News

POST TYPE

PERSPECTIVE

နိုင်ငံအရေး ၊ ကိုဗစ်အရေး နှင့် ပရဟိတ
17-Sep-2020

ကိုဗစ်-၁၉ ဒုတိယလှိုင်း တစ်နေ့ထက်တစ်နေ့ တိုးမြင့်လာတာနဲ့အတူ အားလုံးအတွက် စိုးရိမ်မှုနဲ့ ကြောက်ရွံ့မှုတွေပါ တစ်ပါးတည်းယူဆောင်လာနေပါပြီ။ ပိုးတွေ့လူနာအရေအတွက်ကလည်း နေ့စဉ် လူပေါင်းရာကျော်ဖြစ်နေပါတယ်။ သေဆုံးမှုအရေအတွက်မှာလည်း တိုးလာနေပါတယ်။ ကိုဗစ်ထိန်းချုပ်ကာကွယ်ရေးတွေကို အရှိန်အဟုန်မြှင့်လုပ်ဆောင်နေပေမယ့် ကိုဗစ်ပထမလှိုင်း အနေအထားနဲ့ နှိုင်းစာရင် လိုအပ်နေဆဲလို့ဆိုရမှာပါ။ ထိန်းချုပ်ကာကွယ်မှုရော၊ လိုက်နာမှုရောပါ။

ပိုးကူးသူအရေအတွက် များပြားလာတဲ့နောက်မှာတော့ ထိန်းချုပ်ရေးအတွက်နဲ့ ကုသရေးဆိုင်ရာတွေမှာ နေရာလိုအပ်ချက်ကအစ လူသားရင်းမြစ်အဆုံး ပိုမိုလိုအပ်နေပါတယ်။ လက်ရှိအချိန်အထိ ကူးစက်သူအရေအတွက်ဟာ တစ်ရက်ထက်တစ်ရက် မြင့်မားလာနေဆဲပါ။ ဒီတော့ ကာကွယ်တားဆီးရေး၊ ထိန်းချုပ်ရေးနဲ့ ကုသရေးလုပ်ငန်းတွေ ပိုမိုတိုးမြှင့်ဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ ဆိုရမှာပါ။ အထူးသဖြင့် ကာကွယ်တားဆီး ရေး ထိထိရောက်ရောက်ဆောင်ရွက်နိုင်မှ ကူးစက်မှုကို တားဆီးနိုင်မယ်ဆိုတာ အားလုံးသိပြီး ဖြစ်ပါတယ်။ ထိန်းချုပ်တားဆီးကာကွယ်ရေး အစီအမံတွေ တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေတဲ့ကြား ပိုးကူးသူအရေအတွက် တိုးလာတာကလည်း ပြန်လည်စဉ်းစားသင့်တဲ့ အချက်တစ်ချက်လို့ မြင်မိ ပါတယ်။

ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ကမ္ဘာ့နိုင်ငံကြီးတွေမှာတောင် အခက်အခဲအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရတာ သတင်းတိုင်းလိုလိုမှာ တွေ့နေရပါတယ်။ ဒီတော့ ကာကွယ်တားဆီးရေး အားနည်းလို့ဖြစ်စေ၊ မလိုက်နာကြလို့ဖြစ်စေ၊ မထိရောက်လို့ဖြစ်စေ ကူးစက်မှုတွေ ဒီထက်ပိုပြီး များလာခဲ့မယ်ဆိုရင် ဘယ်လိုရင်ဆိုင်ဖို့ ပြင်ဆင်ထားလဲဆိုတာ အရေးကြီးလိုအပ်ချက်ပဲ ဖြစ်ပါလိမ့်မယ်။ ကိုဗစ်အရေးဟာ နိုင်ငံသားအရေးကိစ္စ ဆိုတာထက်ကျော်လွန်တဲ့ လူသားအရေးကိစ္စ ဖြစ်နေတာပါ။ တစ်နိုင်ငံချင်းစီအတွက်ဆို နိုင်ငံသားအရေးကိစ္စလို့ ဆိုရမှာပါ။

ကိုဗစ်ကူးစက်မှုနဲ့အပြိုင် အရှိန်မြင့်တက်လာတာက ၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေပါပဲ။ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုတွေဟာလည်း နိုင်ငံရေးလုပ်ငန်းစဉ်တစ်ရပ်ပါ။ ဒီတော့ နိုင်ငံရေးလုပ်ငန်းစဉ်တွေဆိုတာ ဘယ်သူ့အတွက်လည်းဆိုတာ စဉ်းစားမိပါတယ်။ ယေဘုယျအနေနဲ့ဆိုရင် နိုင်ငံရေးဆိုတာက နိုင်ငံသားများရဲ့အရေးကိစ္စပဲ မဟုတ်ပါလား။ နိုင်ငံသားများရဲ့အရေးဖြစ်လို့ နိုင်ငံသားအားလုံးရဲ့ အကျိုးစီးပွားကို ဦးတည်ဖို့ လိုအပ်ပါလိမ့်မယ်။ အခုအခါမှာ စက်တင်ဘာလ ၈ ရက်နေ့က စပြီးခွင့်ပြုခဲ့တဲ့ မဲဆွယ်စည်းရုံးရေးတွေကြောင့် လူစုလူဝေးတွေ နေရာအတော်များများမှာ တွေ့မြင်ရပါတယ်။ မဲဆွယ်စည်းရုံးတာတွေကို ကိုဗစ်ကာကွယ်တားဆီးရေး စည်းကမ်းချက်တွေနဲ့အညီဆောင်ရွက်ဖို့ ထုတ်ပြန်ထားပေမယ့် လက်တွေ့အခြေအနေမှာ ထုတ်ပြန်ချက်တွေနဲ့အညီ ဖြစ်ရဲ့လားဆိုတာ ခက်ခက်ခဲခဲသက်သေရှာစရာမလိုပါဘူး။ ပုံနှိပ်မီဒီယာတွေ၊ လူထုကွန်ရက်တွေပေါ်မှာ ပလူပျံအောင် တွေ့မြင်နိုင်ပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေ မသိတာလား၊ မမြင်တွေ့တာလားတော့ မပြောတတ်ပါဘူး။

မဲဆွယ်ရေး လူစုလူဝေးလုပ်ဆောင်ချက်တွေဟာ မဲဆွယ်ပွဲအတွက် မှန်ကောင်းမှန်နိုင်ပေမယ့် ကိုဗစ်ကာကွယ်တားဆီးရေးအတွက်တော့ လုံးဝမမှန်နိုင်ပါဘူး။ ဒီလူစုလူဝေးတွေကြောင့် ကိုဗစ်ကူးစက်ခဲ့ရင် ဘယ်သူ့ကိုအရေးယူမှာလဲလို့ မေးရမယ့်အခြေအနေပါ။ ဒါပေမဲ့အရေးယူတာတွေက နောက်ကိစ္စပါ။ ကိုဗစ်ကူးစက်ခဲ့ရင် အရင်ဆုံးခံစားကြရမှာက ကြားက ပြည်သူတွေပါပဲ။ အခုကိုပဲ ကိုဗစ်ကူးသည်ဖြစ်စေ၊ မကူးသည်ဖြစ်စေ စီးပွားရေးလုပ်ငန်းတွေ ရပ်ထားကြရလို့ စားရေးသောက်ရေးကအစ ခက်ခဲနေကြလို့ မြွေပူရာကင်းမှောင့်နေကြရတာပါ။

ဒီတော့ မဲဆွယ်ပွဲတွေဟာလည်း နိုင်ငံသားအရေးဖြစ်၊ ကိုဗစ် ကာကွယ်ထိန်းချုပ်ရေးဟာလည်း နိုင်ငံသားများအရေးဖြစ်ဆိုတော့ ဘယ်ကိစ္စက ပိုအရေးကြီးလဲဆိုတာ ဆွေးနွေးကြဖို့လိုပါတယ်။ ဘယ်အရေးကို ဆိုင်းထားလို့ရလဲ၊ ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေက ဘာလဲဆိုတာ နိုင်ငံ သားများအရေးနဲ့ နှိုင်းချိန်စဉ်းစားပေးကြဖို့ လိုအပ်ပါမယ်။ ကိုဗစ်ကူးစက်တာတွေကြောင့် နိုင်ငံတကာမှာ ရွေးကောက်ပွဲတွေ ရွှေ့ဆိုင်းလိုက်တဲ့နိုင်ငံ တွေရှိသလို ရွေးကောက်ပွဲကျင်းပတဲ့နိုင်ငံတွေလည်း ရှိပါတယ်။ ဒီလိုနိုင်ငံတွေနဲ့ နှိုင်းချိန်စဉ်းစားတဲ့အခါမှာ ထပ်တူမကျတဲ့အခြေအနေတွေကိုပါ ထည့်သွင်းစဉ်းစားကြဖို့ လိုပါတယ်။ အခြားနိုင်ငံတွေ ရွှေ့ဆိုင်းတိုင်း ရွှေ့ဆိုင်းဖို့ မလိုသလို အခြားနိုင်ငံတွေ ကျင်းပတိုင်း ကျင်းပဖို့လိုမယ်လို့ မယူဆပါဘူး။ ကိုယ့်နိုင်ငံအခြေအနေနဲ့ ကိုယ့်နိုင်ငံသားတွေရဲ့အကျိုးကို မဏ္ဍိုင်ထားဆုံးဖြတ်ကြမှ ပြည်သူ့အကျိုးစီးပွားကိုဗဟိုပြုတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါ လိမ့်မယ်။

ရွေးကောက်ပွဲရွှေ့ဆိုင်းတာကြောင့် ဖြစ်လာနိုင်တဲ့ဥပဒေအကျပ်အတည်းတွေ၊ နိုင်ငံရေးအကျပ်အတည်းတွေကို ရှောင်လွဲချင်လို့ဖြစ်စေ၊ အခြားသောရည်ရွယ်ကြောင့်ဖြစ်စေ ကိုဗစ်အရေးကို လျော့ပေါ့မစဉ်းစားစေလိုပါဘူး။ ဒါဟာ စိုးရိမ်စိတ်လွန်ကဲတာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် လက်ရှိ ကူးစက်မှုနှုန်းအရဆို စိုးရိမ်စရာဖြစ်နေတာကတော့ လက်တွေ့ပါပဲ။ ဒီနေ့အထိ တွေ့ရှိထားတဲ့ ပိုးတွေ့လူနာအရေအတွက်နဲ့တင် နေရာမလုံ လောက်မှုတွေ၊ ဆရာဝန်၊ ဆရာမ မလုံလောက်မှုတွေနဲ့ ကြုံတွေ့နေရပါပြီ။ လူစုလူဝေးတွေကြောင့် ထပ်မံကူးစက်လာမယ်ဆိုရင် မတွေးဝံ့စရာပါပဲ။

ကိုဗစ်ကူးစက်မှုနဲ့ ရွေးကောက်ပွဲမဲဆွယ်မှုတွေဟာ ဆန့်ကျင်ဘက် သဘောလို့ ဆိုရမလိုပါပဲ၊ ရွေးကောက်ပွဲမဲဆွယ်တာကို လူစုလူဝေးနဲ့ လုပ် ဆောင်ရတဲ့အချိန်မှာ ကိုဗစ်ကတော့ လူစုလူဝေးကို ရှောင်ရှားရတဲ့သဘော ဖြစ်နေပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ကိုဗစ်ကူးစက်မှုတွေ ပိုဆိုးလာရင် အားလုံးရဲ့ ကျန်းမာရေးတွေ၊ စီးပွားရေးတွေ၊ လူမှုရေးတွေ၊ ပညာရေးတွေကို ပိုပြီးထိခိုက်စေမှာပါ။ ဒီထက် ပိုဆိုးမယ်၊ မဆိုးဘူးဆိုတာ ဘယ်သူမှ တပ်အပ်မပြောနိုင်ပါဘူး။ ရွေးကောက်ပွဲ ရွှေ့ဆိုင်းမယ်၊ မရွှေ့ဆိုင်းဘူး ဆိုတာကို အောက်တိုဘာလမှ ကြေညာမယ်လို့ ဆိုထားပါတယ်။ ဒီတော့ ဒီကြားထဲမှာ မဲဆွယ်စည်းရုံးမှုတွေ ရှိနေဦးမယ်ဆိုတဲ့သဘောဖြစ်ပါတယ်။ ရွှေ့ဆိုင်းဖို့၊ ဆက်လက်လုပ်ဆောင်ဖို့ ဆုံးဖြတ်တယ်ဆိုရာမှာ ဘယ်အခြေအနေအပေါ် မူတည်ပြီး ဆုံးဖြတ်မှာလဲဆိုတာ အရေးကြီးပါတယ်။ ဒီနေ့အထိ ကူးစက်မှုတွေကို ထိန်းချုပ်နိုင်ပြီလို့ ပြောလို့မရသေးပါဘူး။ ဒီတော့ ကိုဗစ်ကူးစက်မှု နဲ့ သေဆုံးမှုကို ဘယ်အတိုင်းအတာပမာဏအထိ စောင့်ကြည့်ကြမှာလဲ။ ဘယ်အတိုင်းအတာပမာဏရောက်မှ ဆုံးဖြတ်ကြမှာလဲ။ အခုအချိန်မှာ တွေ့ဆုံဆွေးနွေးထားကြဖို့ မလိုသေးဘူးလား။ မလိုအပ်ဘူးလား။ ရွေးကောက်ပွဲဟာ နိုင်ငံအတွက် အရေးကြီးသလို ကိုဗစ်အန္တရာယ်ကာကွယ်ဖို့ကလည်း အရေးကြီးပါတယ်။ နှစ်ခုစလုံးဟာ နိုင်ငံ့အရေးဖြစ်တာမို့ တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တည်း ဆုံးဖြတ်တာထက် ဘုံအကျိုးစီးပွားအတွက် သက်ဆိုင်သူအားလုံး ညှိနှိုင်းဆုံးဖြတ်ဖို့ မသင့်ဘူးလားလို့လည်း စဉ်းစားမိပါတယ်။

အခုလို အကျပ်အတည်းကာလမှာ တစ်ဦးတစ်ယောက်အကျိုး၊ ပါတီအကျိုး၊ ပြည်သူ့အကျိုးတွေကို ချင့်ချိန်ကြရမှာပါ။ ရွေးကောက်ပွဲ မဲဆွယ်ကာလဖြစ်တဲ့အတွက် ရွေးကောက်ပွဲဝင်မယ့်ပါတီတွေ ယှဉ်ပြိုင်စည်းရုံးကြရမှာမှန်ပေမယ့် ကိုဗစ်ကြောင့် ပြည်သူအားလုံး ဒုက္ခအကျပ်အတည်းဖြစ်နေချိန် လက်တွေ့လိုအပ်တာက ပြိုင်ဆိုင်မှုထက် စည်းလုံးညီညွတ်မှုနဲ့ ကိုဗစ်ကပ်ရောဂါ ကျော်လွှားနိုင်ရေးလို့ ယူဆမိပါတယ်။ ကိုဗစ်- ၁၉ ဟာ ကျန်းမာရေးဆိုင်ရာဆိုပေမယ့် နောက်ဆက်တွဲအကျိုးဆက်တွေကလည်း ရှိနေဦးမှာပါ။ ရွေးကောက်ပွဲတော့ နိုင်ကြပါရဲ့ ကိုဗစ်အလွန်နိုင်ငံ ကတော့ ချွတ်ခြုံကျသွားလို့ မဖြစ်ပါဘူး။

ဒါ့အပြင် ကိုဗစ်ကာလအတွင်း မဲဆွယ်စည်းရုံးမှုတွေ ညီမျှမှုမရဘူးဆိုတဲ့အသံတွေလည်း ကြားရပါတယ်။ အကယ်၍များ ကိုဗစ်ကာလအတွင်း ရွေးကောက်ပွဲကျင်းပလို့ မညီမျှမှုတွေရှိလာရင် နိုင်ငံရေးစိတ်ဝမ်းကွဲတာတွေကရော ဖြစ်သင့်တဲ့အခြေအနေဟုတ်ပါရဲ့လား။ ကိုဗစ်ကာလအတွက် သာမဟုတ်ဘဲ ကိုဗစ်အလွန်ကာလကို စဉ်းစားပေးစေလိုတာပါပဲ။

ဒီလိုအကျပ်အတည်းတွေကြားမှာ ကိုဗစ်စဖြစ်တဲ့အချိန်ကစလို့ ဒီနေ့အထိ အထူးခြားဆုံးတစ်ခုကတော့ ပရဟိတအဖွဲ့တွေပါပဲ။ ပရဟိတအဖွဲ့ ဆိုပေမယ့် အချို့လည်း တစ်ဦးတည်း တစ်ပိုင်တစ်နိုင် လူအား၊ ငွေအား ကူညီကြတာ တွေ့ရပါတယ်။ အချို့ကလည်း နီးစပ်ရာစုပေါင်းပြီး တတ်အားသရွေ့ ပရဟိတကူညီကြပါတယ်။ အချို့ကတော့ အသင်းအဖွဲ့ပုံစံနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြတာကို တွေ့ရပါတယ်။ ဝမ်းသာကြည်နူးစရာလည်းကောင်းသလို သာဓုလည်း ခေါ်မိပါတယ်။ ဒါကြောင့်လည်း ပရဟိတလုပ်ငန်းတွေဟာ ကိုယ်ကျိုးမဖက် စေတနာမွန်မြတ်တဲ့ ကူညီမှုသက်သက်ဖြစ်လို့ နတ်လူသာဓုခေါ်တဲ့လုပ်ငန်းလို့ ဆိုကြတာပါ။

ဒီနေရာမှာ ပရဟိတလုပ်ငန်းဆိုလို့ နိုင်ငံရေးနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့ နိုင်ငံရေးအယူအဆလေးကို သတိရမိပါတယ်။ မောင့်ဘက်တန်ကို ပြောခဲ့တာပါ။ နိုင်ငံရေးကို ပရဟိတလုပ်ငန်းလို သဘောထားတယ်ဆိုတဲ့ အယူအဆလေးပါပဲ။ အခုလို ကိုဗစ်ကြီးဖြစ်နေချိန်မှာ နိုင်ငံရေးကို ကိုယ်ကျိုးမဖက်တဲ့ ပရဟိတလို သဘောထားပေးနိုင်ကြမယ်ဆိုရင် ဘယ်လောက်များ ကောင်းလိုက်လေမလဲလို့ စိတ်ကူးယဉ်မိပါတယ်။

သိန်းထွန်း (IR)
(၁၆.၉.၂၀၂၀)