News

POST TYPE

POPULAR POST

မွန်နှစ်ပါတီ ပေါင်းစည်းနိုင်ရေး ပါတီအချင်းချင်း တွေ့ဆုံရန် ကိုယ်စားလှယ်အဖွဲ့ ရွေးချယ်
21-Jul-2017
မော်လမြိုင်၊ ဇူလိုင် ၂၀

မွန်နိုင်ငံရေးပါတီ ၂ ပါတီဖြစ်သည့် မွန်အမျိုးသားပါတီ MNP နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP တို့ ပေါင်းစည်းရေး အတွက် ပါတီအချင်းချင်းအကြား တွေ့ဆုံဆွေးနွေးနိုင်ရန် ကိုယ်စားလှယ်အဖွဲ့ ရွေးချယ်ထားပြီး ဖြစ်ကြောင်း ယင်းပါတီများထံမှ သိရသည်။

ယင်းအတွက် မွန်အမျိုးသားပါတီက ကိုယ်စားလှယ် ၃ ဦးပါသည့် ကိုယ်စားလှယ် အဖွဲ့ကို ဇူလိုင် ၁၅ ရက်က ကျင်းပခဲ့သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးတွင် တာဝန်ပေးခဲ့သည်ဟု မွန်အမျိုးသားပါတီမှ တွဲဖက်အတွင်းရေးမှူး (၁) နိုင်စိုးမြင့်က ပြောသည်။
“ပါတီအချင်းချင်း တွေ့ဆုံသွားဖို့ပေါ့လေ” ဟု နိုင်စိုးမြင့်က ပြောသည်။

ထို့အတူ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP ဘက်ကလည်း ကိုယ်စားလှယ် ၃ ဦး ရွေးချယ်ထားပြီး ဖြစ်ကြောင်း ပါတီအတွင်းရေးမှူး(၁) နိုင်စံတင်က ပြောသည်။ 

သို့သော် တွေ့ဆုံကြမည့်ရက်ကိုမူ တိတိကျကျ သတ်မှတ်ထားခြင်း မရှိသေးပေ။

မွန်နှစ်ပါတီ ပေါင်းစည်းရေးအတွက် ကြားဝင်ညှိနှိုင်းရန် မွန်သံဃာတော်များနှင့် မွန်ပြည်သူများ ပါဝင်သည့် မွန်နှစ်ပါတီ ပေါင်းစည်းရေးညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ၂၀၁၂ ခုနှစ် ဧပြီလမှ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလထိ တွေ့ဆုံညှိနှိုင်းမှု အကြိမ်ကြိမ် လုပ်ဆောင်လာခဲ့သော်လည်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုရေစီပါတီက အဆိုပါ ညှိနှိုင်းရေးအဖွဲ့တို့ကို လက်မခံသည့်အတွက် နောက်ဆုံးတွင် ညှိနှိုင်းရေးအဖွဲ့တို့က ပါတီပေါင်းစည်းခြင်း ကြိုးပမ်းမှုကို လက်လျှော့လိုက်ကြသည်။

ယင်းနောက်တွင် မွန်အမျိုးသားပါတီ MNP နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP တို့က ပါတီပေါင်းစည်းရေးနှင့် ပတ်သက်ပြီး ပါတီအချင်းချင်းအကြား တွေ့ဆုံဆွေးနွေးခြင်းဖြင့် ကြိုးပမ်းသွားမည်ဟု ထုတ်ပြန်ခဲ့သည်။

မွန်ပြည်နယ်တွင် မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် အမျိုးသမီးပါတီ(မွန်) ဟု မွန်လူမျိုးများကို ကိုယ်စားပြုသည့် မွန်နိုင်ငံရေးပါတီ ၃ ခုရှိသည်။

Dawei Watch