News

POST TYPE

PERSPECTIVE

နန်းတော်ရှေ့ ဆရာတင်ကိုလဲအားနာပါတယ်
17-Sep-2020


ရန်ပိုင် ။ ။ 'ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင် လက်ရည်တစ်ပြင်တည်း ရှေးကတော့ ပိုချစ်ကြတယ်'။ နန်းတော်ရှေ့ဆရာတင် ရေးသားခဲ့သော ဇာတိနွယ်(လက်ရည်တစ်ပြင်တည်း) သီချင်းထဲက စာသားပါအရ ညီညွတ်ခြင်း၊ ချစ်ခင်ခြင်း၊ စည်းလုံးခြင်း စတဲ့အနက်အဓိပ္ပာယ်တွေဟာ ရွေးကောက်ပွဲတွေနီးနီးလာရင် ပြောင်းပြန်အချိုးကျလို့ စိတ်ဝမ်းက ပိုပိုကွဲလာသလား မှတ်ပါတယ်။ လတ်တလော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်နယ်များ၊ တိုင်းရင်းသားပါတီများအပေါ် မူဝါဒ၊ သဘောထားနဲ့ပတ်သက်ပြီး ဝေဖန်သံ၊ ကန့်ကွက်သံ၊ ထောက်ခံသံ စတဲ့ အကွဲကွဲအပြားပြား အယူအဆတွေအောက်မှာ ကနေ့ ကျွန်တော့်အထင် ဟစ်ဖြစ်နေတဲ့ အကြောင်းအရာတစ်ခုလို့ ထင်ပါတယ်။

ရန်နိုင် ။ ။ ဟုတ်ပါတယ်။ တိုင်းရင်းသားဒေသတွေမှာ အန်အယ်ဒီပါတီကို မဲမပေးကြဖို့အထိ လှုံ့ဆော်နေတာတွေကိုပါ တွေ့မြင်နေရတယ်။ တကယ့်တိုင်းရင်းသားပါတီတွေကိုပဲ နိုင်စေချင်တဲ့ဆန္ဒလား၊ အလံရှူးတွေလားဆိုတာတော့ ဆုံးဖြတ်ရခက်ပါတယ်။ ကိုရန်ပိုင်ပြောသလို ရွေးကောက်ပွဲ ရာသီရောက်လာရင် ဖြစ်လေ့ဖြစ်ထရှိတတ်တာတွေပါ။ ကျွန်တော် ဖတ်လိုက်မိတဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူ ကိုအောင်ဇင်လတ်ဆိုသူက သူ့အကောင့်မှာ သူ့ရဲ့ကိုယ်ပိုင်အမြင်တစ်ခုကို ရေးသားထားတာနဲ့ပတ်သက်ပြီး ပြန်လည်လို့ မျှဝေချင်ပါတယ်။ သူကိုယ်တိုင်ကလည်း လွတ်လပ်စွာသဘောကွဲလွဲ နိုင်ပါတယ်ဆိုပြီး ရေးခဲ့တာပါ။

မိုးထဲရေထဲမှာ ကျောချင်းကပ်ပြီး အတူလက်တွဲခဲ့ကြတဲ့ တိုင်းရင်းသားတွေနဲ့ ၈၈ ရဲဘော်ဟောင်းတွေအပေါ်ကျင့်သုံးနေတဲ့ လက်ရှိ NLD ရဲ့ ပေါ်လစီနဲ့ပတ်သက်ပြီး ဝေဖန်သံအတော်ညံလာပါတယ်။ 

စောစောပိုင်းကာလတွေကတည်းက အသံတွေထွက်ခဲ့တာဆိုပေမယ့် အပြိုင်အဆိုင်မဲဆွယ်စည်းရုံးမှုတွေ လုပ်လာကြတဲ့ အခုလိုရွေးကောက်ပွဲ နီးလာချိန်မှာ ပွတ်တိုက်မှုများပြီး ဝေဖန်သံတွေပိုညံလာပါတယ်။ တိုင်းရင်းသားတွေအပါအဝင် ဒီမိုကရေစီဘက်တော်သားတွေနဲ့တောင် NLD က ညီညွတ်ရေး မထူထောင်နိုင်ဘူးဆိုရင် NLD ဟာ တိုင်းပြည်ညီညွတ်ရေး ကို ဘယ်လိုထူထောင်မလဲဆိုတဲ့ ဝေဖန်မှုမျိုးပေါ့။

ဒါနဲ့ပတ်သက်ပြီး ကျွန်တော့်အမြင်က ဒီလို-

သမိုင်းမှာ ကျွန်တော်သိခဲ့တဲ့ တပ်ပေါင်းစုကြီး ၃ ခုရှိခဲ့ပါတယ်။ 

- ဒုတိယကမ္ဘာစစ်အတွင်း ဖက်ဆစ်ဝင်ရိုးတန်းတပ်တွေကို ရင်ဆိုင်ဖို့ ဖွဲ့စည်းခဲ့တဲ့ လက်ဝဲ လက်ယာ လူမျိုးစုံဝါဒစုံ မဟာမိတ်တပ်ပေါင်းစု၊
- ဖက်ဆစ်ဂျပန်ကို ရင်ဆိုင်ဖို့ ဖွဲ့စည်းခဲ့တဲ့ ကူမင်တန်နဲ့ ကွန်မြူနစ် တရုတ်တပ်ပေါင်းစု၊
- ဖက်ဆစ်ဂျပန်နဲ့ ဗြိတိသျှကိုရင်ဆိုင်ခဲ့တဲ့ လက်ဝဲ၊ လက်ယာ လူမျိုးစုံ၊ ဝါဒစုံ ဖဆပလတပ်ပေါင်းစု ဆိုပြီးတော့ပါ။

ဒီတပ်ပေါင်းစု ၃ ခုစလုံး စလယ်ဝင်ဖင်မမြဲခင် ကွဲကြပြဲကြပြီး တစ်ဖွဲ့နဲ့တစ်ဖွဲ့  တစ်နွယ်နဲ့တစ်နွယ် ခါးခါးသက်သက် တိုက်ခိုက်သတ်ဖြတ်တဲ့ အထိ ဖြစ်ခဲ့ကြရာကနေ ကမ္ဘာမှာရော၊ တရုတ်မှာရော၊ မြန်မာမှာပါ ဒဏ်ရာမကျက်နိုင် အခုအချိန်အထိ သွေးထွက်နေဆဲပါပဲ။ ဘာလို့ ဒီလိုဖြစ်ခဲ့ရသလဲဆိုတော့ ညီညွတ်ရေးဆိုတဲ့ ခေါင်းစီးတပ်ခဲ့ကြပေမဲ့ အမှန်တကယ်က မညီညွတ်ကြလို့ပါ။ မတူညီတဲ့အယူအဆ၊ မတူညီတဲ့အသိ၊ မတူညီတဲ့ ပန်းတိုင်နဲ့ မတူညီသူတွေ တစ်ခဏတာတူညီမှုအတွက် ပေါင်းစုကြတာ ဒီအပေါင်းစုက ဘယ်လိုကြာကြာ တည်မြဲနိုင်ပါ့မလဲလေ။

ကူမင်တန်နဲ့ ကွန်မြူနစ်တွေ တရုတ်ပြည်သူတွေလိုလားလို့ ဂျပန်ကို တိုက်ဖို့ပေါင်းကြမယ်ဆိုတော့ ကူမင်တန်က မင်းတို့တစ်ဦးချင်းကိုပဲ လက်ခံမယ်နော်၊ ပါတီလိုက်လာပေါင်းတာ လက်မခံဘူးဆိုပြီး ပြောတယ်၊ ဒါကလည်း သဘာဝကျတယ်လေ၊ အဖွဲ့ထဲမှာ သီးခြားအစုအဖွဲ့လုပ်ပြီး လှေကြီးပေါ် လှေငယ်ဆောက်နေမှာကို ဘယ်လက်ခံနိုင်မလဲ။ ဒါနဲ့ကွဲကြရော။

ဖဆပလက ဒီထက်ပိုဆိုးတယ်။ စဖွဲ့ကတည်းက ကွန်မြူနစ်ရယ်၊ ဆိုရှယ်လစ်အမည်တပ်ထားတဲ့ အမျိုးသားရေးသမားတွေရယ်၊ စစ်တပ် ရယ် မတူညီတဲ့အဖွဲ့ ၃ ဖွဲ့ ပေါင်းထားကြတာ။ ဒီကြားထဲ ဦးနုတို့လို လောကီရ နိုးနိုး၊ လောကုတ္တရာ ရနိုးနိုး ဒွိဟများနေသူတွေကရှိသေး။ ဒီတော့ ကွဲတာပေါ့၊ ကွဲတာမှ တိုင်းပြည်ပါ မွဲပြာကျအောင်ကွဲတာ။ တပ်ပေါင်းမစုခဲ့၊ ဖဆ,မ,ပလခဲ့ရင် တိုင်းပြည်ရဲ့သမိုင်းနဲ့ ပုံစံပြောင်းခဲ့လိမ့်မယ်ထင်ရဲ့။ကျွန်တော်တို့ဘဝတစ်လျှောက် ညီညွတ်ကြပါ၊ ညီညွတ်ကြပါလို့ တောက် လျှောက်သွန်သင်ခြင်းခံခဲ့ရပါတယ် ဒါပေမဲ့ တကယ့်လက်တွေ့က ဘယ်တုန်းကမှ မညီညွတ်ခဲ့ကြပါဘူး။ မညီညွတ်တဲ့အတွက် ကျွန်တော်တို့ ဝမ်းနည်းကြ အားမလိုအားမရ ဖြစ်ကြရတယ်။

အမှန်က မတူညီတဲ့သူတွေ မညီညွတ်ကြတာသဘာဝကျပါတယ်။မညီညွတ်တာ အပြစ်လည်းမဟုတ်ပါဘူး။ အရေးကြီးတာက တရားမျှတမှုပါ။ မျှတတဲ့အခြေအနေအောက်မှာ မတူကွဲပြားတာ အလှတရားပါ။ ဆန့်ကျင်ဘက်တရားတို့ရဲ့ ဒွန်တွဲအားပြိုင်မှု ဆိုတာရှိတယ်မဟုတ်လား။ မညီညွတ်မှုကနေ ထွက်လာတဲ့အင်အားကို ကျွန်တော်တို့အသုံးမချတတ်လို့သာ အခုထိ ဒုက္ခပင်လယ်ဝေနေကြတာပါ။ တရားသာမျှတပါစေ ကွဲပြားမှုက ကြောက်စရာမဟုတ်ဘူး။ 

၇၅ ပေးထားချက်မှာ ၅၁ မှ အောင်မယ့်စာမေးပွဲအတွက် ကိုယ်နဲ့မတူညီလို့ ပါတီကွဲနေသူအတွက် ရှောင်ဖြေပေးရလောက်အောင် ဘယ်နိုင်ငံ ရေးသမားမှ စွန့်စားမှာမဟုတ်ပါဘူးလေ။

တိုင်းရင်းသားတွေအနေနဲ့ ကိုယ့်ဒေသမှာ NLD ဝင်ပြိုင်လို့ မကျေမနပ်ဖြစ်စရာ မရှိသင့်၊ မတူညီလို့ ကွဲပြားတဲ့ပါတီထောင်ခဲ့ပြီးပြီပဲ၊ တရား မျှတစွာနဲ့ ကိုယ့်အင်အား ကိုယ်တည်ဆောက်ဖို့ပဲရှိတယ်။ ၈၈ အဖွဲ့တွေလည်း ထိုနည်းတူပဲ Handicap တောင်းတာ ကိုယ်ညံ့လို့ အလံဖြူပြတဲ့ သဘော၊ ကိုယ့်အင်အားကို ကိုယ်မယုံကြည်ရင် နိုင်ငံရေးပါတီခွဲမထောင်သင့်လို့ မြင်မိတာပဲ။

တစ်ခုတော့ရှိတယ် NLD အနေနဲ့ မိမိတို့ပါတီဟာ ဗမာတစ်မျိုးသားတည်းကိုသာ ကိုယ်စားပြုတာမျိုးမဟုတ်ဘူးဆိုရင် တိုင်းရင်းသားဒေသမှာ ဆိုင်းဘုတ်ကအစ လက်ကမ်းစာစောင်အဆုံး တိုင်းရင်းသားဘာသာစကား၊ စာ စတာတွေကို သုံးသင့်လို့ထင်တယ်။

ရှမ်းမြောက်က ကြံ့ခိုင်ရေးကိုယ်စားလှယ်လောင်းတွေ တရုတ်စာနဲ့ ကြော်ငြာတာကို ဝေဖန်ရှုတ်ချကြတယ်။ ကျွန်တော်ကတော့ ဒါမှန်ကန်တဲ့ မဲဆွယ်စည်းရုံးမှုလို့ပဲ မြင်တယ်။ ဗမာစာ၊ ဗမာစကား အသုံးနည်းတဲ့ဒေသမှာ ဒေသခံတွေ အသုံးပြုတဲ့စာနဲ့စကားကို အသုံးပြုတာ အဲဒီလူမျိုးထဲက သင့်တော်သူကို ကိုယ်စားလှယ်ရွေးချယ်တာဟာ လိမ္မာပါးနပ်တဲ့ နိုင်ငံရေးအရွေ့ပါ။ ကျွန်တော့် တစ်ကိုယ်ရေ အမြင်သက်သက်ပါ။ ကွဲပြားနိုင်ပါတယ် ဟူ၍ သူ့အမြင်ကို သုံးသပ်ရေးသားခဲ့ပါတယ်။

ရန်ပိုင် ။ ။ စစ်တပ်အုပ်ချုပ်သော စစ်အစိုးရကာလများတွင် အများသဘော ညီသယောင်ထင်မှတ်ရပါသော်လည်း ရွေးကောက်ပွဲဟူသော အခြေအနေ တစ်ရပ်နှင့် ကြုံဆုံလာရသောအခါ အန်အယ်ဒီအနေဖြင့် တိုင်းရင်းသားပါတီများအပေါ် သဘောထားဟူသောအခြေအနေနှင့် စတင်ကြုံတွေ့လာရတာ အမှန်ပါပဲ။ ဒီလိုဖြစ်လာစေဖို့ နောက်ခံအကြောင်းအရာတွေကလည်း ရှိခဲ့တယ်မဟုတ်လား။ 

အထူးသဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဦးဆောင်အစိုးရဖွဲ့နိုင်သည်အထိ တိုင်းရင်းသားမဲဆန္ဒနယ်မြေအချို့တွင်ပါ အောင်နိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းအခြေအနေက ယခုကဲ့သို့ တွန်းပို့ခဲ့ခြင်းဖြစ်မည်လို့ ထင်ပါတယ်။ ထို့ကြောင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်နယ်မဲဆန္ဒနယ်မြေ များ၊ တိုင်းရင်းသားပါတီများနှင့် တိုင်းရင်းသားလူမျိုးစုများအပေါ် အန်အယ်ဒီ၏ သဘောထားဟူသော အတွေးအခေါ်က ပိုလို့ဆူပွက်လာသည်။ ဤအခြေခံအပေါ် အချို့က ရိုးသားစွာ တိုင်းရင်းသားရေးရာနှင့်ပတ်သက်ပြီး ဝေဖန်ကြသည်လည်း ရှိသည်။ အချို့က တိုင်းရင်းသားအရေးရှေးရှုသယောင်နှင့် နိုင်ငံရေးအရ ဤအချက်ကို အခွင့်ကောင်းယူရန် ဝေဖန်ကြသည်လည်းရှိသည်။ အဘယ်ကြောင့်ဆိုရသော် နိုင်ငံလုံးသဘောဆောင် နိုင်သည့်ပါတီမှာ လက်ရှိတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တစ်ခုသာ လျှင်ရှိသောကြောင့်ဖြစ်သည်။ အကယ်၍များ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အောင်နိုင်မှု အခြေအနေနှင့် ဆန့်ကျင်ဘက် ဖြစ်ခဲ့မည်ဆိုက ယခုလို ဝေဖန်သုံးသပ်နေမှုများလည်း ရှိနေမည်မဟုတ်ဟု တွေးဆမိသည်။

မည်သို့ပင်ဆိုစေကာမူ ရွေးကောက်ပွဲဟူသည်မှာ လူထုက တရားသူကြီးနေရာက ဆုံးဖြတ်ခြင်းသာဖြစ်ပါကြောင်း၊ လူပုဂ္ဂိုလ်တစ်ဦးတစ် ယောက်၊ မည်သူဖြစ်စေ၊ မည်သည့်ပါတီအဖွဲ့အစည်းဖြစ်စေ ပြည်သူက ဆုံးဖြတ်ပေးသည့်ရလဒ်ကို လိုက်နာရမည်ဖြစ်ပါကြောင်း။

ချမ်းမြေ့သာယာရှိကြပါစေ
အဂ္ဂ