News

POST TYPE

POPULAR POST

မြန်မာ့အရေးကျွမ်းကျင်သူ ဘာတေးလ်လင့်တ်နာနှင့် တွေ့ဆုံခြင်း
12-Dec-2017 tagged as မြန်မာ

ယခုအခါ ထုတ်ဝေမှုရပ်စဲသွားပြီဖြစ်သော Far Eastern Review သတင်းမဂ္ဂဇင်း၏ မြန်မာ့ရေးရာ သတင်းထောက်ဖြစ်ခဲ့ဖူးသူ ဘာတေးလ်လင့်တ်နာသည် ၁၉၇၇ ခုနှစ်၊ အသက် ၂၄ နှစ် အရွယ်တွင် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်ရောက်ရှိခဲ့သည်။ ထိုမှစ၍ နောင် အနှစ် ၃၀ လုံးလုံး စစ်အုပ်ချုပ်ရေး၏ လွန်ကဲဆိုးရွားမှုများအကြောင်း တင်ဆက်ရန် နှစ်မြှုပ်ဆောင်ရွက်ခဲ့သူဖြစ်သည်။

လင့်တ်နာ၏ တင်ဆက်မှုများကြောင့် ၁၉၈၅ စစ်အစိုးရက သူ့ကို ပြည်ဝင်ခွင့်ပိတ်ခဲ့သည်။ ပိတ်ပင်မှုကို ဖီဆန်ပြီး နိုင်ငံတွင်းသို့ အိန္ဒိယဘက်ခြမ်း နာဂတောင်တန်းများမှ ခိုးဝင်ခဲ့သည်။ သူနှင့်အတူ မြန်မာနိုင်ငံမှ ရှမ်းတိုင်းရင်းသား ဇနီးသည် စမ်နောင်းလည်း လိုက်ပါခဲ့ပြီး ၎င်းတို့ ဇနီးမောင်နှံ၏ သမီးဖြစ်သူကို ထိုခရီးစဉ်ထွက်ခွာရန် အိန္ဒိယတွင်ရှိနေစဉ် မွေးဖွားခဲ့ခြင်းဖြစ်သည်။ ၁၈ လတာအတွင်း ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့ကို ဖြတ်သန်းခဲ့ပြီးမှ တရုတ်နိုင်ငံသို့ ရောက်ရှိခဲ့ပြီး ခက်ခဲကြမ်းတမ်းသော ပထဝီအနေအထားကိုသာမက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ပေါင်းစုံနှင့်ပါ ရင်ဆိုင်ထိတွေ့ခဲ့ရသည်။

ရလဒ်အဖြစ် Land of Jade: A Journey from India through Northern Burma to China ကို ရေးသားနိုင်ခဲ့ပြီး မြန်မာ့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ပဋိပက္ခများအကြောင်း အတွင်းကျကျ ဖော်ပြနိုင်မှုအရှိဆုံး စာအုပ်တစ်အုပ်အဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။ ဆွီဒင် ဂျာနယ်လစ် လင့်တ်နာသည် အရှေ့တောင်အာရှနှင့် ဒေသနိုင်ငံရေးနှင့်ပတ်သက်သော စာအုပ်များကိုလည်း ရေးသားနိုင်ခဲ့သည်။ ယခုအခါ ဘင်္ဂါလီဒုက္ခသည် အကျပ်အတည်းနှင့် ယင်းပြဿနာက အိန္ဒိယနှင့် ဒေသတွင်းနိုင်ငံများအပေါ်ဂယက်ရိုက်နိုင်ပုံအကြောင်း အိန္ဒိယအခြေစိုက် သတင်းဝက်ဘ်ဆိုက် Scroll.in က တွေ့ဆုံမေးမြန်းထားခြင်း ဖြစ်ပါသည်။

(ရိုဟင်ဂျာဟူသော အသုံးအနှုန်းအချို့ကို ဘင်္ဂါလီဟု ပြောင်းလဲဖော်ပြထားသော်လည်း အဆိုပါ ဝေါဟာရကို နိုင်ငံရေးအရ အသုံးချပုံအကြောင်း၊ ဖန်တီးယူခဲ့ပုံအကြောင်း သုံးသပ်ဖြေဆိုချက်များတွင်မူ နားလည်ရ လွယ်ကူစေရန်အလို့ငှာ မူလအတိုင်း ထားရှိပါသည်။)

မေး : မြန်မာ့အရေး ကာလရှည် လေ့လာခဲ့သူ တစ်ယောက်အနေနဲ့ လက်ရှိအကျပ်အတည်းနဲ့ ပတ်သက်လို့ ဘယ်လိုမြင်ပါသလဲ။
ဖြေ : အင်း၊ ဒါက ပြဿနာအသစ်တော့ မဟုတ်ပါဘူး။ အခြေခံကျကျပြောရရင် ဒီကိစ္စမှာ မေးခွန်းထုတ်စရာ နှစ်ခုရှိပါတယ်။ ပထမတစ်ခုက တရားမဝင် ရွှေ့ပြောင်းအခြေချမှု၊ ဒါက တကယ်ပဲဖြစ်ဖြစ် စိတ်ထင်တာပဲဖြစ်ဖြစ်ပေါ့။ နောက်တစ်ခုကကျတော့ အစ္စလာမစ် စစ်သွေးကြွမှု။ ဩဂုတ် ၂၅ မှာ သူတို့ကိုယ် သူတို့ အင်္ဂလိပ်လိုဆိုရင် Arakan Rohingya Savation Army လို့ ခေါ်တဲ့ အဖွဲ့က ရခိုင်ပြည်နယ်က ရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့သည်။ ဒါကြောင့် မြန်မာစစ်ဘက်က အင်နဲ့အားနဲ့ တုံ့ပြန်လာခဲ့တာပဲ။ အဲဒီနောက်ပိုင်း ဘင်္ဂါလီ ၆၀ဝ,ဝ၀ဝ ကျော်လောက် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့တယ်ပေါ့။

လူသားချင်းစာနာမှု ရှုထောင့်ကတော့ ဒီနေရာမှာ အရမ်းအရေးကြီးပါတယ်။ မြန်မာစစ်ဘက်ရဲ့ အားကောင်းလှတဲ့ ရက်စက်မှုကို လူတွေခံရတယ်ပေါ့။  ဒါပေမဲ့ ဒီကိစ္စ ဒီနေရာမှာတင် မပြီးပါဘူး။ စစ်ဘက်က နှိမ်နင်းမှုတွေလုပ်လာပြီးတဲ့နောက် ARSA ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ယောက်က အင်တာဗျူးတစ်ခုမှာ  သူတို့ရဲ့တိုက်ခိုက်မှုတွေဟာ ဒီလို တုံ့ပြန်မှုတစ်ခု ဖြစ်လာအောင် ရည်ရွယ်ခဲ့တာလို့ အမှန်တကယ် ထည့်ပြောသွားခဲ့တာ ရှိပါတယ်။ 

သူတို့ဒီကနေ ဘာရမလဲ။ ပထမအချက်၊ နိုင်ငံတကာ အာရုံစိုက်မှု။ ဒုတိယတစ်ချက်က အနောက်အာရှ၊ အဓိကတော့ ဆော်ဒီအာရေဗျနဲ့ ယူအေအီးက ထောက်ပံ့ပေးသူတွေဆီက ပိုက်ဆံပိုရဖို့။ ပြီးတော့ နံပါတ်သုံး၊ ဒေါသထွက်နေတဲ့ လူငယ်တွေ ပိုများလာပြီး သူတို့နဲ့လာပူးပေါင်းစေဖို့။ သူတို့ မျှော်လင့်ထားတာထက် နည်းနည်းပိုရကောင်းလည်း ရသွားမှာပေါ့။

စစ်ဘက်က ဒီလောက် ရက်ရက်စက်စက် တုံ့ပြန်မယ်လို့ သူတို့ ထင်မထားခဲ့တာလည်း ဖြစ်နိုင်တယ်လေ၊ ဒါပေမဲ့ သူတို့ရည်ရွယ်ချက် သုံးခုစလုံး အောင်မြင်ခဲ့တယ်လို့တော့ ကျွန်တော် ပြောနိုင်ပါတယ်။ ပြီးတော့ အတိဒုက္ခ ရောက်ရတာကတော့ သာမန်ပြည်သူတွေပဲလေ၊ ရခိုင်ပြည်နယ် အနောက်မြောက်ဖျားက ဆင်းရဲတဲ့ မွတ်ဆလင် လယ်သမားတွေပေါ့။ အခုဆိုရင် သူတို့တွေက ပိုကျယ်ပြန့်တဲ့ ကစားပွဲထဲက နယ်ရုပ်ကလေးတွေ ဖြစ်လာကြပြီလေ။

မေး : ဒါပေမဲ့ မြန်မာနိုင်ငံက ဘင်္ဂါလီတွေဟာ နှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရတယ်လို့ ယူဆစရာ လုံလောက်တဲ့ သက်သေတွေ ရှိနေပုံရပါတယ်။ မြန်မာပြည်က ဘင်္ဂါလီတွေကို တိုင်းရင်းသား မျိုးနွယ်စုတစ်ခုအဖြစ်တောင် အသိအမှတ် မပြုကြဘူး။ တိုင်းပြည်ထဲမှာ နှစ်ပေါင်းများစွာ နေခဲ့တဲ့ အသိုင်းအဝိုင်းတစ်ခုရဲ့ တရားဝင်မှုကို ပယ်ဖျက်ဖို့ ရည်ရွယ်ချက်ရှိရှိ ကြိုးစားမှု တစ်ခုမဟုတ်ဘူးလား။
ဖြေ : ဟုတ်လည်း ဟုတ်တယ်၊ ဟုတ်လည်း မဟုတ်ဘူးလို့ ပြောရမှာပါ။ ဒီမှာနှစ်ပေါင်းများစွာ နေလာတဲ့ မွတ်ဆလင်တွေ ရှိပါတယ်။ ဒါ သေချာပါတယ်။ အဲဒီနေရာရဲ့ သဘောသဘာဝကို ကြည့်မယ်ဆိုရင် အိန္ဒိယတိုက်ငယ်ရဲ့အဆုံး၊ အရှေ့တောင်အာရှ ဒေသစတင်တဲ့ နေရာဆိုတာ တွေ့နိုင်ပါတယ်။ အခု မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အကြား နယ်စပ်ဖြစ်တဲ့ နတ်မြစ်ရှိတယ်။ ရာစုနှစ်ပေါင်းများစွာ မွတ်ဆလင်တွေနဲ့  ဗုဒ္ဓဘာသာတွေ မြစ်ရဲ့နှစ်ဖက်စလုံးမှာ နေခဲ့ကြတယ်။ ဘာမှ လွဲမှားစရာမရှိပါဘူး။ ပြီးတော့ ရခိုင်ပြည်နယ် အနောက်မြောက်ထောင့်မှာ မွတ်ဆလင်တွေ ဟိုးအရင်ကတည်းက နေခဲ့ကြတယ်။ ဒါလည်း မေးခွန်းထုတ်စရာ မရှိပါဘူး။

အဲဒီနောက် ဗြိတိသျှခေတ်မှာ မွတ်ဆလင် အလုပ်သမားတွေအများကြီး အဲဒီနေရာကို မြစ်ရဲ့ အခြားတစ်ဖက်ကနေ ခေါ်သွင်းလာခဲ့တယ်။ ဒါပေမဲ့ သူတို့ကို ရိုဟင်ဂျာလို့ မခေါ်ခဲ့ဘူး။ သူတို့ကို စစ်တကောင်းသား (Chittagonians) လို့ ခေါ်ခဲ့ကြတယ်။ ၁၇၉၉  ခုနှစ်က ဖရန်စစ်ဘူချာနန်-ဟာမီလ်တန်ရဲ့ စာရွက်စာတမ်းတစ်ခုမှာ အဲဒီ (ရိုဟင်ဂျာ) ဆိုတဲ့ စကားလုံးကို သုံးထားတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ အဲဒီတစ်ခုပဲရှိတာပါ။

ဟာမီလ်တန်ကို အရှေ့အိန္ဒိယကုမ္ပဏီရဲ့ကော်မတီက မြန်မာနိုင်ငံကို မစ်ရှင်တစ်ခုနဲ့ လွှတ်ခဲ့တာပါ။ ဒါပေမဲ့ ဒီလူဟာ တစ်ခါမှ ရခိုင်ပြည်နယ်ကို မသွားခဲ့ဘူး။ ဒီကနေ့ခေတ် မန္တလေးနားက  အင်းဝနဲ့ အမရပူရကိုပဲ သွားခဲ့တာ။ အဲဒီမှာ အာရကန် (ရခိုင်ကို ယခင် အခေါ်) က လူတွေနဲ့တွေ့တယ်၊ အဲဒီလူတွေက သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ခေါ်တယ်လို့ သူကရေးခဲ့တာ။  အဲဒါလည်းပြီးရော နောင်နှစ်ပေါင်း ၁၅၀ နီးပါး ဒီစကားလုံးကို ရည်ညွှန်းသုံးစွဲတာ မရှိတော့ပြန်ဘူး။

ဒါပေမဲ့ ဒီစကားလုံးကို သုံးတာ မှားတယ်လို့ ပြောတာတော့ မဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်းက ဘင်္ဂါလီစကားကို စစ်တကောင်းလေသံနဲ့ပြောတဲ့ မွတ်ဆလင်တွေအတွက် သီးခြားဝိသေသလက္ခဏာ ရှိသလားဆိုတဲ့ မေးခွန်းကတော့ အယူအဆသစ်ပဲ။ ခင်ဗျားသိထားရမှာက ရခိုင်ပြည်နယ်က တချို့တွေ အပါအဝင် မွတ်ဆလင် အားလုံးက သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ပြောနေတာမဟုတ်ဘူး။ ဒီလူတွေကလည်း ဒီမှာ ဟိုအရင်ကတည်းက နေခဲ့ကြတာ။ ဒါပေမဲ့လည်း ဒီ အသုံးအနှုန်း ဝိသေသကိုတော့ အစွန်းရောက်အုပ်စုတွေက နိုင်ငံရေး အကျိုးကျေးဇူးအတွက် သုံးနေကြတာ။ မကြာသေးခင်ကမှ ကိုယ့်ကိုယ်ကိုယ် ရိုဟင်ဂျာလို့ ပြောနေတဲ့ လူတွေအများကြီးရှိလာတာတွေ့ရပါတယ်။

မေး : မကြာသေးမီကဆိုတာ ဘယ်တုန်းကလဲ။
ဖြေ : သူတို့ထဲက တချို့တွေအတွက်တော့  နှစ်အတန်ကြာကပေါ့။ တကယ်တမ်း ပြောရရင် ၁၉၉၀ ပြည့်လွန်နှစ်တွေမှာမှ ဒီအသုံးအနှုန်းက ရေပန်းစားလာတာပါ။

မေး : ဒါပေမဲ့ ၁၉၅၀ ပြည့်လွန်နှစ်တွေမှာ မြန်မာအစိုးရက ရိုဟင်ဂျာဆိုတဲ့ ဝေါဟာရကို သုံးခဲ့တယ်နော်။ 
ဖြေ : ဟုတ်ပါတယ်၊ သုံးခဲ့တာရှိပါတယ်။ ဒါပေမဲ့ သိထားရမှာက သူတို့အားလုံး ဒီဝေါဟာကို  ကျေကျေနပ်နပ် လက်ခံခဲ့ကြတာမဟုတ်ပါဘူး။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးတဲ့နောက် ရခိုင်ပြည်နယ် အနောက်မြောက်ထောင့်မှာ မွတ်ဆလင် သူပုန်ထမှု တစ်ခုရှိခဲ့ပါတယ်။ အဲဒီအချိန်မှာတောင် သူပုန်တွေက သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ မခေါ်ပါဘူး။ မူဂျာဟစ်တွေလို့ ခေါ်ပါတယ်။ သူတို့တွေက အရှေ့ပါကစ္စတန် (ယနေ့ခေတ် ဘင်္ဂလားဒေ့ရှ်) နဲ့ ပူးပေါင်းချင်ကြတယ်။ အဲဒီသူပုန်ထမှုဟာ နောက်ပိုင်းတော့ အားလျော့ပျက်ပြယ်သွားပါတယ်။

အဲဒီနောက် ၁၉၅၀ ပြည့်လွန်နှစ်တွေထဲမှာ  အဲဒီလူတွေထဲက တချို့တွေက သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ စသုံးလာတာရှိပါတယ်၊ ဒါပေမဲ့ လူတိုင်းမဟုတ်ပါဘူး။ ဒီအပေါ်မှာ ခွဲထွက်ရေး အရောင်ဆိုးမှု ရှိတယ်လို့ ယူဆရပါတယ်။ ရိုဟင်ဂျာအသုံးအနှုန်း လိုလားတဲ့ စာပေအရေးအသားတွေကိုကြည့်ရင် သူတို့ပြောတာက ၁၉၅၀ ပြည့်လွန်နှစ်တွေတုန်းက (မြန်မာ) အစိုးရထဲမှာ ရိုဟင်ဂျာဝန်ကြီးတွေ ရှိခဲ့တယ်လို့ ရေးတာတွေ့ရမှာပါ။ ဒါမမှန်ပါဘူး။ အဲဒီနေရာက  တစ်ယောက်တော့ အမှန်ရှိခဲ့ပါတယ်။ ဆူလ်တန် မာမွတ်ပါ။ သူက မွတ်ဆလင်ပါ။ ဒါပေမဲ့ သူ့ကိုယ်သူ  ရိုဟင်ဂျာလို့ မခေါ်ခဲ့ပါဘူး။ ရခိုင်မွတ်ဆလင်လို့ သူ့ကိုယ်သူ ခေါ်တာတော့ရှိပါတယ်။ ပြီးတော့ အဲဒီတုန်းက ဝန်ကြီးချုပ်ဦးနုကလည်း မွတ်ဆလင်မဲတွေ လိုချင်ပါတယ်။ ဒါဟာ ဒီဝေါဟာရကို အားပေးအားမြှောက်လုပ်ခဲ့တဲ့ အကြောင်းပြချက်တွေထဲက တစ်ခုပါ။

မေး : ၁၉၅၀ ပြည့်လွန်နှစ်တွေတုန်းက အခြေအနေက ဘယ်လိုပဲဖြစ်ဖြစ် အခုအခါမှာ ရခိုင်ပြည်နယ်က မွတ်ဆလင်အများစုက ကိုယ့်ကိုယ်ကိုယ် ရိုဟင်ဂျာလို့ ခေါ်နေကြပြီး ညှဉ်းပန်းနှိပ်စက်ခံနေရတယ် မဟုတ်လား။ အဲဒါကို ခင်ဗျား ဘယ်လိုရှင်းပြမလဲ။
ဖြေ : ပထမဆုံးအနေနဲ့ မြန်မာပြည်မှာ မွတ်ဆလင်လူဦးရေ အများအပြားရှိတယ်ဆိုတဲ့ အချက်ကို ခင်ဗျား သိဖို့လိုပါတယ်။ မွတ်ဆလင်အများစုက မြို့ပြဧရိယာမှာ နေတာပါ။ စီးပွားရေးလုပ်ငန်းတွေ ပိုင်တယ်၊ မြန်မာနာမည်ရှိတယ်၊ မြန်မာလိုပြောတယ်၊ မြန်မာနိုင်ငံသားတွေ ဖြစ်ကြပါတယ်။ ၁၉၄၀ ပြည့်လွန်နှစ်တွေက ဦးရာဇတ်ဆိုတာ မွတ်ဆလင်ခေါင်းဆောင်၊ ဗိုလ်ချုပ်အောင်ဆန်းတို့နဲ့အတူ လုပ်ကြံခံခဲ့ရပြီး အာဇာနည်အဖြစ် အသိအမှတ်ပြုခံခဲ့ရပါတယ်။ နောက်ထပ် ဦးဆောင် ဗမာမွတ်ဆလင် ပြောပါဆိုရင်  ဦးရာရှစ်၊ သူကကျတော့ အလာဟာဘတ်မှာ မွေးတာ။ သူဟာ ၁၉၃၀ ပြည့်လွန်နှစ်တွေက အင်မတန် လေးစားခံရတဲ့ ကျောင်းသားခေါင်းဆောင် တစ်ယောက်ပါ။ ပြီးတော့ ယူပီအိုင် ဦးဖေသန်း၊ ပင်လုံစာချုပ်ရဲ့ ဦးဆောင် ဗိသုကာတစ်ဦး။

ဒါကြောင့် ဒီဟာက မွတ်ဆလင်နဲ့ဗုဒ္ဓဘာသာ ဖြစ်တဲ့ ကိစ္စမဟုတ်ဘူး။ ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟု သုံး) ဆိုတာကျတော့ မတူတော့ဘူး။ သူတို့က မြန်မာစကားမပြောဘူး။ သူတို့က ဘင်္ဂလားဒေ့ရှ် နယ်ခြား တစ်ဖက်ခြမ်းမှာပြောတဲ့ ဘင်္ဂါလီစကားကို  စစ်တကောင်းလေသံနဲ့ ပြောတယ်။ ဒါကြောင့် မြန်မာပြည်သူအများစုက သူတို့ကို တရားမဝင်လို့ မြင်ကြတာ။ ဒါက မျှတော့မမျှတပါဘူး။ ဘာလို့လဲဆိုတော့ အများစုဟာ ရခိုင်ပြည်နယ်မှာ တကယ်ကို နှစ်ပေါင်းများစွာ နေခဲ့ကြတာမို့ပါ။  

မေး : ခင်ဗျားရေးခဲ့တဲ့ ဆောင်းပါးမှာ ARSA ခေါင်းဆောင်တွေနဲ့ အစွန်းရောက် အုပ်စုတွေအကြား ချိတ်ဆက်ရှိမှုက ပိုမိုကျယ်ပြန့်တဲ့ ဒေသတွင်း အရေးအဖြစ် ဦးတည်သွားစေနိုင်တယ်လို့ ရေးခဲ့တယ်နော်။  ဘာလို့ အဲဒီလို ပြောနိုင်ရတာလဲ။
ဖြေ : နာမည်ကိုယ်၌က အဖြေပဲ။ သူတို့စကားနဲ့ဆိုရင် သူတို့ကိုယ်သူတို့ ဟာရကာအယ်လ်ယာကင်လို့ ခေါ်တာ။ ဘာသာပြန်လိုက်ရင် “(ဘာသာရေး) ယုံကြည်ချက် လှုပ်ရှားမှု” လို့ အဓိပ္ပာယ်ရတယ်။ လူမျိုးရေးအခြေပြု အမျိုးသားရေးအဖွဲ့တစ်ဖွဲ့က သူတို့ကိုယ်သူတို့ ဘာသာရေးယုံကြည်ချက် လှုပ်ရှားမှုလို့ မခေါ်ဘူး။ ပြီးတော့ ဒီအုပ်စုရဲ့ ခေါင်းဆောင်  အတူလာအဘူအမ်မာဂျုန်ဂျုန်နီဆိုတာ ရခိုင်က မဟုတ်ဘူး။ ကရာချိ (ပါကစ္စတန်) မှာ မွေးတာ။ နောက်ပိုင်း ဆော်ဒီမှာနေပြီး အီမန်ရှင် တစ်ယောက် ဖြစ်လာတာ။ ၂၀၁၂ ဝန်းကျင်မှာမှ ဒီကိစ္စကို သူစစိတ်ဝင်စားခဲ့တာ။ သူ့မိဘတွေက ရခိုင်ကဆိုတာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သူကတော့ မဟုတ်တာ သေချာတယ်။

မေး : ဒါကြောင့် သူက သူ့ဘိုးဘေး အစဉ်အဆက်ကို ဒီဒေသနဲ့ ဆက်စပ်တာမဟုတ်လား။
ဖြေ : ဟုတ်ပါတယ်။ သေချာတာပေါ့။ ကျွန်တော်သူ့ တိပ်ခွေတချို့ နားထောင်ဖူးပါတယ်။ သူဟာ ရခိုင်ပြည်နယ်ထဲက နေရာတစ်ခုရဲ့နာမည်တောင် အသံထွက်မှန်အောင် မပေါင်းနိုင်ပါဘူး။  ဘင်္ဂါလီစကားကို စစ်တကောင်းလေနဲ့ အူရဒူစကားလုံးတွေ ညှပ်ညှပ်ပြီးပြောပါတယ်။ ဒီအဖွဲ့အစည်းထဲက  သူနဲ့နီးစပ်တဲ့အဖွဲ့ဝင် အများစုကလည်း ကရာချိ ဒါမှမဟုတ် ဘင်္ဂလားဒေ့ရှ်က  လူတွေပါ။ 

ဇေဝင်းနောင်
(ဆက်လက်ဖော်ပြပါမည်)

  • VIA