News

POST TYPE

POPULAR POST

ရှုခင်းသာ အင်တာနေရှင်နယ်ကောလိပ် တာဝန်ရှိသူများကို ဇူလိုင် ၂၈ ရက် ရုံးထုတ်မည်
21-Jul-2017
မန္တလေး၊ ဇူလိုင် ၂၀

ဖမ်းဆီးထားသော ရှုခင်းသာ အင်တာနေရှင်နယ်ကောလိပ် တာဝန်ရှိသူများကို ဇူလိုင်လ ၂၈ ရက်နေ့တွင် သာကေတမြို့နယ် တရားရုံး၌ ရုံးထုတ်မည် ဖြစ်ကြောင်း ဖမ်းဆီးခံရသူများ၏ အကျိုးဆောင်ရှေ့နေ အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဒေါ်နန္ဒာမြင့်သိန်းက ပြောကြားသည်။

ရန်ကုန်မြို့ သာကေတမြို့နယ် ရှုခင်းသာ မြို့ပတ်လမ်းရှိ ရှုခင်းသာ အင်တာနေရှင်နယ်ကောလိပ် ဖွင့်လှစ်ထားသူ မန်နေဂျင်းဒါရိုက်တာ ဦးရဲထွန်း (ခ) ဦးမာမာက် အီစမိုင်နှင့် ယင်းကျောင်းဒါရိုက်တာအဖွဲ့ဝင် ငါးဦးတို့ကို ဇူလိုင်လ ၁၃ ရက်က ကိုယ်ပိုင်ကျောင်း ဥပဒေဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ ၁၄ ရက်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

“ဇူလိုင်လ ၁၄ ရက်က အင်းစိန်မြို့နယ် တရားရုံးမှာ ပြောစရာရှိလို့ဆိုပြီး ခေါ်သွားပြီး တရားရုံးကို ရောက်တဲ့အချိန် ချက်ချင်းရမန်ယူမယ်ဆိုပြီး အင်းစိန်ရဲစခန်း အချုပ်ထဲကို ချက်ချင်းထည့်လိုက်တာပါ။ ရမန်ကို နှစ်ပတ်ယူထားတယ်” ဟု ဒေါ်နန္ဒာမြင့်သိန်းက ပြောကြားသည်။

ကျောင်းဖွင့်လှစ်သူ စီမံအုပ်ချုပ်မှု ဒါရိုက်တာ ဦးရဲထွန်း (ခ) ဦးမာမာက် အီစမိုင်၊ ဒါရိုက်တာအဖွဲ့ဝင်များ ဖြစ်သည့် ဒေါက်တာအောင်ကျော်ဆန်း၊ ဦးအောင်ထွန်းနိုင်၊ ဦးအေးထွန်းဝင်း၊ ဦးပြည်စိုးနှင့် ဒေါ်သွဲ့သွဲ့ယဉ်စုတို့ ခြောက်ဦးကို ဖမ်းဆီးထားကာ စီအိုင်ဒီက စစ်ဆေးနေသည်။

ကျောင်းတာဝန်ရှိသူ ခြောက်ဦးကို ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရသူများအတွက် တရားရုံးသို့ အာမခံ လျှောက်ထားခဲ့ရာတွင် အမျိုးသမီးဖြစ်သည့် ဒေါ်သွဲ့သွဲ့ယဉ်စုကို ရမန်တွင်း အာမခံ ပေးထားသော်လည်း အမျိုးသားငါးဦးကို အင်းစိန်ထောင်တွင် ချုပ်နှောင်ထားကြောင်း ၎င်းက ပြောဆိုသည်။

“ကျွန်မတို့ရဲ့ အမှုသည် ပြောပြချက်အရ စီအိုင်ဒီက ဘာပြောလဲဆိုတော့ အင်တာနေရှင်နယ်ကျောင်း ဆိုပေမယ့် မြန်မာစာသင်လို့ အမှုဖွင့်ခံရတယ်လို့ ပြောနေတယ်။ ဒီကျောင်းတွေက မြန်မာစာသင်တယ် ဆိုပေမယ့် အစိုးရက ပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းစာအုပ်တွေအတိုင်း သင်တာမဟုတ်ဘူး။ မြန်မာနိုင်ငံမှာ ဖွင့်ထားတဲ့ကျောင်း အနေနဲ့ပဲ မြန်မာစာကို သင်ကြားတာ ဖြစ်ပါတယ်။ ကိုယ်ပိုင်ကျောင်း ဥပဒေမှာလည်း ဘယ်နေရာမှာမှ မြန်မာစာ မသင်ရဘူးလို့ ကန့်သတ်မထားဘူး” ဟု ဒေါ်နန္ဒာမြင့်သိန်းက ပြောကြားသည်။

အဆိုပါ တရားစွဲခံရမှုကို စွပ်စွဲခံရသူများဘက်က တရားရင်ဆိုင်ရန်အတွက် ရှေ့နေငါးယောက်ကို ရုံးထုတ်သည့်နေ့တွင် ရှေ့နေပါဝါတင်သွားမည် ဖြစ်ကြောင်း အကျိုးဆောင်ရှေ့နေအဖွဲ့ထံမှ သိရှိရသည်။

ရှုခင်းသာ အင်တာနေရှင်နယ်ကျောင်းကို ယခုနှစ် ဧပြီလ ၂၈ ရက်ကလည်း မြို့နယ်ပညာရေးမှူးက တရားလို ပြုလုပ်ကာ အမှုဖွင့်ခဲ့ကြသည်။ အခြားကျောင်းရှိရာ မြို့နယ်များတွင်လည်း မြို့နယ်ပညာရေးမှူးများက ပညာရေး ဝန်ကြီးဌာန၏ ခွင့်ပြုမိန့်အရ အမှုဖွင့်လှစ်ခဲ့သည်။

သို့သော် ဖွင့်ထားသည့်အမှုများကို ဇူလိုင်လ ၁၃ ရက်တွင် ပိတ်သိမ်းခဲ့ကြောင်း ဒေါ်နန္ဒာမြင့်သိန်းက ပြောကြားသည်။

ယင်းသို့ ပိတ်သိမ်းသည့်နေ့တွင်ပင် ကိုယ်ပိုင်ကျောင်းမှတ်ပုံတင် လက်မှတ်မရှိဘဲ ဖွင့်လှစ်ထားကြောင်း သတင်းအရ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေ (ခ) အဝိုင်း ဦးဆောင်သည့်အဖွဲ့က ကျောင်းကို ဝင်ရောက်စစ်ဆေးခဲ့သည်။

ထို့နောက် အဆိုပါ ကျောင်းဖွင့်လှစ်သူ ဦးရဲထွန်း (ခ) ဦးမာမက်အီစမိုင်ဂေါ (အသက် ၄၇ နှစ်)နှင့် တာဝန်ရှိသူများကို ရန်ကုန်တိုင်းပညာရေးမှူး ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေ (ခ) အဝိုင်းက တရားလိုပြုလုပ်ပြီး ကိုယ်ပိုင်ကျောင်း ဥပဒေပုဒ်မ ၃၃ အရ သာကေတ နယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။

ရန်ကုန်တိုင်း ပညာရေးမှူးရုံး တာဝန်ရှိသူ ဒေါ်ခင်မာဆွေက တရားလိုပြုလုပ်ပြီး သာကေတမြို့နယ်၊ မန္တလေးနှင့် ဗဟန်းမြို့နယ်တို့တွင် အမှုဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

ပညာရေး ဝန်ကြီးဌာန ပြဋ္ဌာန်းသည့် သင်ရိုးညွှန်းတမ်းများကို သင်ကြားသည့်ကျောင်း မဟုတ်ဘဲ ဗြိတိန်နိုင်ငံ Cambridge University မှ IGCSE နှင့် ဆွစ်ဇာလန်နိုင်ငံ IB World School မှ IB (International Baccalaureate) သင်ရိုးညွှန်းတမ်းများကိုသာ သင်ကြားနေခြင်း ဖြစ်ကြောင်း အဆိုပါကျောင်းက အသိပေးထားသည်။

ယင်းကျောင်းသည် မူလက Mediterranean International Education Serviceကုမ္ပဏီအဖြစ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတွင် မှတ်ပုံတင်ခဲ့သည်။

သို့သော် လွန်ခဲ့သည့် တစ်နှစ်ခန့်မှ စ၍ မြန်မာနိုင်ငံသားပိုင် Bright Future International Education Service ကုမ္ပဏီအဖြစ် မှတ်ပုံတင်ထားပြီး ယခင်ကုမ္ပဏီမှာ ထိုအချိန်ကတည်းက ဖျက်သိမ်းခဲ့ကြောင်း မန္တလေးရှိ အဆိုပါကျောင်း ဒါရိုက်တာတစ်ဦးဖြစ်သူ ဒေါက်တာအောင်ကျော်ဆန်းက ယခုနှစ် မေလအတွင်းက ပြောကြားထားသည်။      

M – 04