News

POST TYPE

POPULAR POST

အသက် ၇ နှစ် အရွယ် ကျောင်းသူတစ်ဦး အသတ်ခံရ
21-Jul-2017
မအူပင်၊ ဇူလိုင် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊မအူပင်မြို့နယ်၊ ဘီးလင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ အသက် ၇ နှစ်အရွယ် နှစ်တန်း ကျောင်းသူတစ်ဦး ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၉ နာရီကျော် အချိန်က အသတ်ခံခဲ့ရကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

သေဆုံးသူ မချူးမြတ်နွယ် အသက် ၇ နှစ်သည် ယင်းနေ့ နံနက်ပိုင်းက မောင်ဝမ်းကွဲဖြစ်သူနှင့်အတူ ကျောင်းသို့ ရောက်ရှိလာပြီးနောက် ကျောင်းပြင်ပသို့ မုန့်ဝယ်ရန် ထွက်သွားကြောင်း၊ ပေ ၄၀၀ ကျော်ခန့် ဝေးသော လူမနေသည့် ခြံ၏ အနောက်ဘက် လယ်ကွင်းစပ်တွင် မှောက်လျက် အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရခြင်း ဖြစ်ကြောင်း၊ လည်ပင်းညိုမဲ ပွန်းပဲ့ဒါဏ်ရာ ရရှိပြီး ပြင်ပဒါဏ်ရာ မတွေ့ရှိကြောင်း၊ ရွံ့နွံအတွင်း ခေါင်းနစ်မြုပ်ခံရ၍ အသက်ရှုကြပ် သေဆုံးဟန်ရှိကြောင်း တာဝန်ကျ ရဲအရာရှိက ပြောဆိုသည်။

“ဖခင်ဖြစ်သူက ကလေးကို နားကွင်းဆင်ပေးထားတယ် ပြောတယ်။ ဒါပေမဲ့ ကလေးမှာ နားကွင်းမရှိတာ တွေ့ရတယ် ကလေးက ကျောင်းဝတ်စုံနဲ့ သေဆုံးနေတာ တွေ့ရတယ်၊ အလောင်းဘေးနားမှာ အအေးပုလင်း (အဆီပုလင်း) အခွံနဲ့ ထည့်ထားတဲ့ အရက်ပုလင်းလည်း တွေ့ရတယ်” ဟု ၎င်းက ရှင်းပြသည်။

ကျောင်းများတွင် ငယ်ရွယ်သော ကလေးများအား တန်ဖိုးရှိ လက်ဝတ်ရတနာများ ဝတ်ဆင်ပေးခြင်း မပြုရန် ကြေညာချက် ထုတ်ပြန်ထားကြောင်း၊ မိဘများအနေဖြင့် မိမိကလေးငယ်များအတွက် အန္တရာယ်ကို ဖိတ်ခေါ်နေသော အခြေအနေကို မလုပ်မိစေရန် သတိထားရ မည်ဖြစ်ပြီး ကျောင်းများအနေဖြင့်လည်း ကျောင်းသား ကျောင်းသူများကို ကျောင်းရောက်ပြီးနောက် ပြင်ပသို့ ပေးထွက်ရန် မသင့်လျော်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဝင် ဦးမြင့်ဌေးက သုံးသပ် အကြံပြုသည်။

ဖခင်ဖြစ်သူ ဦးမျိုးမြင့်၏ တိုင်ကြားချက်အရ မအူပင်မြို့နယ် အတွင်းရှိ ကျွဲဒုန်းနယ်မြေ ရဲစခန်းက ပြစ်မှု အမှတ် (ပ) ၂၁/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ၃၉၄ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူကို ဖမ်းမိနိုင်ရေးနှင့် အမှုမှန် ပေါ်ပေါက်ရေးအတွက် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

R-12