြစ်နေတာ တွေ့ရပါတယ်။ ငြိမ်းချမ်းရေးဟာ နိုင်ငံတည်ဆောက်ရေးအတွက် မဖြစ်မနေ လိုအပ်နေတဲ့ အခြေခံ လိုအပ်ချက်တစ်ခုထက် ပိုပါတယ်။ ငြိမ်းချမ်းရေးရမှလည်း တိုင်းရင်းသားအားလုံး လိုလားနေတဲ့ နိုင်ငံရေးစနစ်တစ်ခုကို တည်ဆောက်နိုင်မှာလည်း ဖြစ်ပါတယ်။ 

သို့သော်လည်း အထက်မှာဖော်ပြခဲ့သလို ကြီးမားတဲ့ အဟန့်အတားများကို ဖြတ်ကျော်ဖို့ဆိုတာ အပြောလွယ်သလောက် အလုပ်ခက်မှာကိုလည်း နားလည်နိုင်ပါတယ်။ ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ တစ်ဦးတည်း တစ်ဖက်တည်း တည်ဆောက်လို့ မရနိုင်ပါဘူး။ ပါဝင်ဆက်စပ်နေသူများထဲက တစ်ဦးဦး၊ တစ်ဖက်ဖက်က အဟန့်အတား ဖြစ်နေသမျှ ငြိမ်းချမ်းရေး ကြိုးပမ်းမှုဟာ အချိန်ကြာမြင့်နေမှာဖြစ်သလို မလိုလားအပ်တဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ ဖြစ်ပွားလာနိုင်တာ သမိုင်းသက်သေ အခိုင်အမာ ရှိနေပါတယ်။ ငြိမ်းချမ်းရေးမှာ ပါဝင်ပတ်သက်နေသူများ အားလုံးအနေနဲ့ တိုင်းရင်းသားပြည်သူ အားလုံးရဲ့အကျိုးကို ရှေးရှုသင့်ကြောင်း အကြံပြုလိုပါတယ်။ ဘုံရည်မှန်းချက်ထားပြီး အလျှော့အတင်းပြုလုပ်ဖို့ သင့်ပါပြီ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို Positive Peace နဲ့ ချဉ်းကပ် ဖြေရှင်းမလား၊ Negative Peace  နဲ့ ချဉ်းကပ်ဖြေရှင်းမလား ဝိဝါဒကွဲပြားစရာ မလိုဘူးလို့လည်း ယူဆမိပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဘယ်လိုတည်ဆောက်ခဲ့သလဲ၊ ပင်လုံသဘောတူညီချက် ဘယ်လိုရခဲ့သလဲ စဉ်းစားကြည့်ရင် အဖြေရှိပြီးသား ဖြစ်ပါတယ်။ ရိုးသားမှ ယုံကြည်မှုတည်ဆောက်နိုင်ပါလိမ့်မယ်။ ယုံကြည်မှ စုစည်းနိုင်ပါလိမ့်မယ်။ ပြည်သူအားလုံးအတွက်ရော နိုင်ငံအတွက်ရော ငြိမ်းချမ်းရေး လိုအပ်နေကြပါတယ်။

တတိယအချက်ကတော့ နိုင်ငံစီးပွားရေး ဖြစ်ပါတယ်။ နိုင်ငံရဲ့ လက်ရှိစီးပွားရေးကို တိုးတက်နေတယ်လို့ ပြောတာကို တစ်လောက ဖတ်ရပါတယ်။ ဒါကိုဖတ်မိတော့ ငိုရမလား ရယ်ရမလား ဖြစ်မိပါတယ်။ နိုင်ငံရဲ့ စီးပွားရေး အခြေအနေကို တိုင်းတာနည်းတွေ ရှိပါတယ်။ ပြည်သူတစ်ယောက်ဖြစ်လို့ အောက်ခြေစကားကိုပဲ ဆိုပါရစေ။ ပြည်သူတွေနဲ့ တိုက်ရိုက်ပတ်သက်ဆက်စပ်နေတဲ့ အခြေအနေကို လေ့လာကြစေလိုပါတယ်။ အခြေခံ စားကုန်ဖြစ်တဲ့ ဆန်ဈေး တက်ပါတယ်။ စားဆီဈေး တက်ပါတယ်။ စက်သုံးဆီဈေး တက်ပါတယ်။ စားသောက်ကုန်ပစ္စည်းဈေး တက်ပါတယ်။ နေထိုင်သွားလာမှုစရိတ် တက်ပါတယ်။ အခွန်ပေးဆောင်ရမှု တက်ပါတယ်။ ရွတ်ပြရရင် ရှုမဆုံးတော့သည် ဖြစ်သွားပါလိမ့်မယ်။ အသေးစား အလတ်စား လုပ်ငန်းများ ရပ်တည်ဖို့ ခက်ခဲလာနေပါတယ်။ ဒါတွေဖော်ပြနေခြင်းဟာ အပျက်သဘောနဲ့ ဖော်ပြနေခြင်း မဟုတ်ပါဘူး။ မြေပြင် အခြေအနေကို သိစေလိုခြင်းပါ။ သမ္မာအာဇီဝနည်းလမ်းနဲ့ စီးပွားရှာရတာ ခက်ခဲလာရင် ဥပဒေပြင်ပကနေ စီးပွားရှာမှာကတော့ မြေကြီးလက်ခတ်မလွဲပါဘူး။ ဥပဒေဖောက်ဖျက်မှုတွေ များလာပါလိမ့်မယ်။ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေ စည်ပင်လာပါလိမ့်မယ်။ 

ယခင်ကာလ မှောင်ခိုခေတ် ပေါ်ပေါက်ခဲ့ဖူးပါတယ်။ ဘာကြောင့် မှောင်ခိုကုန်သွယ်မှု ပေါ်ပေါက်လာခဲ့သလဲဆိုရင် ဥပဒေဘောင်အတွင်း စီးပွားရေးလုပ်ကိုင်ရတာ ခက်ခဲလို့ပါပဲ။ စီးပွားရေး လုပ်ရတာခက်ခဲလို့ မည်သူကမှ ငုတ်တုပ်ထိုင်ပြီး အငတ်ခံမှာတော့ မဟုတ်ပါဘူး။ နိုင်ငံတော်ကတော့ ဝန်ထမ်းများ အဆင်ပြေစေရေး လစာတိုးပေးပါတယ်။ အထူး ကျေးဇူးတင်ရပါတယ်။ သို့ပေမယ့် မြင့်တက်လာတဲ့ကုန်ဈေးနှုန်းက တိုးလာတဲ့လစာကို ကျော်တက်သွားပါတယ်။ ဝန်ထမ်းတွေမှာတော့ မြင်သာမြင်ရ မကြင်ရတဲ့ဘဝပါ။ ဒီတော့ ပြည်သူများရဲ့ နေ့စဉ်ဘဝတွေနဲ့ ဆက်စပ်နေတဲ့ စီးပွားရေးကိုလည်း ထိထိရောက်ရောက် ဖြေရှင်းပေးဖို့လိုနေပါပြီ။ ရေတို စီးပွားရေး၊ ရေရှည်စီးပွားရေး အကောင်အထည်ဖော်ရန် အရေးတကြီး လိုအပ်နေပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့ နိုင်ငံရဲ့ အခြေအနေ ၃ ရပ်ဖြစ်တဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ ငြိမ်းချမ်းရေး တည်ဆောက်ရေး၊ စီးပွားရေး တိုးတက်ရေးနဲ့ပတ်သက်လို့ သူ့လိုအပ်ချက်၊ ကိုယ့်လိုအပ်ချက်များ ရှိနေကြမှာ ဖြစ်ပါတယ်။ ဒီလိုအပ်ချက်တွေ မြင်နေရ၊ ကြားနေရ၊ ဖတ်နေရတော့ သားရွှေအိုးထမ်းလာတာ မြင်ချင်ပါတယ်ဆိုတဲ့ ဆုတောင်းလို ဆုတောင်းလိုပါတယ်။ စင်ကာပူနိုင်ငံထက် ကြွယ်ဝချမ်းသာနေတဲ့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားအပေါင်း ငြိမ်းချမ်းစွာဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကြီး ရေးဆွဲတာ မြင်လိုပါကြောင်း နေ့စဉ် ဆုတောင်းနေရပါတော့တယ်။

သိန်းထွန်း(IR)