News

POST TYPE

POLITICAL

မန္တလေးအစိုးရဟောင်းက ကျပ်သန်းသုံးထောင်ကို အရစ်ကျ ပြန်လည်ပေးသွင်းမည်ဟု ဝန်ကြီးချုပ်ပြောကြား
25-Aug-2018
နေပြည်တော်၊ ဩဂုတ် ၂၅

မန္တလေးတိုင်းအစိုးရအဖွဲ့ဟောင်းက လက်ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ လွှဲပေးရန်ကျန်ရှိသည့် ကျပ်သန်းသုံးထောင်ခန့်ကို အရစ်ကျပြန်ပေးမည်ဟု စာပို့လာကြောင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က မီဒီယာများကို ပြောကြားလိုက်သည်။

“စာရင်းမှာရှိတဲ့ငွေတွေကို ပြန်ပေးပါလိမ့်မယ်။ သူတို့က ကတိခံပြီးသွားပြီ၊ သူတို့ ပြန်ပေးလိမ့်မယ်၊ အရစ်ကျ ပြန်ပေးလိမ့်မယ်၊ ကျွန်တော့်ဆီ စာဝင်ပြီ”ဟု ၎င်းက ပြောကြားသည်။

နေပြည်တော် စည်ပင်ရိပ်သာတွင် ဩဂုတ်လ ၂၅ ရက်နေ့က ပြုလုပ်သည့် NLD ပါတီ၏ CEC အစည်းအဝေးအပြီးတွင် မီဒီယာများကို ၎င်းက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

ပြည်သူ့ဘဏ္ဍာအဖြစ်ပေးရန် ကျန်နေသော ယင်းကျန်ငွေများကို ပြန်ပေးသွင်းရန်အစီအစဉ်မရှိကြောင်း ဇူလိုင် ၂၆ ရက်က မန္တလေးမြို့တွင် ပြုလုပ်သည့်သတင်းစာ ရှင်းလင်းပွဲတွင် ဝန်ကြီးချုပ်ဟောင်း ဦးရဲမြင့်က ပြောကြားခဲ့သော်လည်း လက်ရှိတွင် ယင်းသို့ပြန်ပေးရန် ပြုလုပ်လာခြင်းဖြစ်သည်။

အဆိုပါငွေများသည် နိုင်ငံတော်ပိုင်ငွေများမဟုတ်ဘဲ ပုဂ္ဂလိက အလှူရှင်များက လှူခဲ့သောငွေများဖြစ်ပြီး ရတနာပုံဖောင်ဒေးရှင်း ပရဟိတလုပ်ငန်းတွင် သုံးစွဲရမည့်ငွေများဖြစ်ကြောင်း၊ အချို့ငွေကြေးမှာ လက်ရှိတာဝန်ထမ်းဆောင်နေသည့် သက်ဆိုင်ရာဝန်ထမ်းများနှင့် ဆက်စပ်ဆောင်ရွက်ရမည့်ကိစ္စများဖြစ်ကြောင်း ဝန်ကြီးချုပ်ဟောင်း ဦးရဲမြင့်က ပြောဆိုထားသည်။

ယခင်အစိုးရ၏ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေစာရင်းကို စစ်ဆေးကြည့်ချက်အရ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ကြိုတင်ထုတ်ချေးငွေများမှ ပြန်လည်ရရှိရန်ကျန်ခြင်း၊ မိုဘိုင်းလ်ဖုန်း ဆင်းကတ်ရောင်းချမှုမှ ပြန်လည်ရရှိရန်ကျန်ခြင်း၊ ကျောင်းသုံး ဗလာစာအုပ်များ အခမဲ့ဖြန့်ဝေခြင်းတွင် ပညာရေးရုံးမှ လက်ခံရရှိမှုမရှိဘဲ ပျောက်ဆုံးနေခြင်း၊ ဈေးမီးလောင်မှုတွင် ပြန်လည် တည်ဆောင်ရေးရန်ပုံငွေကိုပေးအပ်ခြင်း မရှိခြင်းတို့ကြောင့် ကျပ်သန်း ၂၉၅၂ ဒသမ ၇၃၂ ကို ပြန်လည် ပေးသွင်းရန်ကျန်ရှိနေခြင်းဖြစ်ကြောင်း မန္တလေးတိုင်း အစိုးရအဖွဲ့ထံမှ သိရသည်။

ယနေ့ပြုလုပ်သည့် NLD ပါတီ၏ CEC အစည်းအဝေးတွင် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲထက်ပိုသာသော အောင်မြင်မှုရရှိရန် အထူးကြိုးစားမည့်ကိစ္စ၊ ပါတီတွင်စည်းကမ်းနှင့်ပတ်သက်သော တိုင်ကြားစာ အစောင် ၂၀ ကို ဆုံးဖြတ်ခြင်းကိစ္စ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ ဖွဲ့စည်းရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြောင့် CEC အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က မီဒီယာများကို ပြောကြားခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်များအတွင်း တိုင်ကြားစာအစောင် ၂၀ ကို စိစစ်ချက်တွင် ကိုယ်စားလှယ် ၄ ဦးခန့်ကို ပါတီတွင်း အရေးယူသွားမည်ဖြစ်ပြီး၊ ကြားဖြတ်ရွေးကောက်ပွဲအတွက် အတည်ပြုချက်ကို လာမည့် ၃ ရက်တွင် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

S-01