News

POST TYPE

POPULAR POST

ရွှေတိဂုံစေတီသို့ ခုနစ်လအတွင်း ရွှေသင်္ကန်း ၂၀၀၀ ကျပ်သား လှူဒါန်း
21-Jul-2017
ရန်ကုန်၊ ဇူလိုင် ၂၀

ရွှေတိဂုံဘုရားတွင် ယခုနှစ်ဆန်းက ရွှေသင်္ကန်း တစ်ကျပ်သားလျှင် ကျပ်နှစ်သိန်း နှစ်သောင်းခန့် ဈေးနှုန်းတိုးလိုက်သော်လည်း လှူဒါန်းမှု မလျော့ဘဲ ခုနစ်လအတွင်း ရွှေသင်္ကန်း ကျပ်သား ၂၀၀၀ ကျော် အလှူခံ ရရှိကြောင်း ရွှေတိဂုံဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

“အခုက ဝါတွင်းကာလ ရောက်လာတော့ လှူဒါန်းမှုတွေ များလာတယ်။ ဈေးနှုန်းတိုးပေမယ့် လှူဒါန်းတာ မလျော့ပါဘူး။ ရွှေအရည်အသွေး ပြည့်မီအောင် သီးခြားပန်းထိမ်ဖိုတွေမှာ သေချာအပ်ပြီးတော့ ရွှေသင်္ကန်း လုပ်တာပါ” ဟု ရွှေတိဂုံ ဘုရားဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရွှေတိဂုံဘုရားသည် ယုံကြည်ကိုးကွယ်မှုတွင် မြန်မာနိုင်ငံ၏ ပုံရိပ်တစ်ခုဖြစ်ပြီး ရွှေသင်္ကန်းဈေးကို ယခင်က တစ်ကျပ်သားလျှင် ကျပ်ခြောက်သိန်းနှုန်းဖြင့် ပန်းထိမ်ဖိုများတွင် အထူးအပ်နှံ၍ ဂေါပကအဖွဲ့က ရောင်းချပေးခဲ့သော်လည်း ကြည်ညိုမှုအရ လှူဒါန်းသူများက ရွှေဈေးနှုန်း အဆမတန် ကျဆင်းချိန်နှင့် တက်ချိန်များတွင် ဈေးနှုန်းတစ်သမှတ်တည်း ထားရှိမှုကြောင့် ကပ်လှူသည့် ရွှေသင်္ကန်းအပေါ် ယုံမှားသံသယအချို့ ဖြစ်ပေါ်လာသဖြင့် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ ကျပ်ရှစ်သိန်းနှစ်သောင်းနှုန်းသို့ ပြောင်းလဲခဲ့ရခြင်း ဖြစ်ကြောင်း ရွှေတိဂုံဂေါပကအဖွဲ့ထံမှ သိရသည်။

ရွှေတိဂုံဘုရားတွင် ရွှေသင်္ကန်း အမျိုးအစားများကို တစ်ကျပ်သားမှ ရှစ်ကျပ်သားအထိ အဆင့်ဆင့် ဝယ်ယူလှူဒါန်းနိုင်ရန် စီစဉ်ထားပြီး တစ်ကျပ်သားတန် ရွှေသင်္ကန်းလှူဒါန်းမှုသည် ကျပ်သား ၁၀၀၀ ကျော်ဖြင့် အများဆုံးရှိပြီး သုံးကျပ်သား၊ လေးကျပ်သားနှင့် ရှစ်ကျပ်သား ရွှေသင်္ကန်းများသည် ကျပ်သားစုစုပေါင်း ၁၀၀၀ ကျော် ရှိကြောင်း ရွှေတိဂုံဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

“ကြည်ညိုလို့ လှူတာပဲ စေတနာက အဓိကပါ။ ကိုယ်တိုင်က ယုံမှားသံသယစိတ် ဖြစ်နေရင် ဘယ်ကောင်းတော့မလဲ” ဟု ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား (၂) လမ်းမှ လစဉ် ရွှေသင်္ကန်းအလှူရှင် ဒေါ်အေးသက်သက်မာက ဆိုသည်။

ရွှေတိဂုံဘုရားတွင် အလှူခံရရှိထားသော ကျပ်ငွေဘီလီယံ ၆၀ ကျော်နှင့် ဒေါ်လာသန်း ၂၀ ကျော်တို့ကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက တိုက်ရိုက်ကွပ်ကဲ၍ မြန်မာ့စီးပွားရေးဘဏ်တွင် အပ်နှံထားကြောင်း အဆိုပါ ဝန်ကြီးဌာနထံမှ သိရသည်။                          

J – 17