News

POST TYPE

POPULAR POST

အာရှခြေစစ်ပွဲအောင်ရန် ဘရူနိုင်းကို ဂိုးပြတ်အနိုင်ယူမည်ဟု မြန်မာနည်းပြ ပြော
21-Jul-2017
ရန်ကုန်၊ ဇူလိုင် ၂၀

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေသော ယူ-၂၃ အာရှဖလားခြေစစ်ပွဲ အုပ်စု (F) ခြေစစ်ပွဲ အောင်မြင်ရေးအတွက် ဘရူနိုင်းအသင်းကို ဂိုးပြတ်သွင်းကာ အနိုင်ယူမည် ဖြစ်ကြောင်း မြန်မာအသင်း နည်းပြချုပ် ဂတ်ဆီဇီက ကြံးဝါးပြောဆိုသွားသည်။ 

အုပ်စုဒုတိယပွဲစဉ်များအဖြစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် မြန်မာအသင်းသည် ဘရူနိုင်းအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး သြစတြေးလျအသင်း အနေနှင့် စင်ကာပူအသင်းနှင့် ယှဉ်ပြိင်ရမည် ဖြစ်သောကြောင့် ၎င်းက ပြောကြားလိုက်ခြင်း ဖြစ်သည်။ 

“အာရှဘောလုံးအဖွဲ့ချုပ်က အုပ်စုအောက်ဆုံးအသင်းနဲ့ ပွဲရလဒ်တွေ ထည့်မတွက်ဘဲ ကျန်တဲ့ပွဲရလဒ်တွေပဲ တွက်လေ့ရှိတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့အနေနဲ့ ခြေစစ်ပွဲအောင်ဖို့ အခုပွဲမှာ ဂိုးပြတ်အနိုင်ရအောင် ကစားမှာပါ” ဟု ဂတ်ဆီဇီက ပြောကြားသည်။

အာရှယူ-၂၃ ပြိုင်ပွဲအတွက် ခြေစစ်ပွဲများကို အသင်း ၄၀ ယှဉ်ပြိုင်နေခြင်း ဖြစ်ပြီး တစ်အုပ်စုလျှင် လေးသင်းနှုန်းဖြင့် အုပ်စု ၁၀ ခုခွဲ၍ သက်ဆိုင်ရာနိုင်ငံများ၌ ကျင်းပနေခြင်း ဖြစ်သည်။ အဆိုပါ ခြေစစ်ပွဲများမှနေ၍ အုပ်စုပထမရသည့် အသင်းများ အပါအဝင် အကောင်းဆုံး အုပ်စုဒုတိယ ငါးသင်းသာ တရုတ်နိုင်ငံ၌ ၂၀၁၈ ခုနှစ်တွင် ကျင်းပမည့် နောက်ဆုံးအဆင့် ပွဲစဉ်များကို ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်သည်။

မြန်မာအသင်းအနေနှင့် အုပ်စုပထမ နေရာကို မျှော်မှန်းနိုင်သည့် အနေအထား မဟုတ်သောကြောင့် အကောင်းဆုံးအုပ်စု ဒုတိယနေရာမှ အာရှဖလား ကစားခွင့်ရရန် သြစတြေးလျအသင်းကို အဓိကထား ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အနိမ့်ဆုံး သရေရလဒ် ထွက်အောင် ကစားနိုင်ရန် လိုအပ်နေသည့်အပြင် ဘရူနိုင်းအသင်းကိုလည်း ဂိုးပြတ်အနိုင်ရထားရန် လိုအပ်နေသည်။

အာရှဖလား ခြေစစ်ပွဲ အောင်မြင်ရေးအတွက် ကစားသမားများသာမက  နည်းပြများ၏ ဦးဆောင်မှု အရေးကြီးကြောင်း မြန်မာ့ဘောလုံးအသိုင်းအဝိုင်းက သုံးသပ်ထားသည်။

“ဘရူနိုင်းက သြဇီလိုအသင်းကို မိနစ် ၆၀ ကျော်အထိ ဂိုးမပေးရအောင် ခံကစားနိုင်တဲ့ စိတ်ဓာတ်နဲ့ ကစားကွက် ဗျုဟာကို ကျွန်တော်တို့ လျှောတွက်လို့ မရပါဘူး။ ကိုရီးယားနည်းပြကြီးကလည်း ဒီအသင်းကို လွန်ခဲ့တဲ့ ခုနစ်နှစ်လောက် ကတည်းက တာဝန်ယူခဲ့သူဆိုတော့ သူ့ကစားသမားတွေကို သူခိုင်းတတ်တယ်။ ဒါပေမဲ့ ကစားသမားတစ်ဦးချင်းခြေစွမ်း၊ အသင်းလိုက်ကစားပုံနဲ့ နည်းဗျူဟာက သူတို့ကို ကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်။ အောင်သူ၊ စည်သူအောင်၊ ရန်နိုင်ဦး၊ မျိုးကိုထွန်း၊ လှိုင်းဘိုဘိုတို့ တွဲလုံးမိသွားရင်တော့ ဘရူနိုင်းဂိုးသမားနဲ့ ခံစစ်ဘယ်လောက်ကောင်းကောင်း တစ်ချိန်ချိန်တော့ ကျွန်တော်တို့အသင်း အနိုင်ဂိုးတွေ ရမှာပါ” ဟု မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ကျင်းပရေး အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ပြောဆိုသည်။ 

မြန်မာအသင်းနှင့် စင်ကာပူအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သော ပွဲစဉ်တွင် ကစားသမားချင်း ခိုက်ရန်ဖြစ်ခဲ့သည့်အတွက် မြန်မာအသင်းတိုက်စစ်မှူး အောင်ကောင်းမာန် ပွဲပယ်ပြစ်ဒဏ်ရှိနေပြီး အားထားရသော ခံစစ်မှူး ထိုက်ထိုက်အောင်သည်လည်း ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့သောကြောင့် ဘရူနိုင်းအသင်းနှင့်ပွဲတွင် ပါဝင်နိုင်မည် မဟုတ်ပေ။ 

“အောင်ကောင်းမာန်ရဲ့ နေရာမှာ အစားထိုးဖို့ ရှိုင်းသူရနဲ့ သန်းပိုင်ရှိတယ်။ ကစားသမား အပြောင်းအလဲ သေချာပေါက် ရှိမှာပါ။ ဘယ်သူတွေကို သုံးမယ်ဆိုတာတော့ နည်းပြအဖွဲ့နဲ့ တိုင်ပင်ပြီး ဆုံးဖြတ်မှာပါ” ဟု နည်းပြချုပ် ဂတ်ဆီဇီက ပြောကြားသည်။

ဇူလိုင်လ ၁၉ ရက်နေ့က စတင်ကျင်းပခဲ့သည့် အုပ်စု (F) ခြေစစ်ပွဲတွင် ဒေသတွင်းပြိုင်ဘက် စင်ကာပူအသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သောကြောင့် မြန်မာအသင်း အနေနှင့် ဘရူနိုင်းအသင်းကို အနိုင်ရခဲ့ပါက အာရှခြေစစ်ပွဲအောင်ရန် အခြေအနေကောင်းတစ်ရပ်ကို ပိုင်ဆိုင်သွားမည် ဖြစ်သည်။

J-04