News

POST TYPE

PERSPECTIVE

ဥပဒေကပြောသော အမှန်တရား
10-Jul-2020


ရန်နိုင် ။   ။ ဆန်စင်ရာ ကျည်ပွေ့လိုက်နေရသလို၊ တစ်နေ့တစ်မျိုး မရိုးရပါလား ကိုရန်ပိုင်ရေ။ ရွေးကောက်ပွဲရက် တဖြည်းဖြည်းနဲ့ နီးလာသလို အဖြစ်အပျက်၊ အယူအဆမျိုးစုံကလည်း ထောင့်ပေါင်းစုံက တက်နေတော့ မနည်းလိုက်ပြီး လေ့လာစောင့်ကြည့်နေရတာလည်း မောသားဗျ။ အခုလည်း နိုင်ငံတော်သမ္မတအပါအဝင် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့         ရွေးကောက်ပွဲစည်းရုံးလှုပ်ရှားမှုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီ၊ တရားမျှတမှုမရှိဘူးလို့ ကန့်ကွက်ဝေဖန်သံတွေ ထွက်ပေါ်လာတဲ့အပေါ် ဘယ်အရာတွေက ဘာ့ကြောင့်ဆိုတာနဲ့ပတ်သက်ပြီး ကိုရန်ပိုင်က ဘယ်လိုမြင်လဲဗျ။

ရန်ပိုင် ။   ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ရွေးကောက်ပွဲစည်းရုံးလှုပ်ရှားမှုဆိုင်ရာကြေညာချက်ကို ဇူလိုင်လ ၁ ရက်နေ့မှာ ရွေးကောက်ပွဲကော်မရှင်ရဲ့ကြေညာချက် အမှတ် (၁၁၇/၂၀၂၀)အရ ရွေးကောက်ပွဲ ဆိုင်ရာပါတီစည်းရုံးရေးလုပ်ငန်များ၊ နယ်မြေစည်းရုံးရေးလုပ်ငန်းများ၊ စုဝေးဟောပြောခြင်း၊ မဲဆွယ်စည်းရုံးခွင့်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ခွင့်ရှိကြောင်း ခေါင်းစဉ်နဲ့အသိပေးချက် ထုတ်ပြန်ကြေညာခဲ့တယ်ဗျ။ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနဲ့မဲဆွယ်စည်းရုံးခွင့်ကိုတော့ ကိုယ်စားလှယ်လောင်းအတည်ပြုပြီးရင် ရွေး/ကော်ကနေထုတ်ပြန်ပေးမယ်လို့ပါတယ်ဗျ။ ရွေး/ကော်ထုတ်ပြန်ချက်ကို အကျဉ်းချုပ်မယ်ဆို ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေနဲ့အညီ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၁၂၀၊ ၁၂၁ ပြဋ္ဌာန်းချက်နဲ့ညီရင် ပါတီစည်းရုံးရေး၊ နယ်မြေစည်းရုံးရေးတွေလုပ်လို့ရတယ်လို့ ဆိုတဲ့သဘောပေါ့ဗျာ။ ဒီကြေညာချက်အပေါ် အခြေခံပြီး ဒီချုပ်ကနေ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုတိယဥက္ကဋ္ဌ(၁) ဦးဝင်းမြင့်တို့ ပါတီစည်းရုံးရေးနဲ့ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေကို ဇူလိုင်လ ၂ရက်နေ့ကစပြီး စတင်တော့မယ်လို့ ကြေညာချက်ထွက်လာပြီး နောက်အခုလို ဝေဖန်သံတွေထွက်လာတာ ကိုရန်နိုင်ရေ။

ရန်နိုင်။   ။ ဒီကြေညာချက်အပေါ် နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးလေ့လာ သုံးသပ်သူအချို့က ၂၀၂၀ ရွေးကောက်ပွဲမဲဆွယ်ခွင့်က တရားမျှတမှုမရှိဘူးလို့ ကန့်ကွက်ခဲ့ကြသလို၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီဘူးလို့ ပြောဆိုနေကြတာမဟုတ်လား၊ အခုကြေညာချက်မှာ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေအရ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီရင် စတင်လုပ်ကိုင်နိုင်တယ်ဆိုတာ ပြောထားလေတော့ ကျွန်တော်တောင်နားရှုပ်ကုန်ပြီ ကိုရန်ပိုင်ရေ။

ရန်ပိုင်။   ။ ယေဘုယျပြောရရင် ဥပဒေတို့ရဲ့အချုပ်ကတော့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပေါ့ဗျာ။ ကျန်တဲ့ဥပဒေဆိုတာတွေကလည်း ချိတ်ဆက်နေတဲ့သဘောပေါ့၊ ဒီနေရာမှာ နည်းပညာအသုံးအနှုန်းတစ်ခုကို ဥပမာထားပြောရရင် ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေနဲ့ ချိတ်ဆက်မှုအားနည်းချက် Synchronized မဖြစ်တဲ့နေရာကနေ လက်ရှိအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရအဖွဲ့ကနေ အသုံးချသွားတယ်လို့မှတ်တယ်ဗျ။ 

ရန်နိုင်။   ။ ရှင်းမှပိုရှုပ်သလိုဖြစ်နေပြီ ကိုရန်ပိုင်၊ အရှုပ်ထဲကနေရှင်းအောင်နေတတ်ဖို့ထပ်ရှင်းပြပါဦးဗျ။

ရန်ပိုင်။   ။ သိပြီးတတ်ပြီးသူတွေအတွက်မဟုတ်ပါဘူး၊ ဇဝေဇဝါဖြစ်နေမယ့် သာမန်ပြည်သူတွေအတွက် ရှင်းပြရရင် ၂၀ဝ၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြုလုပ်ခွင့်မရှိတာမှန်ပေမယ့် ၂၀၁၀ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ ဖြိုးရေးကောင်စီလက်ထက် ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေအမှတ် ၁၅ /၂၀၁၀ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေအရတော့  နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တွေဟာ ဖော်ပြပါ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေအရက အကျုံးဝင်တဲ့အတွက်၊ ပါတီစည်းရုံးရေးလုပ်ငန်း၊ နယ်မြေစည်းရုံးရေးလုပ်ငန်းများကို ပြုလုပ်ခွင့်ရှိတယ်လို ပြောလို့ရတယ် ခင်ဗျ။

၂၀ဝ၈ အခြေခံဥပဒေအရ ပြုလုပ်ခွင့်မရှိဘူးလို့ ဝေဖန်နေသူတွေ ပြောတဲ့အခြေခံဥပဒေပါပုဒ်မတွေက နိုင်ငံတော်သမ္မတ၊ ဒုသမ္မတနဲ့       ပြည်ထောင်စုဝန်ကြီးတွေနဲ့ဆိုင်တဲ့ အခန်း (၃) ပုဒ်မ ၆၄နဲ့ အခန်း(၅) ပုဒ်မ ၂၃၂ (ဠ) ပါအချက်တွေကို အကျဉ်းချုပ်ပြောရရင် နိုင်ငံတော်သမ္မတအပါအဝင် ပြည်ထောင်စုဝန်ကြီးတွေဟာ နိုင်ငံရေးပါတီတစ်ခုက ဖြစ်ရင် ခန့်အပ်ခံရသည့်နေ့ကစပြီး ရာထူးသက်တမ်းငါးနှစ်တာကာလမှာပါတီရဲ့လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခွင့်မရှိဘူးဆိုတဲ့အချက်တွေပါရှိတဲ့အတွက် ဒီအချက်အပေါ် အခြေခံပြောတာဖြစ်မယ် ကိုရန်နိုင်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ရွေး/ကော်ကြေညာချက်ပါ  ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မတွေဖြစ်တဲ့ ပုဒ်မ ၆ ပုဒ်မခွဲ (က)၊ ပုဒ်မ၇ ပုဒ်မခွဲ(ခ)၊ ပုဒ်မ၁၇ ပုဒ်မခွဲ(ဂ)၊ ပုဒ်မ၁၇ ပုဒ်မခွဲ(ဃ)ပါ အချက်တွေအပေါ်အခြေခံပြီး စည်းရုံးရေး စတင်တော့မယ်လို့ ကြေညာခဲ့တာဗျ။

ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပါအချက်ကို အကျဉ်းချုပ်ရရင် နိုင်ငံတော်သမ္မတ၊ ဒုသမ္မတအပါအဝင် အစိုးရအဖွဲ့ဝင်တစ်ဦးဦးဟာ နိုင်ငံရေးပါတီအဖွဲ့ဝင်၊ သီးခြားခန့်အပ်တာဝန်ပေးအပ်ခံရသူ၊ တစ်သီး ပုဂ္ဂလဖြစ်ဖြစ်  ရွေးကောက်ပွဲတွင် ပါဝင်ရွေးချယ်ခံမယ့်သူဆိုရင် ရွေးချယ်ခွင့်မဆုံးရှုံးစေဖို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာသည့်နေ့ကစပြီး ပါတီစည်းရုံးရေးလုပ်ငန်းနဲ့ နယ်မြေစည်းရုံးရေး လုပ်ငန်းတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၀၊ ၁၂၁ တို့နဲ့ညီရင် ဆောင်ရွက်ခွင့်ရှိတယ်လို့ပါရှိတယ်ဗျ။ 

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၀၊ ၁၂၁ဆိုတာကတော့ အခြားမဟုတ်ပါဘူး၊ ကိုယ်စားလှယ်လောင်း အရည်အချင်းတွေဖြစ်တဲ့ အသက် ၂၅ နှစ်ပြည့်ပြီးသူတို့ ဘာတို့စတဲ့ သတ်မှတ်ချက်အရည်အချင်းတွေကို ဆိုလိုတာပါဗျ။

ပါတီစည်းရုံးရေး၊ နယ်မြေစည်းရုံးရေးတွေ လုပ်ခွင့်ရှိတယ်လို့ သတ်မှတ်ရေးဆွဲထားတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေကို နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ တပ်မတော်အစိုးရလက်ထက်မှာ အဲဒီအချိန်က နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နာမည်နဲ့ ထုတ်ပြန်ခဲ့တာပဲ။ ပြီးပြည့်စုံတဲ့ ဥပဒေတစ်ရပ်ဆိုတာမရှိဘူးလို့ ပြောရမှာပေါ့ ကိုရန်နိုင်ရေ။

ရန်နိုင်။   ။ သဘောပေါက်ပြီ ကိုရန်ပိုင်ရေ။ ဥပဒေတစ်ခုက လုပ်ခွင့်မရှိဘူး ဆိုနေပေမယ့် တခြားဥပဒေရဲ့ပေးထားချက်က လုပ်ခွင့်ရှိပါတယ်ဆိုနေတော့ Rules of Law အရ အမှန်ယူရမယ်ထင်ပါတယ် ကိုရန်ပိုင်ရေ။

ချမ်းမြသာယာရှိကြပါစေ
အဂ္ဂ