News

POST TYPE

PERSPECTIVE

Mask လည်းတပ် အသုံးအဖြုန်းကိုလည်း နားလည်
13-Jul-2020


သည်ကနေ့ နံနက် အင်တာနက်ဖွင့်ကြည့်လိုက်ရာ ဘီဘီစီ ဝက်ဘ်ဆိုက် မှာ အမေရိကန်သမ္မတထရမ့်၏ ထူးထူး ခြားခြား သတင်းတစ်ပုဒ်ကို အဦးဆုံးတွေ့လိုက်ရသည်။ သတင်းခေါင်းစဉ်က “ကိုရိုနာဗိုင်းရပ်စ်ကြောင့် နောက်ဆုံးမှာ နှာခေါင်းစည်း ဝတ်ဆင်လိုက်ရသည့် ဒေါ်နယ်ထရမ့်”ဟူ၍။ 

ဒေါ်နယ်ထရမ့်သည် အမေရိကန်ပြည်ထောင်စုမှာ COVID-19 စတင်ဖြစ်ပွားချိန်ကတည်းက သူ့အနေနှင့် Mask တပ်ဆင်မည်မဟုတ် ကြောင်း ဆက်တိုက်ပြောနေခဲ့ပြီး ဒီမိုကရက်တစ်ပါတီမှ နိုင်ငံရေးပြိုင်ဘက် ဂျိုးဘီဒင်ကိုလည်း ယင်းကိစ္စနှင့်ပတ်သက်၍ လှောင်ပြောင်ထိုးနှက်နေခဲ့သူဖြစ်လေသည်။ Mask တပ်ရန် “ဘူး”ခံနေခဲ့သည့် ဒေါ်နယ်ထရမ့်တစ် ယောက် နောက်ဆုံးတွင် Mask တပ်လိုက်သည့်ကိစ္စမှာ သတင်းကြီးတစ်ပုဒ် ဖြစ်သွားသလို အမေရိကန်ပြည်ထောင်စု၏ ကပ်ရောဂါကူးစက်ပျံ့နှံ့မှု အခြေအနေကိုလည်း တစ်မျိုးတစ်ဖုံ ထင်ဟပ်စေသည်ဟု ကျွန်တော်ထင် ပါသည်။ 

သိချင်၍ Gသသါlန မှာ ရိုက်ရှာကြည့်တော့ အမေရိကန်မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၃ ဒသမ ၂၉ သန်းကျော်နှင့် သေဆုံးသူ ၁၃၇,၀၀၀ ကျော်။ 

“မနည်းမနောပါလား”

ကျွန်တော်ထပ်ရှာကြည့်မိတော့ အဲဒီနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီ (တစ်ရက်အတွင်း) ကူးစက်ခံရသူ ခြောက်သောင်းခြောက်ထောင်ကျော် အထိရှိခဲ့သည်ကို တွေ့လိုက်ရသည်။ တစ်ကမ္ဘာလုံးမှာတော့ ကူးစက်ခံရ သူ ၁၂ ဒသမ ၅ သန်းကျော်နှင့် သေဆုံးသူ ငါးသိန်းခြောက်သောင်းကျော်။ ပထမလှိုင်း မပြီးသေးတာလား၊ ဒုတိယလှိုင်းလား ဆိုသည်ကိုပင် ဝေခွဲရ ခက်ပါသည်။ သေချာတာကတော့ ကမ္ဘာကြီးမှာ ထိုကပ်ရောဂါကြီးကူးစက် မှုက အရှိန်မြင့်တက်နေဆဲပင်။ 

ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု အစပိုင်းလောက်က အဆိုပါ Mask တပ်သည့်ကိစ္စနှင့်ပတ်သက်၍ ဂိုဏ်းနှစ်ဂိုဏ်းကွဲခဲ့သေးသည်။ တစ်ဂိုဏ်းက Mask မဖြစ်မနေတပ်ရန်ဆော်ဩပြီး နောက်တစ်ဂိုဏ်းက Mask တပ်လည်းမထူး၊ ဗိုင်းရပ်စ်က ကူးစရာရှိလျှင် ကူးမည်သာဖြစ်သည်ဟု ဆိုသူများ။ နောက်တော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကိုယ်တိုင်က လူအများ နှင့်ဆက်ဆံလျှင် သို့မဟုတ် လူကြားသူကြားထဲသွားလျှင် Mask ကို မဖြစ် မနေတပ်ရန် လမ်းညွှန်းချက်ထုတ်လိုက်တော့ ရှင်းသွားသည်။ 

ယခုရက်ပိုင်း နယ်မြို့တွေတော့ မပြောတတ်ပေ၊ ရန်ကုန်မှာ Mask မတပ်ဘဲ သွားလာနေသူတွေ အတော်များများကိုတွေ့လာရသည်။ ပြည်ပက ဝင်လာသူတွေမှာပဲ ဗိုင်းရပ်စ်ပိုးတွေ့ရှိပြီး ပြည်တွင်းကူးစက်မှုမရှိ သည်မှာ တစ်လခန့်ဖြစ်လာခြင်းအပေါ် စိတ်ချလက်ချဖြစ်လာကြ၍လား တော့ မပြောတတ်ပေ။ 

“ကာကွယ်ဆေးကလည်း မပေါ်သေး၊ ကုလို့ရတဲ့ဆေးကလည်း ဟိုလိုလို သည်လိုလိုနှင့်”ဆိုသည့်အတွေးကြောင့် ကျွန်တော်ကတော့ ဘယ်သွားသွား Mask တပ်သည်။ တွေ့သမျှ အသိမိတ်ဆွေတွေကိုလည်း Mask ဆက်တပ်ကြဖို့ ပြောမိသည်။ 

“မြန်မာပြည်မှာ ဆိုးဆိုးရွားရွား မဖြစ်တော့ပါဘူး”ဆိုပြီး ကိုယ့်ဘာသာ ကိုယ်ကျေနပ်နေ၍မဖြစ်နိုင်သေးဟု ကျွန်တော်ထင်သည်။ သည်ကြားထဲ ပြီးခဲ့သည့် ၁၀ ရက်ခန့်လောက်က တာချီလိတ်မြို့က ကိုဗစ်လူနာမှာ ပျောက် ကင်းပြီးမှ ပိုးပြန်တွေ့သည့်သတင်းကြောင့် တုန်လှုပ်ခဲ့ရသေးသည်။ ရန်ကင်း က ကျွန်တော်နှင့် ခင်မင်ရင်းနှီးရသည့် ဆရာဝန်တစ်ဦးကို အဲသည်တာချီ လိတ်လူနာကိစ္စ လှမ်းမေးမိခဲ့သေးသည်။ 

“ပိုးပြန်တွေ့တာ နှစ်မျိုးစဉ်းစားစရာရှိတယ်။ အစကတည်းက မပျောက်တာကို မဖမ်းနိုင်တဲ့သဘော၊ False Negative လား။ ဒါမှ မဟုတ်ပြန်ကူးတာလားဆိုတာ”

“ဟုတ်လား ဆရာ”

“သတင်းသမားတွေလည်း မျက်ခြည်မပြတ်သင့်ဘူးနော်” 

“ဟုတ်ကဲ့။ ကျွန်တော်ကတော့ ကျွန်တော်တို့တစ်တွေ ကံကောင်းနေတယ်လို့ ထင်နေတာ”

“ဘာပဲပြောပြော ကံကောင်းနေတာကတော့ အမှန်ပါ။ တကယ်တမ်းဖြစ်ပြီး ပျံ့နှံ့နေမယ်ဆိုရင် အတုံးအရုံးနဲ့ ဖုံးကွယ်ထားလို့လည်း ရမှာမဟုတ်ပါဘူး” 

သူပြောတာ ဖြစ်နိုင်ခြေအများကြီးရှိပါသည်။ သို့ပေမယ့် အစိုးရတွေကို တစ်သက်လုံး အယုံအကြည်ကင်းမဲ့ခဲ့သူ အချို့က ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကိစ္စတွင် ဖုံးကွယ်ထားတာတွေ ရှိနေသည်ဟု ထင်ကြသည်။ ကျွန်တော်လည်း ၁၀ တန်း(တက္ကသိုလ်ဝင်တန်း) စာမေးပွဲတွေမစတင်မီနှင့် စတင်နေချိန်လောက်က အဲသည်လိုတွေးမိခဲ့သည်။ “ဖုံးထားတာများလား”

တကယ်တမ်း ဆန်းစစ်ကြည့်လျှင် ယနေ့လိုခေတ်အခါမျိုးထဲမှာ ဘာတစ်ခုမျှ ဖုံးထား၍မရနိုင်။ ထင်ရှားကျော်ကြားသူအချို့ အိမ်ထောင် ရေးဖောက်ပြန်သည့်ကိစ္စမျိုးပင် အသေးစိတ် သိခွင့် ကြားခွင့်ရနေသောခေတ်။ အဲတော့ ကပ်ရောဂါကြီးကို ဖုံးထားဝှက်ထား၍ ဘယ်လိုမှ မဖြစ်နိုင်ပေ။ နောက်ပြီး ကပ်ရောဂါက တစ်ကမ္ဘာလုံးဖြစ်သည့်ရောဂါ၊ ဤနိုင်ငံ မှာဖြစ်၍ သိက္ခာကျစရာလည်းမရှိ။ မြန်မာအချို့တွေးတတ်သည့် အလွန်အမင်း “ကလီရှေး”ဆန်လွန်းသော အယူအဆအရ “မင်း”(အစိုးရ)မကောင်း လျှင်ကပ်ဆိုက်တတ်သည်ဟု တွေးလျှင်တော့ တစ်ကမ္ဘာလုံးက အစိုးရတွေလည်း မကောင်းဟုပင် ဆိုရချေမည်။ ထားတော့၊ မည်သို့ပင်ဖြစ်စေ ကျွန်တော့်မိတ်ဆွေ ဆရာဝန်ပြောသလိုပင် ကိုဗစ်ကိစ္စမှာ မြန်မာတွေ ကံကောင်းလွန်းသည်မှာ သေချာသည်။ 

သို့သော် ကံကိုယုံပြီး ဆူးပုံနင်း၍တော့ မည်သို့မျှမဖြစ်နိုင်သေးပေ။ တစ်ကမ္ဘာလုံးမှာ ကူးစက်မှုကြီးတွေက ကြောက်ခမန်းလိလိပင်။ ကျွန်တော်တို့၏ အိမ်နီးချင်း အိန္ဒိယဆိုလျှင် အာရှမှာ အတော်ဆိုးသည့်အဆင့်သို့ ရောက်နေပေသည်။ သို့အတွက်ကြောင့် ကျွန်တော်တို့ ဘယ်သွားသွား အပြင်ထွက်တာနှင့် Mask တပ်သင့်ပေသည်။ 

လောကမှာ ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီ၊ ကောင်းလှပြီ၊ အောင်မြင်ပြီဟု ထင်သည့်အချိန်သည် အမှားကြီးတစ်ခု စလုပ်သည့်အချိန်ပင်ဖြစ်သည်ဆိုသော သတိပေးဆုံးမစကားတစ်ခုရှိသည်။ အဲသည်တော့ ကျွန်တော်တို့တစ်တွေ ပေါ့ပေါ့ဆဆ အတွေးတွေဝင်ပြီး ပေါ့ပေါ့တန်တန် ပြုမူနေ ထိုင်တာမျိုးမလုပ်သင့်ဟု ထင်သည်။ 

ကျွန်တော်ကတော့ ပေါ့ပေါ့ဆဆဆိုသည့်ကိစ္စတွင် နှာခေါင်းစည်း Mask တစ်ခုတည်းကို ပြောလိုခြင်းမဟုတ်ပေ။ ငွေရေးကြေးရေးကိစ္စလည်း ပါဝင်ပေသည်။ အထူးသဖြင့် ကပ်ရောဂါကာလ အသုံးနှင့် အဖြုန်း၊ ဝင်ငွေနှင့် ထွက်ငွေအချိုးသည် ယခင်အချိန်ကာလတွေထက် ပို၍ပင်အရေးကြီးသည်။ နျူကလီးယားလက်နက်တွေ၊ အဏုမြူစစ်ပွဲတွေနှင့်ပတ်သက်၍ လုပ်ထားသော စစ်တမ်းတစ်ခုအကြောင်း ရေးထားသည့်သတင်း ကျွန်တော်တစ်ချိန်က ဖတ်ခဲ့ဖူးသည်။ လူအတော်များများက နျူကလီးယားစစ်မက်ထက် စီးပွားရေးမကောင်းတော့မှာ၊ ဝင်ငွေမရှိတော့မှာကို ပို၍ကြောက်ကြသည်ဟုဆိုသည်။ ယခုကပ်ရောဂါကိစ္စတွင်တော့ ကျွန်တော့်အထင်ပြော ရလျှင် ရောဂါကူးစက်မှာကိုလည်း ကြောက်ကြသလို ဝင်ငွေမရှိတော့မှာ၊ အလုပ်အကိုင်မရှိတော့မှာကိုလည်း ကြောက်ကြသည်ဟုထင်သည်။ ကျွန်တော်ကိုယ်တိုင်လည်း ကြောက်ပါသည်။ 

ကျွန်တော့်မိတ်ဆွေ အန်ကယ်ကြီးတစ်ဦးက “မောင်ရင် စဉ်းစားကြည့်လေ တိုင်းပြည်စီးပွားရေးကို”ဟု တစ်နေ့က ဖုန်းပြောရင်း ထည့်ပြောသည်။ 

ဆက်၍ သူက “တိုရစ်ဇင်လုပ်ငန်းလည်း သုညပဲ။ ဟိုတယ်လုပ်ငန်းတွေလည်း သုညပဲ။ အိမ်ခြံမြေလုပ်ငန်းတွေလည်း သုညပဲ”

သုညဆိုသည်မှာ ဘာတစ်ခုမျှပင် လည်ပတ်မှုမရှိတော့သည်ကို ဆိုလိုခြင်း ဖြစ်ပါလိမ့်မည်။ လုပ်ငန်းမလည်တော့လျှင် ငွေကြေးလည်း မလည်တော့ပေ။ ငွေကြေးလည်ပတ်စီးဆင်းတာမရှိတော့မှတော့ လခပေး ရန်၊ ဝန်ထမ်းတွေ ဆက်ခန့်ထားရန်လည်း လွယ်ကူမည်မဟုတ်ပေ။ မြန်မာ ပြည်တစ်နံတစ်လျားတွင် ယင်းလုပ်ငန်းများကို မှီခိုထားသည့် အခြား ဆက်စပ်လုပ်ငန်းတွေလည်း မနည်းမနောရှိသည်။ အကုန်လုံးချိတ်ဆက် နေကြသည်။ ကျွန်တော့်ကျောင်းနေဖက် ငယ်သူငယ်ချင်းတစ်ယောက် ကတော့ စားသောက်ဆိုင်တစ်ဆိုင်တွင် သူ့မိသားစုနှင့် ထိုင်စားနေပုံကို ဆယ်လ်ဖီဆွဲကာ “မိသားစုကိုလည်းအချိန်ပေး၊ Food Industry ထဲကိုလည်း ငွေကြေးစီးဆင်းပေးခဲ့တယ်”ဟု Facebook ပေါ်တင်သည်။ တိုရစ်ဇင်တို့၊ ဟိုတယ်လုပ်ငန်းတို့၊ အိမ်ခြံမြေတို့ စသည့်လုပ်ငန်းတွေထဲသို့ ငွေကြေးစီးဆင်းစေရေးအတွက် မည်သို့လုပ်ကြမည်နည်း။ တကယ့်ကို စိတ်ဝင်စားစရာပင်။ 

ကျွန်တော် စဉ်းစားနေမိပါသည်။ “လုပ်ငန်းတွေ ဘယ်တော့ပြန်လည် ပတ်နိုင်မှာလဲ။ ကာကွယ်ဆေးပေါ်လာရင်ရော အရင်တိုင်းဖြစ်ပါ့မလား”

ကျွန်တော်ထင်သည်၊ ကာကွယ်ဆေးရှိလာခဲ့လျှင်တောင် လွယ်လွယ် နှင့် ပုံမှန်အနေအထားသို့ ပြန်ရောက်နိုင်ဖွယ်မရှိပေ။ ကျွန်တော်တို့ တိုင်းပြည် စီးပွားရေးဟာ အခက်အခဲတွေ တပုံတပင် ကြီးနှင့် ရင်ဆိုင်ကြုံတွေ့ ရဖွယ်ရှိသည်။ သို့သော် အခက်အခဲအကျပ်အတည်းတို့က ကျွန်တော်တို့လို လူတစ်ဦးတစ်ယောက်ချင်း၊ မိသားတစ်စုချင်းကစပြီး တစ်နိုင်ငံလုံး အတိုင်းအတာအထိ အရည်အချင်းတွေ၊ စွမ်းအားတွေမြင့်တက်လာအောင် လုပ်ပေးနိုင်သည်ကိုတော့ မမေ့သင့်ပေ။ 

“ကျွန်တော်တို့ရဲ့ အားသာချက်က ဘာလဲ”၊ “ဘာလုပ်တတ်သလဲ”၊ “ဘယ်လိုအရည်အချင်းတွေကို ဖြည့်ဆည်းရမလဲ”စသည်ဖြင့် ဆန်းစစ် ကြည့်သင့်ပါသည်။ 

အမေရိကန်တွင်မူ နာမည်ကျော် United Airlines လေကြောင်းလိုင်းက ဝန်ထမ်းတစ်သိန်းနီးပါးရှိသည့်အထဲက သုံးသောင်းကျော်ကို လျှော့ချပစ်ဖို့လုပ်နေသည်ဟု ဆိုသည်။ အခြားဝါရင့် သက်တမ်းရင့် ကုမ္ပဏီကြီးအချို့ ဒေဝါလီခံမည်ဟု ကြေညာကြသည်။ ကိုဗစ်ကြောင့် စီးပွားရေး အစွမ်းကုန်ထိုးကျသွားသည်။ အမေရိကန်သမိုင်းကြောင်းမှာ အချိန်တို(ကာလတို)အတွင်း ဗြုန်းခနဲ စီးပွားရေးကျသွားတာမျိုးဖြစ် သည်။ “ကျွန်တော်တို့တိုင်းပြည်ရော ဗြုန်းခနဲကျသွားပြီလား”။ 

အချို့က အင်္ဂလိပ်အက္ခရာ “ဠ”ပုံစံမျိုးဖြစ်လိမ့်မည်ဟု မှတ်ချက် ပေးကြသည်။ ပုံမှန်လည်ပတ်နေရာမှ ကိုဗစ်ကြောင့် ဗြုန်းခနဲ ထိုးကျသွား ပြီး မူလအနေအထားသို့ ပြန်တက်သွားခြင်းမျိုးကို ဆိုလိုဟန်ရှိပါသည်။ 

ရန်ကုန်မြို့က ကျွန်တော်ထိုင်နေကျ နာမည်ကြီးလက်ဖက်ရည်ဆိုင်ကတော့ ကိုဗစ်ကာလ နယ်ပြန်သွားသည့် စားပွဲထိုးလေးများအားလုံးကို အကုန်ပြန်မခေါ်နိုင်သေးပေ။ ဆိုင်လာထိုင်သူလည်းနည်းပါး၊ ခုံတွေကလည်း ခြားထားရသောကြောင့် ယခင်ကာလကလို လူမကျနိုင်တော့၍ စားပွဲ ထိုးဝန်ထမ်းများကိုလည်း တစ်ဝက်နီးပါးခန့်သာ ပြန်ခေါ်ထားသည်ဟု သိရသည်။ တစ်နေ့က ထိုဆိုင်သို့ရောက်သွားဖြစ်သည်။ ဝင်ငွေပုံမှန်ပြန်ဖြစ်လာချိန်၊ အရာရာ ယခင်ကလို ပြန်ဖြစ်လာချိန်ရောက်မှ ဝန်ထမ်းအကုန်လုံးကို ပြန်ခေါ်နိုင်မည်ဟု ဆိုင်ရှင်က ကျွန်တော့်ကိုရင်ဖွင့်သည်။ 

“တတ်နိုင်သလောက် စိစစ်နေရတယ်ဗျို့”

“ဒါပေါ့ဗျာ”

ဝန်ထမ်းတစ်ဦးတစ်ယောက်ကိုမျှ လစာပေးနေရသူမဟုတ်သလို လုပ်ငန်းရှင်လည်းမဟုတ်သည့် ကျွန်တော့်အတွက်တော့ နယ်မှမျှော်နေ သည့် ကျန်ဝန်ထမ်းတွေကို သူတို့အမြန်ဆုံးပြန်ခေါ်နိုင်ချိန်ရောက်ပါစေဟု ဆန္ဒပြုမိသည်။ သေချာကတော့ ကျွန်တော်တို့တစ်တွေ Mask မပါဘဲ ပေါ့ပေါ့သွား၊ ပေါ့ပေါ့လာနေ၍မဖြစ်သလို ပိုက်ဆံကိုလည်း ရချိန်တန် ရလာမည့်အရာဟု ပေါ့ပေါ့သဘောထားပြီး မသုံးသင့်ပေ။ လာဘ်မြင်တတ် ဖို့လိုသလို ရောင့်ရဲတင်းတိမ်တတ်ဖို့လည်း လိုအပ်သည်ဟု ကျွန်တော် ထင်သည်။ ရောင့်ရဲတင်းတိမ်တတ်ခြင်းသည် မင်္ဂလာတစ်ပါးပင် မဟုတ်ပါလော။

ချွန်ထူးဟန်