News

POST TYPE

POPULAR POST

ပဲခူူးတွင် ဥပဒေ ဝန်ထမ်းတစ်ဦး လုယက်ခံရ
21-Jul-2017
တောင်ငူ၊ ဇူလိုင်၂၁

ပဲခူးတွင် ဥပဒေဝန်ထမ်းတစ်ဦး ကျပ် ၈ သိန်းကျော် တန်ဖိုးရှိသည့် ဆွဲကြိုးတစ်ကုံးနှင့် လက်ကောက်တစ်ကွင်း လုယက်ခံခဲ့ရသည်ဟု ပဲခူးမြို့ အမှတ် ၃ နယ်မြေရဲစခန်းမှ စုံစမ်းသိရှိရသည်။

ယင်းသို့ လုယက်ခံရမှုမှာ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ် ဥသာမြို့သစ် ရပ်ကွက်ကြီး ၈ နရဏီသိမ်တော်လမ်းထဲတွင် ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၈ နာရီခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“တရားခံကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။ ဆွဲကြိုးနဲ့ လက်ကောက်ကတော့ လုယက်သူတွေ လက်ထဲပါသွားတယ်” ဟု အမှတ် ၃ နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါနေ့ နံနက် ၈ နာရီခန့်က ဥသာမြို့သစ် ဥပဒေချုပ်ရုံး ဝန်ထမ်းအိမ်ရာနေ အသက် ၄၅ နှစ်အရွယ် ဥပဒေချုပ်ရုံး ဝန်ထမ်းဖြစ်သူ ဒေါ်မြင့်မြင့်ကြည်သည် ဈေးသွားရန်အတွက် နရဏီလမ်းအတိုင်း လမ်းလျှောက်လာစဉ် ဆိုင်ကယ်ဖြင့် အမျိုးသားနှစ်ဦး ရောက်ရှိလာပြီး ဘုန်းတော်ကြီးကျောင်း နေရာကို မေးမြန်းနေချိန်တွင် ယင်းသို့ လုယက်ခဲ့ခြင်း ဖြစ်သည်။

လည်ပင်းမှဆွဲကြိုးကို ဆွဲဖြတ်လုယူပြီး ကျန်တစ်ဦးက ဓါးဦးချွန်တစ်ချောင်းဖြင့် ထိုးသတ်မည် ပြောဆိုသည့်အတွက် ဆွဲကြိုးနှင့် လက်ကောက်ကို ချွတ်ပေးခဲ့သော်လည်း လက်စွပ်ကို အတင်းဖြုတ်ယူရန် ကြိုးပမ်းခဲ့ခြင်းကြောင့် ပတ်ဝန်းကျင်ကို အော်ဟစ်အကူညီ တောင်းခံခဲ့ကြောင်း၊ ၎င်းတို့မှာ ဆိုင်ကယ်မောင်းကာ ထွက်ပြေးလွတ်မြောက်သွားသည်ဟု အမှတ် ၃ နယ်မြေရဲစခန်း၏ ကနဦး စစ်ဆေးချက်အရ စုံစမ်းသိရှိရသည်။

“ဥပဒေဝန်ထမ်း အိမ်ရာကနေ ဟင်းချက်စရာ သွားဝယ်တယ်လို့သိရတယ်။ လက်ရှိပြောတဲ့ပုံစံက လူငယ်လေးတွေ လုသွားတာလို့သိရပြီး အခင်းဖြစ်ပြီးပြီးချင်း အမှုသွားဖွင့်တာပါ” ဟု ဥသာမြို့သစ် ရပ်ကွက်ကြီး ၈ အုပ်ချုပ်ရေးမှူး ဦးကျော်စိုးဦးက ဆိုသည်။

R-15