News

POST TYPE

PHOTO ESSAYS

အင်းလေး သနပ်ဖက်လုပ်ငန်း (Daily, Vol-6/No-123)
02-Sep-2018 tagged as

ဆေးလိပ် သောက်သုံးသူတွေကြားမှာ ဖက်ကြမ်းဆေးလိပ်လို့ ခေါ်ကြတဲ့ သနပ်ဖက် ဆေးပေါ့လိပ် သောက်တဲ့သူတွေအတွက် ဆေးပေါ့လိပ်များက တံဆိပ်အမျိုးမျိုးနဲ့ စုံလင်လှပါတယ်။ အဲဒီဆေးပေါ့လိပ်တွေအတွက် အဓိက ကုန်ကြမ်းဖြစ်တဲ့ သနပ်ဖက်တွေကို ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသက လွယ်ခေါ်ကျေးရွာလေးမှာလည်း မိသားစု တစ်ပိုင်တစ်နိုင် လုပ်ငန်းအနေနဲ့ လုပ်ကိုင်နေကြပါတယ်။ အဲဒီသနပ်ဖက်လုပ်ငန်းရဲ့ လုပ်ကိုင်ပုံ အဆင့်ဆင့်ကို ဖော်ပြလိုက်ပါတယ်။

ဓာတ်ပုံ - မောင်သန့်

မိသားစု တစ်ပိုင်တစ်နိုင် လုပ်ငန်းတွေအနေနဲ့ သနပ်ပင်တွေကို အနည်းဆုံး ဧကဝက်လောက်ကနေ နှစ်ဧကလောက်အထိ စိုက်ပျိုးကြပါတယ်။

တစ်နှစ်တာမှာ သနပ်ဖက်ခူးကြရတဲ့ရာသီက လေးလလောက်ကြာမြင့်ပြီး ယင်းကာလအတွင်းမှာပဲ သနပ်ဖက် ထုတ်လုပ်ကြရပါတယ်။

သနပ်ဖက်ပင်မှ လိုအပ်တဲ့ အရွယ်အစား အရွက်တွေကိုခူး၊ အရိုးနဲ့ ရွက်ကြောတွေကို ထုတ်ပစ်ကြရပါတယ်။

ခူးပြီး အရိုးနဲ့ ရွက်ကြောတွေ သင်ထားပြီးတဲ့အရွက်တွေကို မီးကင်မယ့် မီးဖိုအနီးမှာ ထားကြပါတယ်။

လိုဏ်ခေါင်းရှည်ပုံစံရှိပြီး အပေါက်ဝမှာ မီးထည့် အပူရယူတဲ့စနစ်နဲ့ သနပ်ဖက်မီးကင်တဲ့ မီးဖိုဖြစ်ပါတယ်။

သံဒယ်အိုးပြန့်ပြန့်ပေါ်မှာ သနပ်ဖက်တွေကို ပြန့်နေအောင်တင်ကာ မီးကင်ကြရပါတယ်။ အပူကြောင့် သနပ်ဖက်တွေ ကွေးကောက်မသွားစေဖို့ ကျောက်ခဲလေးတွေ ထည့်ထားတဲ့ သံပြားတစ်ခုအပေါ်မှ ဖိထားရပါတယ်။

မီးပျော့ပျော့နဲ့ နာရီဝက်ခန့် ကင်ထားပြီးပြီဆိုရင် သနပ်ဖက်တွေ ခြောက်သွေ့သွားပြီး ပြန်လည် ထုတ်ယူရပါတယ်။ ဦးဆုံးမီးကင်တဲ့ ဒယ်အိုးထဲက သနပ်ဖက်တွေကို ဦးစွာ ပြန်ထုတ်ယူရပါတယ်။

သနပ်ဖက်ကင်ထားတဲ့ ဒယ်အိုးတွေပါ။ ဒယ်အိုး ၁၆ အိုးခန့်ကို တစ်ပြိုင်တည်း ကင်ရပါတယ်။

ဒယ်အိုးအတွင်းမှာ ဆယ်ယူထားတဲ့ သနပ်ဖက်တွေကို ခြင်းဝိုင်းတွေထဲ ထည့်ရပါတယ်။

ခြင်းဝိုင်းပြည့်တဲ့အထိ ထည့်ပြီး အပေါ်မှာ အတော်အတန်အလေး ချိန်ရှိတဲ့ သစ်သားအဖုံးတစ်ခုနဲ့ ဖိထားရပါတယ်။

ခြင်းဝိုင်းအတွင်း ထည့်လိုက်ကတည်းက စနစ်တကျ ဝိုင်းဝိုင်းလေးနဲ့ လှပနေပါတယ်။

ခြင်းဝိုင်းထဲမှာ ခဏသာထားပြီး သနပ်ဖက်တွေ အေးလောက်တဲ့အချိန် ပြန်လည် ထုတ်ယူကာ အခုလို သိမ်းထားကြပါတယ်။ ဝယ်ယူသူရှိပါက ဒါမှမဟုတ် ရောင်းချလိုတဲ့အခါ ထုတ်ယူချိန်တွယ် ရောင်းချကြပါတယ်။

  • TAGS