News

POST TYPE

POPULAR POST

လက်ရှိအပြောင်းအရွှေ့ဈေးကွက် အခြေအနေနှင့် မန်ယူအသင်း၏ လှုပ်ရှားမှုများကို နည်းပြမော်ရင်ညိုနှင့် တွေ့ဆုံမေးမြန်းခြင်း
21-Jul-2017
မန်ယူနည်းပြ မော်ရင်ညိုဟာ မန်ယူအသင်းနဲ့အတူ ရာသီကြို ခြေစမ်းပွဲတွေ ယှဉ်ပြိုင်ကစားဖို့ အမေရိကန်ပြည်ထောင်စုဆီကို ရောက်ရှိလို့ နေပါတယ်။ ဒီခရီးစဉ်အတွင်းမှာ သတင်းမီဒီယာတွေရဲ့ မေးခွန်းပေါင်းများစွာကို မော်ရင်ညိုက ဖြေကြားပေးခဲ့ပြီး စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ လက်ရှိအပြောင်းအရွှေ့ ဈေးကွက်အခြေအနေနဲ့ မန်ယူအသင်းရဲ့လှုပ်ရှားမှုတွေကို မော်ရင်ညို ဖြေကြားသွားတဲ့ စကားရပ်တွေပါပဲ။ ဈေးကွက်အခြေအနေက အရမ်းကို ခက်ခဲနေတာကြောင့် သူတောင် ကစားသမားလေးယောက် ခေါ်ယူမယ့် အစီအစဉ်အစား သုံးယောက်လောက်ပဲ ခေါ်တော့မယ်လို့ စိတ်ကူးနေရပြီ ဖြစ်ကြောင်းလည်း မော်ရင်ညိုက ဖွင့်ဟဝန်ခံသွားခဲ့ပါတယ်။ မော်ရင်ညိုရဲ့ ဖြေကြားချက်တွေကို ဖတ်ရှုကြည့်လိုက်ပါဦး။

မေး ။  ။ မန်ယူအတွက် ကစားသမားသစ်တွေ ထပ်ခေါ်ဖို့ ဘယ်လိုအစီအစဉ် ရေးဆွဲထားတယ်ဆိုတာ သိပါရစေ။

ဖြေ ။  ။ ဈေးကွက်အခြေအနေအရ အရမ်းကို ခက်ခဲနေပါတယ်။ အသင်းအတွက် ကစားသမားသစ်လေးဦး ကျွန်တော်ခေါ်ယူဖို့ စီစဉ်ထားခဲ့တာပါ။ ဒါကို အားလုံးလည်း သိနေပြီးသား ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ အဲ့ဒီလိုဖြစ်လာဖို့ မလွယ်တော့ပါဘူး။ လေးယောက်အစား သုံးယောက်လောက်ပဲ ခေါ်နိုင်တော့မယ်လို့ ကျွန်တော် ထင်နေမိပါတယ်။

မေး ။   ။ ဈေးကွက်က ဘာကြောင့်များ ခက်နေတယ်လို့ ယူဆရတာလဲ။ 

ဖြေ ။   ။ ဈေးကွက်အခြေအနေက အသင်းအပေါ် မူတည်ပြီး ပုံစံကွဲနေပါတယ်။ ကျွန်တော်တို့အတွက်က လုံးဝကို တစ်မျိုးတစ်ဖုံ ဖြစ်နေတာပါ။ တစ်ချို့အသင်းတွေက သူ့တို့ကစားသမားအတွက် သူတို့တောင်းသလောက်ဈေးကို ကျွန်တော်တို့ဘက်က ပေးလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ ဒါကြောင့်လည်း ညှိနှှိုင်းမှု အဆင်မပြေတာတွေ ဖြစ်နေတာပါ။ သေချာတာက သူတို့တောင်းသလောက် ကျွန်တော်တို့ဘက်ကပေးမှာ မဟုတ်ပါဘူး။ လေးယောက်ခေါ်ချင်ပေမယ့် အဆင်မပြေရင် သုံးယောက်လောက်ပဲခေါ်ပြီး အသင်းကို ပြင်ဆင်သွားမှာပါ။

မေး ။   ။ မန်ယူအတွက် အမှန်တကယ်ပဲ ကစားသမား လေးယောက်လောက် ခေါ်ယူဖို့ လိုအပ်လို့လား။

ဖြေ ။   ။ ပြဿနာက ကျွန်တော်တို့မှာ ဒဏ်ရာတွေနဲ့ ရုန်းကန်ပြီး ကာလရှည် နားနေရတဲ့ ကစားသမား လေးယောက် ရှိနေပါတယ်။ အီဘရာဟီမိုဗစ်၊ ရိုဂျို၊ လုခ်ရှောနဲ့ အက်ရှ်လေယန်းတို့ပါပဲ (အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သော အီဘရာဟီမိုဗစ်ကိုလည်း မန်ယူကစားသမားအဖြစ် သတ်မှတ်၍ မော်ရင်ညိုက ဖြေကြားသွားခဲ့ခြင်း ဖြစ်သည်)။ သူတို့တွေက ဘောလုံး မကန်နိုင်သေးရုံတင် မကပါဘူး။ အသင်းနဲ့အတူတွဲပြီး လေ့ကျင့်ရေး ဆင်းဖို့တောင် အဆင်မပြေ ဖြစ်နေတာပါ။ သူတို့တွေ ကြံ့ခိုင်မှု အပြည့်အဝ ပြန်ရနိုင်ဖို့ဆိုတာက အရမ်းကို အချိန်ကြာပါလိမ့်ဦးမယ်။ ဥပမာတစ်ခု ပြောရရင် ရိုဂျိုဆို ဒီဇင်ဘာလမတိုင်ခင် ပြန်ကစားနိုင်မယ့် အခြေအနေမျိုး လုံးဝမရှိပါဘူး။ လူတွေက ကျွန်တော့်အသင်းရဲ့ စုဖွဲ့မှုဟာ အရမ်းကို ကောင်းမွန်နေပြီလို့ မှတ်ထင်နေကြပါတယ်။ တကယ်က ဒီအစုအဖွဲ့ဟာ သူတို့ထင်ထားသလောက် မကောင်းသေးပါဘူး။

မေး  ။   ။ ကိုင်လီဝေါ်ကာကို ခေါ်ယူဖို့အတွက် မန်စီးတီးက ပြောင်းရွှေ့ကြေး ပမာဏ ပေါင် ၅၄ သန်းလောက် သုံးလိုက်တာကို မအံ့သြမိဘူးလား။

ဖြေ ။   ။ ဒီပြောင်းရွှေ့ကြေးအတွက် ကျွန်တော် လုံးဝကို မအံ့သြခဲ့ပါဘူး။ ဒါဟာ မှန်သောစကားပါ။ အခုအချိန်မှာ အသင်းတိုင်းလိုလိုက ဓနအင်အား တောင့်တင်းနေကြပါပြီ။ ဒီတော့ တကယ်လိုချင်ရင် တစ်ဖက်က တောင်းဆိုတာကို ဘယ်အသင်းကမှ မငြင်းတော့ပါဘူး။ ဈေးကွက်အခြေအနေကလည်း “ငါတောင်းတဲ့အတိုင်း ပေးရင်ပေး၊ မပေးရင်တော့ ရမှာမဟုတ်ဘူး” ဆိုတဲ့ ပုံစံဖြစ်နေပါတယ်။

မေး ။   ။ ခင်ဗျားလည်း ငွေအလုံးအရင်းသုံးပြီး ကစားသမားတွေ ခေါ်ခဲ့ဖူးတာပဲ။ အခုအခြေအနေနဲ့ ဘာများကွာဟသလဲ။

ဖြေ ။   ။ ကျွန်တော်က ကိုင်လီဝေါ်ကာအတွက် မန်စီးတီးက ပေါင် ၂၅ သန်းလောက်ပဲ သုံးလိမ့်မယ်လို့ ထင်ထားခဲ့တာပါ။ ဒါပေမဲ့ စပါးရော မန်စီးတီးပါ ကိုင်လီဝေါ်ကာက ဒီလောက်တန်တယ် ယူဆလို့ ဒီအပြောင်းအရွှေ့ ဖြစ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။ ဈေးကွက်အခြေအနေကိုက ပေးမလား၊ မပေးဘူးလားဆိုတဲ့ပုံစံ ဖြစ်နေတာပါ။ ကျွန်တော်လည်း တကယ့်ကို ကြီးကျယ်တဲ့ ကစားသမားတွေအတွက် ပြောင်းရွှေ့ကြေး ပမာဏ ကြီးကြီးမားမားတွေ သုံးခဲ့ပါတယ်။ အခုတော့ အားလုံးလိုလိုက ကစားသမားကောင်းတွေအတွက် ပြောင်းရွှေ့ကြေး ကြီးကြီးမားမားတွေ သုံးနေရပါပြီ။ ကျွန်တော်ပြောတာကို သဘောပေါက်ရဲ့လား မသိဘူး။ ကျွန်တော်က ကြီးကျယ်တဲ့ ကစားသမားတွေအတွက် ဒီလိုသုံးခဲ့တာနော်။ ကြီးကျယ်တဲ့ ကစားသမားနဲ့ ကစားသမားကောင်း ဆိုတာ ခြားနားပါတယ်။ အခုအချိန်မှာတော့ သာမန်ကစားသမားတစ်ယောက်ရဲ့ တန်ကြေးကတောင် အရမ်းကို များလွန်းနေတာပါ။

မေး ။   ။ ချယ်လ်ဆီးက ခင်ဗျားလိုချင်တဲ့ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး မိုရာတာကို ခေါ်သွားပြီနော်။ အဲ့ဒီအတွက် မှတ်ချက်စကားလေး ပြောပေးပါဦး။

ဖြေ ။   ။ ချယ်လ်ဆီး ဘာတွေလုပ်နေတယ် ဆိုတာကို ကျွန်တော် စိတ်မဝင်စားပါဘူး။ ဒါအမှန်တကယ် ပြောတာပါ။ တိုက်စစ်မှူးတစ်ယောက် ချယ်လ်ဆီး မဖြစ်မနေ ခေါ်ယူရမယ် ဆိုတာတော့ ကျွန်တော် သိထားပါတယ်။ သူတို့နည်းပြနဲ့ သူတို့ရဲ့ အဓိကတိုက်စစ်မှူးက ဆက်ဆံရေးမှ အဆင်မပြေတော့တာ။

မေး ။   ။ မန်ယူဟာ အမှန်တကယ် ဝယ်ယူချိန်မှာ လုကာကုကို ရွေးချယ်ခဲ့တယ်နော်။ အဲ့ဒီဆုံးဖြတ်ချက်ကို ဘယ်လိုများ ချမှတ်ဖြစ်ခဲ့သလဲ ဆိုတာ ရှင်းပြပေးပါဦး။

ဖြေ ။   ။ ကျွန်တော်တို့မှာ တိုက်စစ်မှူးတစ်ဦး လိုအပ်နေပါတယ်။ အီဘရာဟီမိုဗစ် အကောင်းဆုံးပုံစံမှာ ရှိနေခဲ့မယ် ဆိုရင်တောင်မှ ကျွန်တော်တို့ ထိပ်တန်းအဆင့် တိုက်စစ်မှူးတစ်ဦး မလွဲမသွေ ဝယ်ယူရမှာပါ။ အီဘရာဟီမိုဗစ်နဲ့ ရတ်ရှ်ဖို့ဒ် နှစ်ယောက်တည်းလောက်နဲ့ ကျွန်တော်တို့ အဆင်မပြေပါဘူး။ အီဘရာဟီမိုဗစ် ဒူးဒဏ်ရာရသွားချိန်မှာ ဒီကိစ္စက ပိုပြီး အရေးကြီးသွားတာပေါ့။ လုကာကုက ကြီးကျယ်တဲ့ ကစားသမားတစ်ယောက်ပါ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က သူနဲ့ လအနည်းငယ်လောက် အလုပ်အတူတူ တွဲလုပ်ခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်တုန်းကနဲ့ ပြန်ပြီး နှိုင်းယှဉ်မယ်ဆိုရင် လုကာကုက အရမ်းကို ကွဲပြားခြားနားသွားပါပြီ။ သူ့ရဲ့တိုးတက်မှုက မယုံကြည်နိုင်လောက်အောင်ကို မြန်ဆန်လွန်းခဲ့ပါတယ်။

မေး ။   ။ လုကာကုဟာ အသင်းအတွက် အကောင်းဆုံး ကစားသမားတစ်ဦး ဖြစ်လာလိမ့်မယ်လို့ ခင်ဗျား ယုံကြည်ထားပါသလား။

ဖြေ ။   ။ လုကာကုက ထိပ်တန်းကစားသမားတစ်ယောက်ပါ။ သူဟာ အမြင့်ဆုံးအဆင့်တစ်ခုမှာ ရပ်တည်နေပြီလို့လည်း ကျွန်တော် ယုံကြည်ထားပါတယ်။ အဲ့ဒီစွမ်းဆောင်ရည်တွေကို မန်ယူနဲ့အတူ သူ သက်သေပြရပါလိမ့်မယ်။ အထူးသဖြင့် ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ သူ့ရဲ့ အံ့သြသင့်စရာ ခြေစွမ်းကို ကျွန်တော်တို့ မြင်တွေ့ခွင့် ရကြတော့မှာပါ။

မေး ။   ။ မန်ယူဆီကို နောက်ထပ် ကစားသမားသစ်တွေ ပြောင်းရွှေ့ရောက်ရှိလာဖို့ရော နီးစပ်နေပြီလား။

ဖြေ ။   ။ ကျွန်တော်က ကစားသမားခေါ်ယူမှု ကိစ္စတွေကို ထိန်းချုပ်ကိုင်တွယ်နေတာ မဟုတ်ပါဘူး။ ဒါက အမှုဆောင်အရာရှိချုပ် အက်ဒ်ဝုဒ်ဝါးဒ်ရဲ့အလုပ်ပါ။ ကျွန်တော် သူ့ကို ကျေးဇူးတင်ပါတယ်။ အသင်းအတွက် လုကာကုနဲ့ လင်ဒီလော့ဖ်တို့လို ကစားသမားကောင်း နှစ်ယောက်ကို အရခေါ်ယူပေးခဲ့လို့ပါ။ ဒါပေမဲ့ ကျွန်တော်တို့မှာ လိုအပ်ချက်တွေ ရှိနေဆဲပါပဲ။ တခြားပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းတွေနဲ့ ယှဉ်လိုက်ရင် ကျွန်တော်တို့ အခုထက်ပိုပြီး ကစားသမားတွေ ခေါ်ယူရဦးမယ် ဆိုတာ သိသာပါတယ်။