News

POST TYPE

PHOTO ESSAYS

ပွဲရတောင်ပြုန်း (Daily, Vol-6/No-111)
19-Aug-2018
မြန်မာနိုင်ငံ နေရာအသီးသီးမှ နတ်ယုံကြည်သူများ ဆုံစည်းရာ တောင်ပြုန်းပွဲတော်ကြီး မကြာမီ စတင်တော့မယ်။ ယခင်နှစ်က H1N1 တုပ်ကွေးရောဂါအရှိန်ကြောင့် ပွဲတော်မစတင်မီ ပိတ်ပင်ခဲ့ရလို့် ယခုနှစ်တွင် ရေကုန်ရေခန်း ဆင်နွှဲကြမယ့်သဘောလည်း ရှိနေပါတယ်။ တောင်ပြုန်းကျေးရွာဟာ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်အတွင်းမှာ တည်ရှိပါတယ်။ တောင်ပြုန်း ပွဲတော်သို့သွားရင် မြင်တွေ့ရမယ့် မြင်ကွင်းအချို့ကို ဖော်ပြအပ်ပါတယ်။ 

ဓာတ်ပုံ- မြတ်(ကလေး)၊ ရန်မိုးနိုင်

ပွဲတော်ကာလက ဝါခေါင်လဆန်း ၈ ရက်မှ လပြည့်နေ့အထိ ဖြစ်ပါတယ်။ ယခုနှစ်အတွက်တော့ ဒီကနေ့ စတင်တာပါ။ ဖွင့်ပွဲအပြင် နတ်ညီလာခံ သဘင်၊ ချိုးရေတော်သုံးပွဲ၊ ယုန်ကြိုပွဲ၊ ထိန်ပင်ခုတ်ပွဲ စတာတွေကို စိတ်ဝင်စားကြသူများပါတယ်။ 

တောင်ပြုန်းကို ဘာနဲ့သွားဖို့ စိတ်ကူးထားပါသလဲ။ ယခင်ခေတ်တုန်းကတော့ လှေတွေ၊ လှည်းတွေနဲ့ သွားကြရာကနေ အခုတော့ ရထားနဲ့ဖြစ်စေ၊ ကားနဲ့ဖြစ်စေ၊ ဆိုင်ကယ်နဲ့ဖြစ်စေ အချိန်မရွေး သွားလာလို့ရနေပါပြီ။ ကိုယ်ပိုင်ကားနဲ့လည်း သွားနိုင်သလို ဈေးချို-တောင်ပြုန်းကိုလည်း လိုင်းကားတွေ တစ်နေကုန် ပြေးဆွဲပေးနေပါတယ်။ ရထားနဲ့သွားချင်ရင်တော့ မြောက်ပြင်ဘက်က သူရဲဈေးဘူတာကနေ မတ္တရာဘူတာအထိ ပြေးဆွဲတဲ့ အထူးရထားကို မနက် ၅ နာရီကနေ စတင်စီးနင်းနိုင်ကြပါတယ်။ 

ဘာနဲ့ပဲသွားသွား လမ်းတစ်လျှောက်မှာတော့ အလှူခံတွေကို အဆက်မပြတ် တွေ့ရပါမယ်။ သီချင်းသံ ဆူဆူညံညံနဲ့ ကခုန်ပြီး အလှူခံနေသူတွေ ရှိသလို သီချင်းတောင်မဖွင့်ဘဲ အလှူခံနေသူတွေလည်း ရှိပါတယ်။ ကျောင်းကန်ဘုရားအတွက် အလှူခံတာရှိသလို တောင်ပြုန်းအဝင်မှာတော့ ကိုယ်ရေပြားရောဂါရှင်အချို့ကလည်း အလှူခံနေကြပါတယ်။ မီးရထားလမ်းတစ်လျှောက်မှာတော့ ကလေးငယ်အချို့ရဲ့အော်ဟစ်ပြီး မုန့်ဖိုးတောင်းခံမှုကိုလည်း မြင်တွေ့ကြရပါမယ်။

တောင်ပြုန်းကိုလာတဲ့သူတွေဟာ နတ်နန်းလာပြီး ဆက်သတာအပြင် တောင်ပြုန်းပွဲမှာသာရနိုင်တဲ့ လက်ဆောင်ပစ္စည်းတွေကိုလည်း မဖြစ်မနေ ဝယ်ယူလေ့ရှိပါတယ်။ ဗန္ဓုလဓား၊ ဗန္ဓုလဦးထုပ်၊ ဝန်ကြီးဦးထုပ်၊ ကျောက်ခက်ပန်းခွေ၊ အိုးပုတ်ငယ်လေးတွေဟာ ပွဲတော်လာတွေအတွက် ဝယ်ခြမ်းစရာတွေပါ။ မဖြစ်မနေဝယ်ယူတတ်ကြတာကတော့ ပလတ်စတစ်နဲ့ ပြုလုပ်ထားတဲ့ ရွှေဆွဲပြား၊ ရွှေဆွဲကြိုးတွေပါပဲ။ 

ဝါခေါင်လပြည့်ကျော် ၁ ရက်နေ့မှာတော့ ဆုတောင်းပြည့်ဘုရားနဲ့ ဆုတောင်းရဘုရားပွဲတော်ဖြစ်ပြီး သံဃာတွေကို ဆွမ်းလောင်းလှူကြပါတယ်။ 

တောင်ပြုန်းပွဲတော်ဟာ ဘုရားပွဲတော်ကိုအမှီပြုပြီး ကျင်းပတာဖြစ်ပေမယ့် နတ်ပွဲတစ်ခုအဖြစ် လူသိများပါတယ်။ 

လုပ်ငန်းကိုင်ငန်းမှာ အဆင်မပြေလေလေ နတ်ကိုပိုတိုင်တည်ပြီး ဆုတောင်းလေလေ လုပ်တတ်ကြတဲ့သူများ စုဝေးရာနေရာတစ်ခုပါ။

စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး ကိစ္စအဝဝအတွက် နတ်ကို နားပူနားဆာလုပ်ကြတာဆိုလည်း မမှားပါဘူး။