News

POST TYPE

POPULAR POST

ဘောင်းဘီ၊ စကပ် ချွတ်စေကာ အပြစ်ပေးသည့် ဆရာမကို စစ်ဆေး
23-Sep-2017 tagged as ပဲခူး ဆရာမ

တောင်ငူ၊ စက်တင်ဘာ၂၃

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် စစ်တောင်းမြစ်ကမ်းပါရှိ ကူးတို့ဆိပ်ကျေးရွာ မူလတန်းလွန်ကျောင်းတွင် စက်တင်ဘာ ၂၂ ရက်က စာမရသည့် ဒုတိယတန်းကျောင်းသူ၊ ကျောင်းသားအချို့ကို စကပ်၊ ဘောင်းဘီချွတ်စေပြီး အပြစ်ပေးခဲ့သည့် မူလတန်းပြဆရာမ ဒေါ်သန္တာဆွေကို စုံခုံစစ်ဆေးနေကြောင်း ရေတာရှည်မြို့နယ် ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဖြစ်တဲ့ နေ့တွင်းချင်းမှာပဲ မြို့နယ်ပညာရေးမှူးရုံးကို ရွှေ့ပြောင်းလိုက်ပါတယ်။ ဒီနေ့ (စက်တင်ဘာ ၂၃ ရက်) မှာ ခရိုင်ပညာရေးမှူးရယ်၊ မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတွေရယ် ကျောင်းအုပ်ကြီးအဆင့် ရှိသူတွေရယ် စုံခုံဖွဲ့ စစ်ဆေးနေပြီး တိုင်းပညာရေးမှူးရုံးကို အစီရင်ခံစာပေးပို့ ရပါမယ်။ အဲဒီတော့မှ ဘယ်လောက်ထိ အရေးယူ ဆောင်ရွက်မယ်ဆိုတာ သိရပါမယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။

ရေတာရှည်မြို့နယ် ကူးတို့ဆိပ်ကျေးရွာ မူလတန်းလွန်ကျောင်းမှ တာဝန်ကျဆရာမ ဒေါ်သန္တာဆွေသည် လပတ်စာမေးပွဲ နီးကပ်နေချိန် စာမရသည့် ဒုတိယတန်းကျောင်းသူ၊ ကျောင်းသား ၅ ဦးခန့်ကို အတန်းရှေ့ ထွက်ခိုင်းကာ စကပ်၊ဘောင်းဘီများ ချွတ်ခိုင်း၍ အပြစ်ပေးပုံများ လူမှုကွန်ရက်တွင် ပြန့်နှံ့နေသည်။

“ကော်မတီ တာဝန်ရှိသူတွေ သွားရောက်စစ်ဆေး မေးမြန်းတဲ့အခါမှာ အမှန်တကယ်ပဲ သူလုပ်ခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ ကျွန်တော်တို့ ကော်မတီကတော့ လုပ်ထုံးလုပ်နည်းအတိုင်းပဲ အရေးယူ ဆောင်ရွက်ပါလို့ မှာကြားခဲ့ပါတယ်” ဟု ပဲခူးတိုင်းဒေသကြီး လွှတ်တော် ပညာရေးနှင့် ကျန်းမာရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းကဲ့သို့ ကျောင်းသူ၊ ကျောင်းသားများကို အပြစ်ပေး အရေးယူခဲ့ရခြင်းမှာ လပတ်စာမေးပွဲ နီးကပ်နေချိန် စာမရခြင်းကြောင့် ဖြစ်ပြီး အဆိုပါဒေသတွင် ဒုတိယတန်းကျောင်းသူ ကျောင်းသား မဆိုထားနှင့် အလယ်တန်းကျောင်းသား အချို့ပင် ရေချိုးပါက ဘောင်းဘီ၊ စကပ် ဝတ်ဆင်ကြခြင်း မရှိသဖြင့် ကလေးငယ်များဟုသာ ယူဆပြီး ယခုကဲ့သို့ အပြစ်ပေး အရေးယူမိခြင်း ဖြစ်သည်ဟု ဆရာမ ထွက်ဆိုချက်ကို ကိုးကားပြီး စစ်ဆေးနေသူတစ်ဦးက ပြောဆိုသည်။

(ပုံစာ - တိုင်းဒေသကြီး ပညာရေးနှင့် ကျန်းမာရေးကော်မတီ တာဝန်ရှိသူ ဒေါက်တာကျော်ကျော်က ရေတာရှည်မြို့နယ် ပညာရေးမှူးရုံးတွင် ယနေ့ (စက်တင်ဘာလ ၂၃ ရက်) နံနက်က ပညာရေးမှူးနှင့် ဒေါ်သန္တာဆွေတို့ကို သွားရောက်တွေ့ဆုံမေးမြန်းနေစဉ်။)

R-15
ဓာတ်ပုံ - မြမင်း