News

POST TYPE

PERSPECTIVE

ကိုဗစ်ကာလ မြန်မာ့ရွေးကောက်ပွဲ အလားအလာ
13-Jul-2020


ကိုဗစ် - ၁၉ အကန့်အသတ်တွေကြားကပဲ ၂၀၂၀၊ စင်ကာပူ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပပြီးစီးသွားခဲ့ပါပြီ။ ဇူလိုင်လ ၁၀ ရက်နေ့မှာ စတင်ကျင်းပတဲ့ အထွေထွေ ရွေးကောက်ပွဲကို မဲဆန္ဒပေးပိုင်ခွင့်ရှိတဲ့ စင်ကာပူ ပြည်သူ ၂ ဒသမ ၅သန်းကျော် လာရောက်မဲပေးခဲ့ကြပြီး စုစုပေါင်းအမတ် ၉၃ နေရာရှိတဲ့ ပါလီမန်လွှတ်တော်မှာ လက်ရှိအာဏာရ ပီအေပီ ပါတီက အမတ်နေရာ ၈၃ နေရာရပြီး အနိုင်ရသွားခဲ့ပါတယ်။ စုစုပေါင်း လူဦးရေ ၅ ဒသမ ၆ သန်းသာရှိတဲ့ စင်ကာပူကျွန်းနိုင်ငံ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်တဲ့ပါတီ ၁၀ ပါတီသာရှိပြီး အစဉ်အလာမပြတ် လက်ရှိအာဏာရပါတီ (PAP)ကပဲ အမတ်နေရာ ၈၃ နေရာ အနိုင်ရပြီး အောင်ပွဲခံခဲ့တာဖြစ် တယ်။ ဒါကြောင့် လက်ရှိဝန်ကြီးချုပ် လီရှန်လွန်းကပဲ အပြောင်းအလဲမရှိ အစိုးရအဖွဲ့ကို ဆက်ဦးဆောင်သွားမှာ ဖြစ်ပါတယ်။ အစဉ်အလာမပြတ်လို့ ဆိုရတာက ၁၉၆၅ ခုနှစ် စင်ကာပူလွတ်လပ်ရေးရပြီးချိန်ကစလို့ ကျင်းပတဲ့ ရွေးကောက်ပွဲတိုင်းမှာ (PAP)လို့ခေါ်တဲ့ ]ပြည်သူ့လှုပ်ရှားမှုပါတီ}ကပဲ အမြဲ အနိုင်ရခဲ့လို့ပါ။ တခြားရွေးချယ်စရာလည်း သိပ်မရှိပါဘူး။ ဒါတောင် ဒီနှစ်ရွေးကောက်ပွဲမှာ (PAP) ကို ထောက်ခံတဲ့ မဲအရေအတွက် ၆၁ ရာခိုင်နှုန်း ကို ကျသွားတယ်လို့ဆိုတယ်။ ၂၀၁၅ တုန်းကတော့ ခုလိုပဲ ပီအေပီ ပါတီ က အနိုင်ရပြီး မဲဆန္ဒအရေအတွက် ၆၉ ရာခိုင်နှုန်း ရှိခဲ့တယ်။ ကျန်တဲ့ ၁၀ နေရာကိုတော့ အလုပ်သမားပါတီက ရရှိခဲ့တယ်။

ထူးခြားမှုတစ်ခုက ဒီရွေးကောက်ပွဲကို ကိုဗစ်ကပ်ဘေးကာလအတွင်း မှာ ကျင်းပနိုင်ခဲ့တာပဲဖြစ်တယ်။ ကမ္ဘာမှာ ကိုဗစ်ရောဂါကပ်ဘေး ကျရောက် နေတော့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ပါ့မလားလို့ သံသယရှိနေချိန်မှာပဲ စင်ကာပူက ရွေးကောက်ပွဲကို အောင်အောင်မြင်မြင် ကျင်းပခဲ့တာပဲဖြစ်တယ်။ စင်ကာပူက မဲပေးသူတွေဟာ Social Distancing အရ တစ်ယောက်နဲ့ တစ်ယောက်သုံးပေခွာတန်းစီပြီး မျက်နှာဖုံးတပ်၊ ပလတ်စတစ် လက်အိတ်စွပ်ပြီး မဲထည့်ကြရတယ်။ ကိုဗစ်ကာလဖြစ်ပေမယ့် မဲပေးပိုင်ခွင့်ရှိသူ ၉၅ ဒသမ ၆ ရာခိုင်နှုန်းအထိ မဲရုံတွေကို လာရောက်မဲပေးခဲ့ကြတယ်။ စင်ကာပူက လက်ရှိအခြေအနေမှာ ကိုဗစ်ကူးစက်မှု အမြင့်ဆုံးနေရာမှာ ရှိနေသေးတယ်။ စုစုပေါင်း ကူးစက်ခံရသူအရေအတွက် ၄၅၀၀၀ ကျော်ရှိပြီး နေ့စဉ်လည်း ရောဂါပိုးတွေ့ရှိသူ တစ်ရာကျော် နှစ်ရာနီးပါး ရှိနေဆဲဖြစ်တယ်။ ဒီလိုအခြေအနေမျိုးမှာ ရွေးကောက်ပွဲကို အောင်မြင်အောင်ကျင်းပခဲ့တာ ဖြစ်တယ်။ 

ရွေးကောက်ပွဲကျင်းပရက် သတ်မှတ်ချိန်နဲ့ ကျင်းပချိန်က ရက် ၂၀ မပြည့်ပါဘူး။ ဇွန်လ ၂၃ ရက်မှာ စင်ကာပူသမ္မတ ဟာလီမာ ယာကွတ် က ၁၃ ကြိမ်မြောက် ပါလီမန်လွှတ်တော်ကို ဖျက်သိမ်းကြောင်း ကြေညာပြီး ဇူလိုင်လ ၁၀ ရက်မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာခဲ့တယ်။ အဲဒီချိန်ကစလို့ မဲဆွယ်စည်းရုံးရေးတွေ၊ မီဒီယာများက ရွေးကောက်ပွဲလှုပ်ရှားမှုသတင်းတွေ အသားပေးဖော်ပြတော့တာပါပဲ။ 

ခုလို ကိုဗစ် Pandemic Period ကာလအတွင်း ရွေးကောက်ပွဲ ကျင်းပမှုကို ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း တောင်ကိုရီယားမှာ ပြုလုပ်သွားခဲ့တယ်။ ကျန်းမာရေးကန့်သတ်ချက်တွေ၊ Social Distancing စည်း ကမ်းချက်တွေနဲ့အညီ အောင်အောင်မြင်မြင် ကျင်းပသွားခဲ့တာဖြစ်တယ်။ 

မြန်မာနိုင်ငံမှာရော ခုလို ကိုဗစ်ကန့်သတ်ချက်တွေ လူစုလူဝေးအကန့် အသတ်တွေ ရှိနေချိန်မှာ ၂၀၂၀ ရွေးကောက်ပွဲကို အောင်အောင်မြင်မြင် ကျင်းပနိုင်ပါ့မလား၊ နောက်ဆုတ်သွားမလားလို့ သံသယရှိနေချိန်မှာပဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၁ ရက် နေ့စွဲနဲ့ လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ စတင်ကျင်းပမယ့်အကြောင်း ကြေညာလိုက်တော့ အားလုံးက အံ့အားသင့် သွားကြတယ်။ ဘာပဲဖြစ်ဖြစ် တိကျတဲ့ Social Distancing တစ်ခုရှိပြီဆိုတော့ ပါတီတွေလည်း ကြိုတင်ပြင်ဆင်စရာရှိတာ ပြင်ဆင်နိုင်ကြပြီပေါ့။ 

တစ်ခုတော့ရှိတယ်။ မဲဆွယ်စည်းရုံးမှုတွေ လာမယ့် ဩဂုတ်လ ဒုတိယ ပတ်ကျမှ တရားဝင်ပြုလုပ်ခွင့်ရကြမယ့် အနေအထားမှာ လက်ရှိကြုံတွေ့ နေရတဲ့ ကိုဗစ်ကာလ လူစုလူဝေး ကန့်သတ်ချက်တွေကြောင့် ပါတီတွေ စိတ်ရှိလက်ရှိ မဲဆွယ်စည်းရုံးခွင့် ရနိုင်ကြပါ့မလား ဆိုတာပဲ။ စင်ကာပူတို့၊ တောင်ကိုရီးယားတို့မှာတော့ ကိုယ်စားလှယ်လောင်းများက မဲဆန္ဒရှင်များနဲ့ တွေ့ဆုံရာမှာ Social Distancing စည်းမျဉ်းအတိုင်း ခပ်ခွာခွာ စုဝေးစေပြီး ဟောပြောစည်းရုံးကြသလို ပါတီလိုဂိုပါတဲ့ Mask တွေ တပ်ဆင်ပြီး စည်းရုံးကြတာ၊ လူစုလူဝေးကန့်သတ်ချက်ရှိတာကြောင့် မဲဆွယ်စည်းရုံးမှု ကို Online ကတစ်ဆင့် မက်ဆေ့ခ်ျပို့ခြင်း၊ ကြော်ငြာခြင်းကို အဓိကထား ပြုလုပ်ကြတာတွေ့ရတယ်။ အထူးသဖြင့် အွန်လိုင်းမဲဆွယ်စည်းရုံးမှုကို ပြုလုပ်ကြတယ်။ 

ရွေးကောက်ပွဲမတိုင်မီမှာ လူစုလူဝေးကန့်သတ်ချက်တွေ ရုပ်သိမ်း ပေးနိုင်မယ်ဆိုရင်တော့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲဟာ အင်မတန်မြိုင်ဆိုင်တဲ့ ဒီမိုကရေစီရွေးကောက်ပွဲတစ်ခု ဖြစ်လာမှာပါ။ ခုချိန်မှာတော့ အာဏာရ ပါတီအနေနဲ့ အွန်လိုင်းကတစ်ဆင့် အသာစီးရယူပြီး မဲဆွယ်မှုတွေ ပြုလုပ်နေတယ်လို့ အတိုက်အခံပါတီတွေဘက်က စွပ်စွဲမှုတွေလည်း ရှိနေတယ်။ ဒီကြားထဲမှာ နိုင်ငံတော်သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့က လက်ရှိရယူထားတဲ့ အစိုးရအဖွဲ့တာဝန်အပြင် ပါတီစည်းရုံးရေးတာဝန်တွေကိုပါ လုပ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက် ၃၁/၂၀၁၅ ကြောင့် အတိုက်အခံပါတီတွေဘက်က ဝေဖန်စရာတွေဖြစ်လာတာ တွေ့ရတယ်။ ဒါကလည်း ဟိုအရင် ဦးသိန်းစိန်လက်ထက်ကတည်းက ပြဋ္ဌာန်းထားခဲ့လို့ အဲဒီအတိုင်း လုပ်ဆောင်ရတာပါလို့ အာဏာရပါတီဘက်က ငြင်းပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ အစိုးရအဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ သမ္မတအပါအဝင်ဝန်ကြီးတွေဟာ တာဝန်ထမ်းဆောင်စဉ် အခိုက်မှာ ပါတီကိစ္စဆောင်ရွက်ခွင့်မရှိလို့ ပြဋ္ဌာန်းထားတယ်။ ဒီပြဋ္ဌာန်းမှုကို သမ္မတဦးသိန်းစိန်လက်ထက်က ဥပဒေပြဋ္ဌာန်းပြင်ဆင်ခဲ့လို့ လက်ရှိ အာဏာရအစိုးရကလည်း အဲဒီဥပဒေနဲ့အညီ လုပ်ဆောင်တာလို့ ဆိုတယ်။ ဇူလိုင်လ ၂ ရက်မှာ နေပြည်တော်မှာ အန်အယ်လ်ဒီပါတီရဲ့ ယာယီရုံးချုပ်ဖွင့်လှစ်ခဲ့ရာမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတတို့တက်ရောက် ခဲ့တာ တွေ့ရတယ်။ 

ခုချိန်ထိတော့ ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေက လှုပ်လှုပ်ရှားရှား သိပ်မတွေ့ရသေးဘူး။ ပါတီတွေက ကိုယ်စားလှယ်လောင်း ရွေးချယ်မှုတွေပြုလုပ်ပြီး ကော်မရှင်ကို တင်ပြအတည်ပြုပြီးမှသာ အပြိုင်အဆိုင် မဲဆွယ်စည်းရုံးမှုတွေ မြင်တွေ့ရမှာပါ။ တရားဝင် မဲဆွယ်စည်းရုံးမှုတွေ မပြုလုပ်ကြသေးပေမယ့် ဆိုရှယ်မီဒီယာနဲ့ အွန်လိုင်းမီဒီယာတွေမှာတော့ လော်ဘီလုပ်နေကြတဲ့ လှုပ်ရှားမှုတွေ တွေ့နေရပါပြီ။ 

လက်ရှိ မြန်မာ့နိုင်ငံရေးအနေအထားအရ အဓိက အာဏာရပါတီက အင်အားအလွန်တောင့်တင်းနေသလောက် အတိုက်အခံဘက်မှာ အင်အားတောင့်တင်းမှုမရှိတဲ့ ပါတီက အများစုဖြစ်နေတာ တွေ့ရတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်ကို ကျန်ပါတီများက ကျော်လွှားဖို့ မလွယ်ကူတဲ့အနေအထားမှာ ရှိနေတယ်။ အာဏာရပါတီရဲ့ ငါးနှစ်တာ စွမ်းဆောင်ရည်မှာ အနာအဆာတွေ ရှိနေပေမယ့် ထောက်ခံမှုပမာဏက လျော့ကျသွားမယ့်လက္ခဏာမှာ ရှိမနေဘူး။ 

အဓိက အတိုက်အခံ ပြည်ခိုင်ဖြိုးပါတီမှာ ပုံရိပ်ကောင်းတဲ့ ခေါင်းဆောင်မရှိသလို ထောက်ခံမှုကလည်း ၂၀၁၅ ခုနှစ် အနေအထားလောက်တောင် မရှိတာတွေ့နေရတယ်။ သတိထားရမယ့် ပါတီများအဖြစ် ပြည်သူ့ ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီတို့ ထွက်ပေါ်လာပေမယ့် ပြည်သူတွေရဲ့ စိတ်ဝင်စားမှု ထူးထူးခြားခြား မရှိသေးတာ တွေ့ရတယ်။ တိုင်းရင်းသားပါတီတွေကတော့ သက်ဆိုင်ရာ ပြည်နယ်တွေမှာ အရင်ကထက် ပိုအားကောင်းလာမယ့် သဘောမှာ ရှိနေတယ်။ ရွေးကောက်ပွဲကျင်းပဖို့ လေးလအလိုအထိတော့ လက်ရှိ အာဏာရပါတီကပဲ အသာစီးအနေအထားမှာ ရှိနေတာ တွေ့ရတယ်။ 

ခုချိန်မှာ အဖြေထုတ်ဖို့၊ ခန့်မှန်းဖို့ စောနေသေးပေမယ့် ၂၀၂၀ မြန်မာအထွေထွေရွေးကောက်ပွဲဟာ ကိုဗစ်ကာလအတွင်းကျင်းပသွားတဲ့ တောင်ကိုရီးယားရွေးကောက်ပွဲ၊ စင်ကာပူ ရွေးကောက်ပွဲတွေလိုပဲ လက်ရှိအာဏာရပါတီတွေကပဲ ဆက်ပြီးအနိုင်ရသွားမလား မသိနိုင်ပါ။ 

ချစ်ဝင်းမောင် 

(၁၂ - ၇ -၂၀၂၀)