News

POST TYPE

POPULAR POST

မြောက်ကိုရီးယား ပစ်လွှတ်သည့် ဒုံးကျည်အမျိုးအစားနှင့် ပတ်သက်ပြီး ရုရှားနှင့် အမေရိကန် ကုလသမဂ္ဂတွင် အငြင်းပွား
21-Jul-2017
နယူးယောက်၊ ဇူလိုင် ၂၀ 

ယခုလ အစောပိုင်းတွင် မြောက်ကိုရီးယားက ပစ်လွှတ်ခဲ့သော ပဲ့ထိန်းဒုံးကျည် အမျိုးအစားနှင့် ပတ်သက်ပြီး ယင်းပစ်လွှတ်မှုကြောင့် မြောက်ကိုရီးယားအပေါ် ပိုမိုပြင်းထန်သော အရေးယူပိတ်ဆို့မှုများ ချမှတ်လိုသည့် အမေရိကန်ပြည်ထောင်စုနှင့် ရုရှားအကြား ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အငြင်းပွားလျက်ရှိကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံ အမတ် နစ်ကီဟေလီက ဇူလိုင်လ ၁၉ ရက်နေ့တွင် ကောင်စီ၌ ထောက်လှမ်းရေး သတင်းအချက်အလက် ရှင်းလင်းခဲ့ရာ၌ မြောက်ကိုရီးယား ပစ်လွှတ်သော ဒုံးကျည်သည် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ရုရှားရေဒါများ၏ ထောက်လှမ်းမှုအရ မြောက်ကိုရီးယားက ဇူလိုင်လ ၄ ရက်နေ့တွင် လွှတ်တင်ခဲ့သော ဒုံးကျည်မှာ တာလတ်ပစ် ဒုံးကျည်တစ်စင်းသာ ဖြစ်ကြောင်း တွေ့ရှိရသည်ဟု ဇူလိုင်လ ၈ ရက်နေ့တွင် ရုရှားက အဖွဲ့ဝင် ၁၅ နိုင်ငံပါ ကောင်စီထံ ပေးပို့သော စာတိုတစ်စောင်နှင့် ပုံကားချပ်တစ်ခုတွင် ဖော်ပြထားပြီးနောက် အမေရိကန်က ယခုကဲ့သို့ ရှင်းလင်းခြင်း ဖြစ်သည်။

မြောက်ကိုရီးယားသည် တိုက်ချင်းပစ်ဒုံးကျည် (ICBM) ပစ်လွှတ်ခဲ့ခြင်း မဟုတ်ဟု ရုရှားက ကောက်ချက်ချခြင်းမှာ အမေရိကန်၏ မြောက်ကိုရီးယားအပေါ် ပိုမိုပြင်းထန်သည့် အရေးယူပိတ်ဆို့မှုများ ချမှတ်ရေးတွင် အဟန့်အတား ဖြစ်စေခဲ့သည်။ 

အမေရိကန်၊ ရုရှား၊ တရုတ်၊ ဗြိတိန်နှင့် ပြင်သစ်တို့မှာ ကောင်စီဆုံးဖြတ်ချက်များကို ဗီတိုအာဏာသုံးကာ ပယ်ချခွင့်ရှိသည့် နိုင်ငံများ ဖြစ်သည်။

ပုံမှန်အားဖြင့် ဆိုပါကမြောက်ကိုရီးယား၏ တာလတ်ပစ် ဒုံးကျည်ပစ်လွှတ်မှုများနှင့် ပတ်သက်ပြီး ကောင်စီက ရှုတ်ချကြောင်း ကြေညာချက်တစ်စောင်သာ ထုတ်ပြန်လေ့ရှိသည်။ 

မြောက်ကိုရီးယားက တာဝေးပစ်ဒုံးကျည် သို့မဟုတ် နျူကလီးယားလက်နက် စမ်းသပ်မှသာ နောက်ထပ် ကုလသမဂ္ဂ အရေးယူပိတ်ဆို့မှု အသစ်ချမှတ်သင့်သည်ဟု တရုတ်နှင့် ရုရှားက ယူဆထားကြသည်။ သို့ဖြစ်ရာ တာလတ်ပစ် ဒုံးကျည်သာ ဖြစ်သည်ဟု သတ်မှတ်ပါက အရေးယူ ပိတ်ဆို့မှု အသစ်ချမှတ်ရန် အဆင်ပြေမည် မဟုတ်ပေ။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းကိုယ်တိုင်ကမူ အဆိုပါ ဒုံးကျည်ပစ်လွှတ်မှုသည် ICBM စမ်းသပ်မှုဟု ထုတ်ပြန်ထားသည်။           

F-03