News

POST TYPE

PERSPECTIVE

ပြည်သူများ အထူးသတိပြု နေထိုင်သွားစေလို
17-Sep-2020


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ အတွက် ဓာတ်ခွဲစစ်ဆေးမှုအခြေအနေ ထုတ်ပြန်ချက်အရ  စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၈ နာရီအထိ အတည်ပြုလူနာ ၂၂၆၅ ဦး၊ ဆေးရုံဆင်း ၆၂၅ ဦးနှင့် သေဆုံး ၁၄ ဦးရှိပြီဖြစ် သည်။ ရန်ကုန်တိုင်းအတွင်း၌ အတည်ပြု လူနာ ၁၀၅၃ ဦးဖြင့် အများဆုံး ဖြစ်ပွားလျက်ရှိသည်။ လက်ရှိအချိန်အထိ ကယားပြည်နယ်တွင် အတည်ပြု လူနာ တစ်ဦးမျှမတွေ့ရှိရသေးသဖြင့် ကံကောင်းသည်ဟု ဆိုချင်ပါသည်။ ပြည်နယ်အဆင့်တာဝန်ရှိသူများအနေနှင့် ဝင်၊ ထွက်ဂိတ်များကို ကျန်းမာရေး စံနှုန်းများနှင့်အညီ စနစ်တကျ စစ်ဆေးသွားမည်ဆိုလျှင် ရောဂါကူးစက်မှု အန္တရာယ်မှ ဆက်လက်ကာကွယ်သွားနိုင်မည်ဖြစ်သည်။

ကူးစက်မှုနှုန်းမြင့်တက်

လတ်တလောအခြေအနေအရ ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုသည် ပိုမိုမြန်ဆန်လာလျက်ရှိသည်။ သင်္ဃန်းကျွန်းမြို့နယ်သည် ရောဂါပိုးတွေ့ရှိသူအများဆုံးဖြစ်ပြီး စက်တင်ဘာလ ၈ ရက်တွင် အတည်ပြုလူနာ ၇၃ ဦးထိရှိခဲ့သည်။ ထိုသို့ကူးစက်မှုနှုန်း မြင့်တက်ရခြင်း သည် ကာရာအိုကေဆိုင်တွင် သီချင်းဆိုရာမှ ပျံ့နှံ့သွားခြင်းဖြစ်သည်။ အလုံပိတ်အခန်းများတွင် သီချင်းဆိုခြင်းသည် ရောဂါပိုးပျံ့အောင်ပြုလုပ်ခြင်း ပင်ဖြစ်သည်။ ကာရာအိုကေ ဆိုင်ဝန်ထမ်းအားလုံးတွင် ရောဂါပိုးတွေ့ရှိခဲ့ သည်။ လာရောက်သီချင်းဆိုသူများကိုလည်း ရောဂါပိုး ကူးစက်နေမည် ဖြစ်သည်။

အမှန်တော့ ရန်ကုန်မြို့သည် စီးပွားရေးအချက်အချာမြို့ဖြစ်သည် နှင့်အညီ လူနေထိုင်မှုလည်း ထူထပ်လျက်ရှိသည်။ အထူးသဖြင့် စားသောက် ဆိုင်များ၊ ကေတီဗီများ၊ အနှိပ်ခန်းများ၊ နိုက်ကလပ်များ၊ ဘားများ စသည့် အပန်းဖြေ အနားယူမှုဆိုင်ရာ စီးပွားရေးလုပ်ငန်း အများအပြားတည်ရှိလျက် ရှိသည်။ ကာရာအိုကေများ၊ နိုက်ကလပ်များနှင့်ဘားများတွင် အလုံပိတ် အခန်းများအတွင်း၌ တစ်ဦးနှင့်တစ်ဦး ပူးကပ်စွာနေထိုင်ခြင်း၊ ကျယ်လောင် စွာသီချင်းဆိုခြင်း၊ စကားပြောဆိုခြင်းတို့ကြောင့် ရောဂါပိုးကူးစက်ပျံ့နှံ့မှု နှုန်းမြန်ဆန်စေသည်။ ဆိုရလျှင် စိတ်အလိုလိုက်သူများမှတစ်ဆင့် တခြားသူ များကို ရောဂါပိုးကူးစက်နေပြီဖြစ်သည်။ ထိန်းထိန်းသိမ်းသိမ်းနေထိုင် သွားဖို့လိုနေပြီဖြစ်သည်။

သင်ခန်းစာယူသင့်

စင်စစ်အားဖြင့် အမေရိကန်အပါအဝင် အနောက်ဥရောပနိုင်ငံများ တွင် ကိုဗစ်-၁၉ စတင်ဖြစ်ပွားစဉ်က အလေးမထားဘဲ ပုံမှန်အတိုင်းသွား လာလှုပ်ရှားခဲ့ကြသဖြင့် ရောဂါကူးစက်မှုနှင့် သေဆုံးမှုနှုန်း မြင့်တက်ခဲ့သည်။  အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ၎င်းအနေဖြင့် ကိုဗစ်-၁၉ အန္တရာယ် ကို လျှော့တွက်ခဲ့မိကြောင်း ဝန်ခံပြောကြားခဲ့သည်။ အနောက်နိုင်ငံများ သည် ကိုယ်ခံအားစနစ်ဖြင့် ကိုဗစ်အန္တရာယ်ကို ကျော်လွှားနိုင်မည်ဟု ယူဆခဲ့သော်လည်း အထင်နှင့်အမြင် တက်တက်စင်အောင်လွဲခဲ့သည်။ လက်ရှိ အချိန်အထိ ထိန်းချုပ်နိုင်စွမ်းမရှိသေးပေ။ 

သို့သော် ကပ်ရောဂါစတင်ဖြစ်ပွားသည့် တရုတ်နိုင်ငံတွင်မူ သွားလာ လှုပ်ရှားမှုများကို တင်းကျပ်စွာ ကန့်သတ်ခဲ့သဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကို အချိန်တိုအတွင်း ထိန်းချုပ်နိုင်ခဲ့သည်။ အထူးသဖြင့် ပြည်သူများသည် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များကို တိကျစွာလိုက်နာခဲ့သဖြင့် ရောဂါ ထိန်းချုပ်နိုင်ခဲ့ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ပြည်သူတစ်ဦးတစ်ယောက် ချင်းစီအနေဖြင့် ရောဂါကူးစက်မှုနှုန်း မြင့်တက်နေသည့်နိုင်ငံများနှင့် ရောဂါ ထိန်းချုပ်နိုင်သည့်နိုင်ငံများမှ ပြည်သူများ၏အမူအကျင့်တို့ကို နှိုင်းယှဉ် လေ့လာ၍ သင်ခန်းစာယူသွားသင့်ပေသည်။

ဦးနှောက်ထဲသို့ တိုက်ရိုက်ကူးစက်နိုင်

အထူးသဖြင် ကိုဗစ်-၁၉ အတည်ပြုလူနာအချို့တွင် ခေါင်းကိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊ အဖျားတက်ကာ ကယောင် ကတမ်းဖြစ်ခြင်း စသည့်လက္ခဏာများ ခံစားရခြင်းသည် ကိုဗစ်-၁၉ ဗိုင်းရပ်စ် ဦးနှောက်ထဲသို့ တိုက်ရိုက်ဝင်ရောက်လာခြင်းကြောင့် ဖြစ်ပေါ်လာသည့် ရလဒ်များဖြစ်နိုင်ကြောင်း သုတေသနပြုချက်များက စက်တင်ဘာလ ၉ ရက်နေ့တွင် ဖော်ပြခဲ့သည်။ ထို့ကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါသည် ကူးစက်မှု နှုန်းမြန်ဆန်ခြင်း၊ ရောဂါအခံရှိသူများနှင့် သက်ကြီးရွယ်အိုများ ကူးစက်ခံရလျှင် သေဆုံးနိုင်ခြင်းနှင့် ဦးနှောက်ကိုပါ တိုက်ရိုက်ကူးစက်နိုင်ခြင်းတို့ကြောင့် အထူးသတိပြုနေထိုင်သွားဖို့ လိုအပ်နေပြီဖြစ်သည်။

လိုအပ်မှသာ အပြင်ထွက်သင့်

ဆိုရလျှင် မြန်မာအများစုသည် စိတ်အလိုလိုက်လေ့ရှိသည်။ လက်ထဲ ငွေလေးနည်းနည်းရှိနေလျှင် အပြင်ထွက် လမ်းသလားလိုကြသည်။ တစ်ကျပ် ရှိလျှင် တစ်ဆယ်ဖိုးလောက် သုံးချင်သည်။ အချို့သောအမျိုးသမီးများသည် အလုပ်မရှိလျှင် ဈေးဝယ်ထွက်ကြသည်။ အလှပြင်ဆိုင်သွားကြသည်။ ဖြောင့်နေသည့်ဆံပင်ကို ကောက်ကြသည်။ ကောက်နေသည့်ဆံပင်ကို ဖြောင့် ကြသည်။  တိုနေသောဆံပင်ကိုဆက်ပြီး ရှည်နေသောဆံပင်ကို ဖြတ်ကြ သည်။ မျက်နှာအဆီထုတ်၊ ပေါင်းတင်ကြသည်။ ခေါင်းလျှော်ကြသည်။ ဆေးဆိုးကြသည်။ တချို့သောလူငယ်များနှင့် အမျိုးသားများအနေဖြင့် လည်း အချိန်ရလျှင် ဝိုင်းဖွဲ့၍ လက်ဖက်ရည်ဆိုင်ထိုင်ကြသည်။ စားသောက် ဆိုင်သွားကြသည်။ ကာရာအိုကေဆိုင်သွားပြီး အော်ကြ ဟစ်ကြသည်။ကွေးနေအောင်ကကြသည်။ အနှိပ်ခံလိုကြသည်။ အကြောလျှော့လိုကြသည်။ ထိုအပြုအမူအားလုံးသည် ကိုဗစ်-၁၉ ကပ်ရောဂါပိုး ကူးစက်ပျံ့နှံ့ စေနိုင်သည့် အကြောင်းတရားများပင်ဖြစ်သည်။ ထို့ကြောင့် လိုအပ်မှသာ အိမ်ပြင်ထွက်သင့်သည်။ သာဓကအနေနှင့် ဈေးဝယ်ခြင်းနှင့် ဆေးရုံ၊ ဆေးခန်းသွားခြင်းတို့ကို ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအစီ အမံများနှင့်အညီ လိုက်နာလုပ်ဆောင်သွားသင့်ပေသည်။

အကျိုးရှိစွာဖြတ်သန်းနိုင်

ကိုဗစ်-၁၉ ကာလတွင် ရောဂါပိုးကူးစက်မှုမခံရစေရန်အတွက် အိမ်ထဲ ၌နေရင်း အချိန်ကိုအကျိုးရှိစွာ အသုံးချသွားနိုင်ပါသည်။ သာဓကအနေဖြင့် အိမ်သန့်ရှင်းရေးလုပ်ခြင်း၊ ခြံသန့်ရှင်းရေးလုပ်ခြင်း၊ စာဖတ်ခြင်း၊ စာရေး ခြင်း၊ တရားထိုင်ခြင်း၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း တစ်ခုခုလုပ်ခြင်း စသည့်အကျိုးရှိသောအလုပ်များဖြင့် ဖြတ်သန်းနိုင်ပါသည်။ အိမ်ထဲမှာ နေထိုင်ခြင်းသည် ရောဂါပိုးကူးစက်ခံရနိုင်ခြေ နည်းသည့်အပြင် ငွေကြေး အကုန်အကျသက်သာခြင်း၊ စိတ်အနှောင့်အယှက်မဖြစ်ခြင်း၊ မိသားစုများ ကိုအချိန်ပေးနိုင်ခြင်း၊ သူငယ်ချင်းများနှင့် အပြန်အလှန် ဖုန်းပြောဆိုနိုင်ခြင်း၊ မက်ဆေ့ချ်ပေးပို့နိုင်ခြင်း၊ ဆွေးနွေးနိုင်ခြင်း စသည့်အကျိုးကျေးဇူး များစွာရရှိနိုင်ပါသည်။

အထူးသတိပြုနေထိုင်သွားစေလို

မည်သို့ပင်ဆိုစေ ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးသည် ကမ္ဘာ့နိုင်ငံများ ကို ဆက်လက်ခြိမ်းခြောက်လျက်ရှိသလို မြန်မာနိုင်ငံတွင်လည်း ကူးစက်မှု နှုန်းမြင့်တက်လျက်ရှိသည်။ ထို့ကြောင့် ပြည်သူများအနေနှင့် ပေါ့ပေါ့ဆဆ နေထိုင်သွားလာသည့်အပြုအမူများကို ပြုပြင်သွားသင့်ပေသည်။ အထူးသဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အကြံပြုချက်များဖြစ်သည့် လက်မှန်မှန်ဆေးကြောခြင်း၊ အပြင်ထွက်လျှင် ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်ခြင်း၊ လူစုလူဝေးများရှောင်ရှာခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်ခြင်း၊ ကိုယ်ခံအားစနစ်ကောင်းမွန်ရေးအတွက် အာဟာရပြည့်ဝစွာ စားသုံးခြင်းနှင့် အိပ်ရေးဝအောင်အိပ်စက်ခြင်းတို့ကို တိကျစွာလိုက်ပါ လုပ်ဆောင်သွားသင့်ပေသည်။ ဆိုရလျှင် လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုနှုန်း မြင့်တက်လာပြီး အသေအပျောက် များ ပါရှိလာသောကြောင့် အရေးကြီးကိစ္စမရှိဘဲ အိမ်ပြင်သို့ ထွက်ခြင်း၊ လူစုလူဝေးများသည့်နေရာများသို့ သွားရောက်ခြင်းမှ ရောဂါပိုးကူးစက်ခံ ရနိုင်ခြေများသဖြင့် ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူတစ်ဦးတစ်ယောက်ချင်းစီအနေနှင့် အထူးသတိပြုနေထိုင်သွား သင့်ပါကြောင်း အကြံပြုတိုက်တွန်းသွားလိုပါသည်။

မောင်သောင်းဝင်း(တမန်ဟောင်း)