News

POST TYPE

PERSPECTIVE

လျှပ်တစ်ပြက် တွံတေး
20-Jun-2019


လှိုင်သာယာမြို့ကနေ ပန်းလှိုင်မြစ်ကူးတံတား (လှိုင်သာယာ) ကို ဖြတ်ကျော်လိုက်မိသည်နှင့် လေညင်းက အသော့နှင်ကာ လူကို ကလူကျီစယ်သွားသည်။ လမ်းဘေးဝဲယာ တစ်လျှောက်ရှိ လယ်ကွင်းစိမ်းစိမ်းများကို မြင်တွေ့ခွင့်ရလိုက်ခြင်းကပင် ကျွန်တော့် စိတ်အလျဉ်ကို လန်းဆန်းတက်ကြွစေ၏။ တောဓလေ့၊ တောအငွေ့သည် ကျွန်တော့်ကိုကြည်နူးစေသည်မှာအမှန်။ မြို့ပြတွင် နိစ္စဓူဝကြုံတွေ့နေရသော မွန်းကျပ်မှုများကို တဒင်္ဂတော့ ကျွန်တော်မေ့လျော့သွားသည်။ လတ်ဆတ်အေးမြသောလေကို တဝကြီး ရှူသွင်းဖို့ လက်ကိုဆန့်တန်းလိုက်မိတော့ အတူပါလာသူ သူငယ်ချင်းက ကျွန်တော့်ကို တို့ထိကာ သတိလှမ်းပေးလေသည်။ ဟုတ်သည်။ ကျွန်တော်သည် ဆိုင်ကယ်မောင်းလာသည်ကိုပင် မေ့လျော့သွားလောက်အောင် ဝန်းကျင်၏အာရုံမှာ နစ်ဝင်သွားခဲ့လေသည်။ ကျေးလက်၏အငွေ့အသက်သည် ဘယ်အခါပွေ့ဖက်ခွင့်ရပါစေ မရိုးနိုင်သော တေးတစ်ပုဒ်ပင်မဟုတ်လား။

လှိုင်သာယာတွင်နေထိုင်သော ကျွန်တော့်အတွက် တွံတေးမြို့သည် အနေနီးသော်လည်း ခရီးကဝေးနေခဲ့သည်။ တွံတေးမြို့သို့ ကျွန်တော်တစ် ခေါက်မှ မရောက်ဖူး။ သို့သော် သည်တစ်ခေါက်တော့ မဖြစ်မနေသွားရန် အကြောင်းဖန်လာခဲ့သည်။ သည်ခရီးကိုသွားဖြစ်ဖို့ တွံတေးမြို့မှာနေထိုင်သော သူငယ်ချင်းဖြစ်သူ ဆရာအောင်ဂျူးကို ကျေးဇူးအခါခါတင်မိ၏။ သူ၏ဖိတ်ခေါ်မှုကြောင့်ပင် ကျွန်တော်နှင့် ဆရာမောင်မြင့်ဝင်းတို့ အချိန်းအချက် ပြုလုပ်ပြီး ဆိုင်ကယ်တစ်စီးနှင့် အတူလာဖြစ်ခဲ့လေသည်။ ပန်းလှိုင်မြစ်ကူးတံတား (လှိုင်သာယာ) ကို လွန်မြောက်ပြီး နာရီဝက်ခန့်အကြာတွင် တွံတေးတံတားကြီးကို လှပစွာမြင်လိုက်ရသည်။ ကွင်းပြင်ကျယ်ကြီးအလယ်တွင် ငွားငွားစွင့်စွင့်တည်ရှိနေသော တွံတေးတံတားကြီးကို အဝေးကမြင်ရရုံဖြင့် ကိုယ်ချစ်ခင်ရသောမိန်းမပျိုကို ပထမဆုံး ရည်းစားစကားပြောနေရသလို ကျွန်တော့်ရင်အစုံသည် တလှပ်လှပ်ခုန်နေမိလေသည်။ ဒါသည်ပင် ခရီးထွက်ရခြင်း “ရသ” လေလား။

တွံတေးတံတားတက်ခါနီး ဂိတ်တစ်ခုနှင့် လမ်းခွဲတစ်ခုကိုမြင်တွေ့ရသဖြင့် ဆိုင်ကယ်ခဏရပ်ကာ ကျွန်တော်စပ်စုကြည့်လိုက်သည်။ မအူပင်မြို့သို့ အချိန်တစ်နာရီခန့်ဖြင့် ရောက်နိုင်သော ဖြတ်လမ်းဖြစ်သည်ဆို၏။ နိုင်ငံတစ်နိုင်ငံတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေးသည်လည်း အဓိက ကျပေသည်။ သို့ဆိုလျှင် မအူပင်မြို့သည်လည်း ရန်ကုန်ရွှေမြို့တော်နှင့် အနီးလေးပဲဟု ကျွန်တော်အတွေးရောက်ရသည်။ ရေဆာလာသဖြင့် တံတားဝန်းကျင်ကဈေးဆိုင်တွင် ရေသန့်တစ်ဘူးဝယ်လိုက်ပြီး ဆက်ထွက်လာခဲ့သည်။

ခရီးစဉ်နီးနီးဝေးဝေး ခရီးထွက်လျှင် ဓာတ်ပုံရိုက်တတ်သည်မှာ ကျွန်တော်၏ ဝါသနာပင်ဖြစ်သည်။ တွံတေးတံတားပေါ်တွင် အခြားသော ဆိုင်ကယ်များ ရပ်နားနေသည်ကိုမြင်သဖြင့် ကျွန်တော်လည်း ဘေးကပ် ကာရပ်လိုက်သည်။ အမှတ်တရဓာတ်ပုံရိုက်ဖို့ပင်။ တွံတေးတံတားဆိုင်းဘုတ်ကို နောက်ခံထားပြီး တစ်ယောက်တစ်လှည့် ဓာတ်ပုံရိုက်လိုက်သည်။ ထို့နောက် နှစ်ယောက်တွဲပြီး ဆယ်လ်ဖီဆွဲနေစဉ် “ဟေး” ဟူသည့် အော်သံများကြောင့် လှည့်ကြည့်လိုက်မိသည်။ မိန်းမပျိုအများစုပါသောဘုရားဖူး ကားပင်ဖြစ်သည်။ ကျွန်တော်တို့ကို လှောင်သွားခြင်းဖြစ်မည်။ ကားများ၊ ဆိုင်ကယ်များ အသွားအပြန်စိပ်ပုံကို မြင်တွေ့ရသဖြင့် မြို့၏ တိုးတက်မှုကို ခန့်မှန်းမိရသည်လေ။

တွံတေးတံတားက ဆက်ထွက်လာပြီး သိပ်မကြာ “ဘုရားငုတ်တို” ဟုခေါ်သော လမ်းသုံးခွဆုံကိုရောက်သည်။ ဘယ်ဘက်သို့သွားလျှင် ဒလမြို့။ ညာဘက်ကွေ့လျှင် တွံတေး။ အညွှန်းဆိုင်းဘုတ်များကိုဖတ်ပြီး တွံတေးဘက်သို့ ကျွန်တော် ချိုးကွေ့လိုက်သည်။ ဆရာအောင်ဂျူးနှင့် ကျွန်တော်တို့ ချိန်းဆိုထားရာနေရာသည် ကံဘဲ့လမ်းဆုံဖြစ်သည်။ ဒေသခံများ ပြောပြချက်အရ ကံဘဲ့လမ်းဆုံသည် သိပ်မဝေးတော့။ ဘုရားငုတ်တို လမ်းဆုံမှ ကံဘဲ့လမ်းဆုံသို့မရောက်ခင် လမ်း၏ဝဲဘက်တစ်လျှောက်တွင် ထန်းသီးခိုင်များ ရောင်းချပေးနေသောဆိုင်များ အများအပြားတွေ့ရသည်။ ထန်းသီး၊ ထန်းရည် ကြိုက်နှစ်သက်ရာ သုံးဆောင်နိုင်သော ဆိုင်များဖြစ်သည်။

ထန်းသီးခိုင်များမြင်တော့ မွေးရပ်မြေ အင်းကန်ရွာကို သတိရ တမ်းတစိတ် ဖြစ်ပေါ်ရပြန်သည်။ ထန်းသီးနုနုကို လက်မနှင့်ထိုးပြီးစားခဲ့ ရသည့်အရသာကို လွမ်းဆွတ်မိခြင်းဆိုလည်းမမှား။ ထို့ကြောင့် ရှေ့နောက် ဝဲယာကြည့်ပြီး ယာဉ်အသွားအလာရှင်းသည်နှင့် ထန်းသီးခိုင်ချထားသော ဆိုင်တစ်ဆိုင်ရှေ့သို့ ရပ်လိုက်သည်။ ဆိုင်ကယ်ရပ်လိုက်သည်နှင့် ဖော်ရွေ ပျူငှာသောအပြုံးတွေက လူကိုချမ်းမြေ့စေ၏။ မြို့တော်ရန်ကုန်နှင့် လားလားမျှမဆိုင်။ သဘာဝလေတဖြူးဖြူးက အမိုးအကာမရှိသောဆိုင်အတွင်းကို စိတ်ရှိလက်ရှိမွှေနှောက်နေသည်။ ထန်းသီး ၇ မွှာကို တစ်ထောင်ကျပ်။ ကျွန်တော်တို့ရှေ့မှာပင် ခွဲထုတ်ပေးခြင်းမို့ လတ်လတ်ဆတ်ဆတ်။ တန်လိုက်သည့်ဖြစ်ခြင်း။ 

ကျွန်တော်က“အလုံးနုနုခွဲပေးပါ၊ ကိုယ်တိုင်ယူစားချင်လို့ပါ” ဆိုတော့ ဆိုင်ရှင်အစ်ကိုကြီးက သွက်လက်စွာပင် ရှာပေးလေသည်။ စိတ်သဘောထား ပြည့်ဝသူများမို့ အမှတ်ထင်ထင်ရှိရသည်။ အာလာပ သလ္လာပပြောပြီး အပြန်ခရီးအတွက် ထန်းသီးမြွှာ ငါးထောင်ဖိုး ကြိုတင်မှာထားခဲ့သည်။ ဆိုင်အမည်က “ယွန်းနောင်နောင်”။ သမီးအမည်ကို ပေးထားခြင်းဖြစ်သည်ဟု ဆိုင်ရှင်အစ်မကြီးက ပြောပြလေသည်။

ဆရာအောင်ဂျုးက ဖုန်းတဂွမ်ဂွမ်ဆက်နေသဖြင့် ထန်းသီးဆိုင်ကို နှုတ်ဆက်ရပြန်သည်။ ကံဘဲ့လမ်းဆုံအရောက်တွင် ဆရာအောင်ဂျူးက လက်ပြကြိုဆိုနေ၏။ အခြေအနေက တွံတေးမြို့အနှံ့ခြေဆန့်ဖိုအချိန်မရ။ ထို့ကြောင့်ပင် ကျွန်တော်အလွန်သွားချင်လွန်းလှသော CBT ကျေးရွာအဖြစ် ဖော်ဆောင်ထားသော ကျိုက်သလဲကျေးရွာကို ရောက်ဖြစ်ခဲ့လေသည်။

“ကျိုက်သလဲကျေးရွာ”

(အလယ်ပိုင်း)
C B T
Mingalar Biogarden

ကျိုက်သလဲကျေးရွာ အဝင်ဆိုင်းဘုတ်ကပင် ကျွန်တော့်စိတ်ကို ညှို့ယူဖမ်းစားသွားခဲ့လေပြီ။ မြို့ပြ၏ မွန်းကျပ်ပိတ်လောင်မူတွေက ပန်းလှိုင်တံတားအဆင်းကပင် စတင်လွတ်မြောက်ခဲ့ပြီးဖြစ်၏။ တက်ကြွရွှင်လန်းမှုကြောင့်ထင်သည်။ အချိန်အကြာကြီး ဆိုင်ကယ်မောင်းလာသော်လည်း လူသည် နွမ်းလျမှုမရှိ။  CBT ကျေးလက်နေသူတို့ဓလေ့အတိုင်း ပွင့်လင်းဖော်ရွေလှသည်။ ရိုးသားမှုက တခမ်းတနား။ သဘာဝချစ်သူတွေကလည်း ဟိုတစ်စု ဒီတစ်စုနှင့် ပျော်ရွှင်ကြည်နူးနေကြသည်ကို မြင်တွေ့ ရသည်မှာ ပီတိဖြစ်စရာ။

သစ်ရိပ် ဝါးရိပ်နဲ့ သဘာဝ Organic Biofarm ထွက် နေ့လယ်စာက ခံတွင်းမြိန်လှသည်။ ဓာတုဆေးဝါးကင်းသော ကန်စွန်းရွက်ကြော်စိမ်းစိမ်း၊ လတ်လတ်ဆတ်ဆတ် ပြောင်းဖူးကြော်ချိုချို၊ ကြက်ဘူးသီးကာလသားချက် တို့စရာအစုံ စသည်ဖြင့် ပြောပြရင်ကုန်နိုင်ဖွယ်မရှိ။ ဆရာမောင်မြင့်ဝင်း စားနေသည်မှာ ခေါင်းမဖော်နိုင်အောင်ပင် အားရပါးရရှိလှသည်။ “စားကောင်းလိုက်တာ စားကောင်းလိုက်တာ” ပြောပြီး ဇွန်းကိုလက်ကမချ။ ဆရာအောင်ဂျူးက ဆရာမောင်မြင့်ဝင်း စားနေပုံကိုကြည့်ပြီး ခပ်ပြုံးပြုံးနှင့်။ စားချင်တာရှိရင် ချက်ခိုင်းလို့ရကြောင်း ပြောပြပြန်သည်။

စားသောက်ပြီး တအောင့်တပါးနားကာ ဘိုင်အိုဂါးဒင်းအတွင်း လှည့်လည်ကြည့်ရှုဖြစ်သည်။ သဘာဝစိုက်ခင်းများ၊ လေ့လာစရာလက်မှု ပညာများ၊ ချစ်စရာဖော်ရွေမှုများက ရင်သပ်ရှုမောအံ့ဩဖွယ်ရာ။ CBT မှာပင် အချိန်က ကုန်မှန်းမသိ ကုန်သွားသည်။ ဆရာမောင်မြင့်ဝင်းက ပြန်ဖို့သတိပေးတော့ အချိန်က ညနေသုံးနာရီ။ ဆရာအောင်ဂျူးကလည်း ဧည့်ဝတ်ကျေလှသည်။ တွံတေးမြို့အနှံ့လည်ပတ်ရန် သူ့အိမ်မှာ တစ်ညအိပ်ဖို့ ဖိတ်ခေါ်သေး၏။ ကျွန်တော်တို့မှာ အားနာနာနှင့်ပင် ငြင်းဆိုခဲ့ရသည်။ နောက်တစ်ခေါက်လာလည်မည်ဟု ကတိပေးရင်း နှုတ်ဆက်ခဲ့ရသည်။ နောက်တစ်ခေါက်မှ တွံတေးရွှေဆံတော်နှင့် အခြားဘုရားများဖူးမြော်ရန် သွားရောက်ပေဦးမည်။ ယခုတစ်ခေါက်တွင်မူ ကျိုက်သလဲကျေးရွာနှင့်ပင် ကျေနပ်ခဲ့ရပေသည်။ ဆိုရလျှင် လှိုင်သာယာနှင့်ခရီးမဝေးလှသော တွံတေး မြို့သည် လည်စရာ ပတ်စရာ ပေါများလှသည်။ မြို့ပြ၏ မွန်းကျပ်မှုများအတွက် ခဏသာအပန်းဖြေရာ အနီးဆုံးထွက်ပေါက်တစ်ခုပင်။ မည်သို့ပင်ဆိုစေကာမူ တွံတေးမြို့နယ်အတွင်းက ကျိုက်သလဲကျေးရွာရှိ CBT Mingalar Biogarden ကို တစ်နေ့တာလည်ပတ်ဖြစ်ခဲ့ခြင်းကပင် ကျွန်တော်၏ စိတ်နှလုံးသည် ဖူးသစ်စပန်းကလေးလို နုပျိုလတ်ဆတ်ခဲ့သည်က အမှန်ပင်ဖြစ်လေတော့သည်။ ။

မိုးယံဝင့်ထည်



  • VIA