News

POST TYPE

POPULAR POST

လယ်ဝေး NLD ပါတီဝင်တစ်ဦးကို ၆၆(ဃ) ဖြင့် ဖမ်းဆီး
21-Jul-2017
တောင်ငူ၊ ဇူလိုင် ၂၀

နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် ဒလန့်ချွန်ကျေးရွာနေ NLD ပါတီဝင် အမျိုးသားတစ်ဦးကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ခံရပြီး ဇူလိုင်လ ၁၉ ရက် မွန်းလွဲပိုင်းက ဖမ်းဆီးခဲ့ကြောင်း လယ်ဝေးမြို့မ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

ငွေကြေးကိစ္စဖြင့် တရားရင်ဆိုင်နေသော ဒလန့်ချွန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ဌေး လက်ထိတ်ဖြင့် မြို့နယ်တရားရုံးမှ ထွက်လာပုံကို NLD ပါတီဝင် ဦးကျော်မျိုးလွင် (၃၇ နှစ်) က  လူမှုကွန်ရက်မှတစ်ဆင့် ပြန်လည်မျှဝေခဲ့ကြောင်း၊ ယင်းဖြန့်ဝေမှုကို အုပ်ချုပ်ရေးမှူး၏  ဦးလေးတော်သူက ရဲစခန်းတွင် လာရောက်အမှုဖွင့်ခဲ့ကြောင်း လယ်ဝေးမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

“အခုနေ့လယ်ပိုင်းက Facebook ပေါ် စတင်တဲ့ ဒေါ်သက်သက်မော်ကိုလည်း ဖမ်းလိုက်တယ်။ အခုတရားလိုဘက်က တင်တဲ့သူကော ရှဲတဲ့သူကိုရော အမှုဖွင့်တဲ့ သဘောပဲ” ဟု ဖမ်းဆီးခံထားရသူ ဦးကျော်မျိုးလွင်၏ဖခင် ဦးသန်းလွင်က ပြောကြားသည်။ 

ဒလန့်ချွန် ကျေးရွာအုပ်ချုပ်ရေးမှူးက ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်အတွက် ကျေးရွာရန်ပုံငွေ ကျပ်သိန်း ၆၀ ကို အလွဲ သုံးစားပြုသည်ဟုဆိုကာ ဒေသခံ ၄၀ ခန့်က တိုင်ကြားခဲ့သည့်အတွက် လယ်ဝေးတရားရုံးတွင် အမှုရင်ဆိုင်နေရကြောင်း ဒေသခံများထံမှ သိရသည်။