News

POST TYPE

POPULAR POST

ညစ်ညမ်းဗီဒီယိုဖိုင် လွှင့်တင်ခဲ့သူကို ဆက်သွယ်ရေး ပုဒ်မဖြင့် အမှုဖွင့်
02-Dec-2017

ရန်ကုန်၊ ဒီဇင်ဘာ ၂ 

ပုဂ္ဂလိကဘဏ်ဝန်ထမ်း အမျိုးသမီးတစ်ဦး၏ ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းစေရန် ရည်ရွယ်၍ ညစ်ညမ်း ဗီဒီယိုဖိုင်တစ်ခုကို လူမှုကွန်ရက်စာမျက်နှာပေါ်တွင် တင်ခဲ့သူအား စုံစမ်းဖော်ထုတ် အရေးယူပေးရန် ဒီဇင်ဘာလ ၁ ရက်နေ့က လှိုင်မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားလိုက်သည်။

အသက် ၂၇ နှစ်အရွယ် ပုဂ္ဂလိက ဘဏ်ဝန်ထမ်း အမျိုးသမီးတစ်ဦး၏ အမည်ကို တပ်ထားသော ညစ်ညမ်းဗီဒီယိုကို အတူတူ လုပ်ကိုင်နေသူ အမျိုးသမီးတစ်ဦးက ယင်းဗီဒီယိုဖိုင်ကို တွေ့ရှိကာ ဖုန်းဆက် အကြောင်းကြားပြီး ကူးယူပြသဖြင့် ကြည့်ရှုစစ်ဆေးရာ “---ဌာနမှ ---- ဆိုတဲ့ စော်လေး”ဟု ခေါင်းစဉ်တပ် အမည်ပေးထားသည်ကို တွေ့ရှိရကြောင်း၊ ယင်းဗီဒီယိုဖိုင်ထဲတွင် ၎င်းမဟုတ်ဘဲ အခြားအမျိုးသမီး တစ်ဦးနှင့်  အမျိုးသားတစ်ဦးတို့ ဖြစ်နေသည်ကို တွေ့ရှိရကြောင်း အမှုဖွင့် တိုင်တန်းချက်အရ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

“ဘဏ်မှာ အလုပ်လုပ်တဲ့ ကောင်မလေးက လှိုင်မြို့နယ်မှာ နေတာ၊ အဲဒါကြောင့် ဒီရဲစခန်းမှာ အမှုဖွင့်တာပါ၊ သူ့ရဲ့နာမည်ကို ခေါင်းစဉ်တပ်ပြီး တခြားစုံတွဲတစ်တွဲ ဗီဒီယိုဖိုင်ကို တင်ခဲ့တာလို့ သိရတယ်၊ တင်တဲ့အကောင့်ကလည်း ညစ်ညမ်းအကောင့်မှာ တင်တာ၊ တင်တဲ့ဗီဒီယိုဖိုင်က ညစ်ညမ်းဖိုင်တစ်ခုပါပဲ၊ လွှင့်တဲ့သူ ဘယ်သူဘယ်ဝါလဲဆိုတာ သိရအောင် စုံစမ်းရှာဖွေနေတုန်းပါ”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

နာမည်နှင့် ဌာနအမည်ကိုတပ်၍ မဟုတ်မမှန် လုပ်ကြံပြီး အင်တာနက် ညစ်ညမ်း အကောင့်ပေါ်တွင် လွှင့်တင်သူကို ဥပဒေအရ စုံစမ်း ဖော်ထုတ် အရေးယူပေးပါရန် တိုင်ကြားခဲ့သဖြင့် လှိုင်မြို့မ ရဲစခန်းက (ပ) ၁၁၈၈/ ၁၇၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

J-16

  • VIA