News

POST TYPE

POPULAR POST

ဗိုလ်မှူးကြီးဗထူးရုပ်တု ဇာတိရွာ ရောက်ပြီ
21-Jul-2017
ထားဝယ်၊ ဇူလိုင် ၂၀ 

အမြင့် ၁၅ ပေရှိ ဗိုလ်မှူးကြီးဗထူး ကြေးရုပ်တုကို ၎င်း၏ဇာတိ ထားဝယ်ခရိုင်၊ လောင်းလုံးမြိုနယ်၊ လေးသွန်းခံရွာရှိ ဗိုလ်မှူးကြီးဗထူးရာပြည့် မော်ကွန်းဥယျာဉ်တွင် ဇူလိုင်လ ၂၀ ရက် မွန်းလွဲပိုင်းတွင် စိုက်ထူလိုက်ပြီ ဖြစ်သည်။

ယင်းရုပ်တုကို ဗိုလ်မှူးကြီးဗထူး ရာပြည့်အထိမ်းအမှတ်အဖြစ် ရာပြည့်ကော်မတီအဖွဲ့မှ ဦးဆောင်၍ ရန်ကုန်တွင် သွန်းလုပ်ခဲ့သည်။

ဇူလိုင်လ ၂၀ ရက်နေ့ နံနက်တွင် ရုပ်တုကို ထားဝယ်မြို့တွင်း လှည့်လည်ပြီးနောက် လေးသွန်းခံရွာသို့ ပို့ဆောင်စိုက်ထူခဲ့ခြင်း ဖြစ်သည်။

ပို့ဆောင်ရာတွင် ကော်မတီအဖွဲ့နှင့်အတူ၊ ဝန်ကြီးချုပ်နှင့် တိုင်းအစိုးရအဖွဲ့ဝင်များ၊ ဒေသခံများ အဖွဲ့အစည်းများပါ ပါဝင်ခဲ့ကြပြီး လမ်းတစ်လျှောက်ရှိ ကျောင်းသားကျောင်းသူများ၊ ကျေးရွာသူ ကျေးရွာသားများက ပန်းစည်း၊ ပန်းခြင်းများဖြင့် ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။

“ကိုယ့်အဖေတစ်ယောက် အဝေးမှာ သေသွားတာ ပြန်ရောက်လာလို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်သလိုပေါ့” ဟု လေးသွန်းခံရွာ ကော်တောကျောင်းဆရာတော်က မိန့်သည်။

ယခုစိုက်ထူထားသည့် ကြေးရုပ်နှင့် ဗိုလ်မှူးကြီးဗထူးရာပြည့် မော်ကွန်းဥယျာဉ်တို့အား မိုးရာသီအတွင်း အချောသတ်ပြင်ဆင်ပြီး ဖွင့်ပွဲအား လာမည့် ပွင့်လင်းရာသီတွင် ပြုလုပ်သွားမည်ဟု ရာပြည့်ကော်မတီ နာယက ဦးထွန်းကြည်က ပြောသည်။

Dawei Watch