News

POST TYPE

PHOTO ESSAYS

မြန်မာ့ရိုးရာ ယွန်းထည်လုပ်ငန်း (Daily, Vol-6/No-87)
22-Jul-2018 tagged as

ယွန်းထည်လုပ်ငန်းသည် လက်မှုအတတ်သာမက အနုပညာပါ ပေါင်းစပ်ဖန်တီးရသော လက်မှုအနုပညာလုပ်ငန်း တစ်ခုဖြစ်သည်။ ပုဂံခေတ်ကတည်းက ထိုလုပ်ငန်းပေါ်ပေါက်လာခြင်းဖြစ်ပြီး ဗဟိုချက်မသည်လည်း ပုဂံဒေသအဖြစ် ယနေ့တိုင် လုပ်ကိုင်နေဆဲဖြစ်သည်။ ထို့ပြင် အစိုးရကလည်း ယွန်းပညာကောလိပ်ကို ထိုဒေသ၌ပင် ဖွင့်လှစ်ထားသည်။ ယွန်းလုပ်ငန်းတွင် အဖြူတည်မှစ၍ အဝတ်ကပ်၊ သစ်စေးထပ်၊ စဥ့်ဖတ်ကြမ်း၊ ခဲတိုက်၊ သားရိုးတစ်ထပ်၊ နှစ်ထပ်၊ သားရိုးအချောခံ၊ သစ်စေးအရောင်ခံ၊ ကော်ပတ်စား၊ သစ်စေးအချော နှစ်ထပ်၊ မီးသွေးရှင်း၊ ယွန်းဆင်၊ ယွန်းခွဲ၊ ရွေးသွပ် နှစ်ထပ်၊ ရွေးဖော်၊ အစိမ်း နှစ်ထပ်၊ အဝါနှစ်ထပ် စသည်ဖြင့် လုပ်ကိုင်ရသည့်အဆင့်ပေါင်း ၂၀ ကျော်ရှိသည်။ ကိုရီးယား၊ ဂျပန်၊ ဗီယက်နမ်နိုင်ငံတို့တွင် ယွန်းထည်လုပ်ငန်း လုပ်ကိုင်မှုရှိသော်လည်း စက်အသုံးပြုမှုများ ပါဝင်သည်။ မြန်မာ့ယွန်းလုပ်ငန်းတွင်မူ စက်အသုံးပြုမှု လုံးဝ မရှိပေ။ ပုဂံသို့ လာရောက်သည့် နိုင်ငံခြား ခရီးသွားများအနေနှင့် လုပ်ငန်းခွင်ကို လေ့လာသည့်အခါ အသေးစိတ်၊ အနုစိတ် လုပ်ကိုင်ကြရသည်ကို တွေ့ရှိပြီး တအံ့တဩ ဖြစ်ကြသည်။ ယခုနှစ်တွင် ပုဂံဒေသသို့ နိုင်ငံခြားခရီးသွား ဝင်ရောက်မှုက ယခင်နှစ်များအောက် လျော့နည်းလာသဖြင့် ယွန်းထည် အရောင်းအဝယ်လည်း ကျဆင်းနေသည်။ ရခိုင်ပြည်နယ် မောင်တောဒေသတွင် လူမျိုးတုံး သတ်ဖြတ်သည်ဆိုသော စွပ်စွဲချက်များကြောင့် ဧည့်သည်ဝင်ရောက်မှု လျော့နည်းလာခြင်းဖြစ်သည်ဟု ယွန်းထည်လုပ်ငန်းရှင်များကဆိုသည်။ မြန်မာ့ရိုးရာ ယွန်းထည်လုပ်ငန်း လုပ်ကိုင်ပုံအကြောင်း ပုဂံမြို့သစ်၊ နရသိင်္ခရပ်ကွက်၊ ခရေလမ်း၊ လောကနတ်ဟိုတယ်အနီးရှိ၊ The Lotus Collection Lacquer Ware Factory တွင် လုပ်ကိုင်နေသည့် ယွန်းလုပ်ငန်း လုပ်ကိုင်ပုံအဆင့်ဆင့်ကို The Voice က သွားရောက် ရိုက်ကူးထားသည်များမှ စာဖတ်ပရိသတ်အတွက် ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ဓာတ်ပုံ - ရဲပြည့်ဇာနည်















  • TAGS