News

POST TYPE

PERSPECTIVE

ပွဲလန့်တုန်း ဖျာခင်းလိုသူတွေ
19-Jun-2019

စာရေးသူတို့ တိုင်းပြည်ရဲ့ ထုံးစံအတိုင်း ရွေးကောက်ပွဲ နီးလာပြီဆိုရင် ဆူညံဆူညံသံလေးတွေကလည်း ဟိုက ဒီက ထွက်ပေါ်လာတတ်စမြဲဖြစ်သည်။ ဘာသာရေး၊ နိုင်ငံရေး၊ ပညာရေးနှင့်ပတ်သက်သည့် မရိုးနိုင်အောင်သော အဖြစ်အပျက်မျိုးတွေက အချိန်နှင့်အမျှ ရှိနေခဲ့ကြသည်။ အထူးအားဖြင့် ဘာသာရေးနှင့် ပတ်သက်ဆက်နွှယ်သည့် ပွဲဆူမှုလေးတွေက မကြာခဏဆိုသလို ကြားသိမြင်တွေ့နေခဲ့ရသည်။ ဒါ့အပြင် အခြားသော အကြောင်းအရာတွေကလည်း မထင်ရင်မထင်သလို ပေါ်လာတတ်ကြသည်။ ဒီတော့ တိုင်းပြည်အတွက် အရေးကြီးတဲ့အရာကို မလုပ်မကိုင်ရတော့ဘဲ ဘာမဟုတ်သည့်အကြောင်း အရာလေးတွေကို လိုက်လံဖြေရှင်းပေးနေရသည်နှင့်ပင် အချိန်တွေကုန်မှန်းမသိ ကုန်နေခဲ့ရသည်။

ဘာသာရေးပြဿနာမှာဆိုရင် အမျိုးသားရေးဦးဆောင်ဖြစ်သူ ဦးဝီရသူရဲ့ပြဿနာက တိုင်းပြည်မှာ ဟိုးလေးတကျော်ကျော်ပင် ဖြစ်သည်။ ဦးဝီရသူကို အကြောင်းပြုကာ နောက်ဆက်တွဲ ပြဿနာတွေကလည်း အုံနဲ့ကျင်းနဲ့ ဖြစ်ပေါ်လာခဲ့ပြန်သည်။ တောက်တစ်ချက်ခေါက်ရင် မီးဟုန်းဟုန်း တောက်စေရမည်ဆိုတဲ့ ကိုယ်တော်လေးတစ်ပါးရဲ့ ကြွေးကြော်သံတစ်ခုကလည်း တိုင်းပြည်ရဲ့ ပြည်သူလူထုတွေကြားမှာ မနှစ်မြို့စရာ တစ်ခုဖြစ်လာခဲ့ရပြန်သည်။ ရင်ထိတ်သည်းဖိုဖြစ်ခဲ့ရသော စကားတစ်ခွန်းဖြစ်ခဲ့သလို ပြက်ရယ်ပြုစရာ၊ ဟာသနှောစရာတစ်ခုအဖြစ်လည်း ကျန်ရစ်ခဲ့ရသည်။

နောက်ပြီး ပညာရေးနှင့်ပတ်သက်ပြီး မယ်ခွေရဲ့ လက်ဆောင်ကဗျာကလည်း တိုင်းပြည်အတွင်းမှာ လူပြောသူပြောများအောင် ဂယက်ထခဲ့ပြန်သည်။ လူငယ်တွေ အတုခိုးမှားမှာစိုးသည်ဆိုသည့်အကြောင်းပြချက်နဲ့ နှစ်ကာလများစွာက ရှိနှင့်ပြီးသားဖြစ်နေသည့် လက်ဆောင်ကဗျာကို သင်ရိုးညွှန်းတမ်းကနေ ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။ အကြောင်းပြချက်က ခိုင်လှုံမှုလည်း မရှိလှသလို အဆိုးဆုံးကတော့ သတ်မှတ်ထားတဲ့ ပညာရေးအဖွဲ့အစည်းများနှင့် တိုင်ပင်နှီးနှောမှုမရှိဘဲ ပယ်နုတ်လိုက်ခြင်းပင်ဖြစ်သည်။ ယင်းကိုပင်အားလုံးက မကျေမနပ်ဖြစ်ကြခြင်းဖြစ်သည်။ လက်ဆောင်ကဗျာကို သင်ရိုးညွှန်းတမ်းကနေ ပယ်ဖျက်ရကောင်းလားဆိုပြီး မြန်မာစာပေကို ချစ်မြတ်နိုးသူတွေ၊ မြန်မာကဗျာကို ချစ်မြတ်နိုးသူတွေက ဝိုင်းဝန်းထိုးနှက်ကြသည်။ ဝေဖန်ရှုတ်ချကြသည်။ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာလည်း မယ်ခွေအကြောင်းတွေကို ထပ်တလဲလဲ ရေးသားဖြန့်ဝေကြသည်။

“လက်ဆောင်ကဗျာကို ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ရေးဖွဲ့စပ်ဆိုထားတယ်ဆိုတဲ့အကြောင်း”ကို အကြောင်းအချက်နှင့် ဝေဝေဆာဆာ ရှင်းပြသူတွေကလည်း ရှင်းပြခဲ့ကြသည်။ စာနယ်ဇင်းစာမျက်နှာတွေထက်မှာလည်း ထိုအကြောင်းနှင့်စပ်လျဉ်းကာ ရေးကြပြောကြသည်။ ကာတွန်းဆရာတွေကလည်း မယ်ခွေကိုအကြောင်းပြုကာ ထိထိမိမိ သရော်လှောင်ပြောင်ကြသည်။ မယ်ခွေရက်သတ္တပတ်လို့ ဆိုရမည့်အနေအထားပင်ဖြစ်သည်။ မယ်ခွေ၏ လက်ဆောင်ကဗျာက ဘယ်လောက်ထိအောင် အလုပ်ရှုပ်သွားသလဲဆိုရင် သတင်းစာရှင်းလင်းပွဲ လုပ်ယူရသည့်အထိပင်ဖြစ်သည်။ ကဲဘယ်လောက်အထိ တိုင်းပြည်မှာ ရှုပ်ထွေးပွေလီလိုက်ပါလေသလဲ။ တိုင်းပြည်မှာ အလားတူဖြစ်ရပ်မျိုးတွေ၊ ပြည်သူတွေကြားမှာ ဟိုးလေးတကျော်ကျော်ဖြစ်သွားတဲ့ ကိစ္စရပ်တွေကို တပုံတပင် ရှိနေခဲ့သည်။ ကြားလိုက်ရတဲ့ပြဿနာတွေ၊ ဖြေရှင်းလိုက်ရသည့် ပြဿနာတွေက ထိပ်ပိုင်းခေါင်းဆောင်တွေကို အလုပ်ရှုပ်စေခဲ့ရသည်။

ဒီကြားထဲ ပွဲလန့်တုန်း ဖျာဝင်ခင်းလိုသူတွေကလည်း နေရာဌာနတိုင်းမှာပင် ရှိနေခဲ့ပြန်သည်။ တိုင်းပြည်မှာ နည်းနည်းလေး အုန်းအုန်းကျွက်ကျွက် မဖြစ်လိုက်နှင့် ဘယ်အပေါက်က ဝင်လာမှန်းမသိသူတွေက အရန်သင့်ရှိနေခဲ့သည်။ မြန်မာစကားပုံမှာတော့ ဒါမျိုးကို ပွဲလန့်တုန်း ဖျာခင်းသည်ဟု အဆိုရှိပါသည်။

အခုလည်း မယ်ခွေ၏လက်ဆောင်ကဗျာကို သင်ရိုးညွန်းတမ်းကနေ ဖြုတ်လိုက်သည်နှင့် တစ်ပြိုင်နက် ဖျာဝင်ခင်းချင်သူတွေက ချက်ချင်းဝင်ရောက်လာသည်။ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေဆိုသည့်အတိုင်း လက်ရှိ အစိုးရအမှားတစ်ခု သို့မဟုတ် လွဲချော်မှုတစ်ခုခုဖြစ်လိုက်ပြီဆိုရင် ပြိုင်ဘက်ပုဂ္ဂိုလ်တွေက သဘောခွေ့လေလေဖြစ်သည်။ ပြည်သူတွေက လက်ဆောင်ကဗျာကြောင့် ဒေါသပုန်ထနေချိန်မှာ သူတို့က ထိုအကွက်ထဲ ဆိုက်ဆိုက်မြိုက်မြိုက် ဝင်လာသည်။ ပြည်သူတွေရဲ့ ဒေါသပုန်ထမှုတွေကို ဖြေပျောက်ဖို့ ကြိုးစားကြသည်။ ဒါပေမဲ့ ပြည်သူတွေကလည်း အခံရဘက်ကချည်းဆိုတော့ မိအေးနှစ်ခါနာ အဖြစ်မျိုးတွေက အဖြစ်မခံလိုတော့။ ကောင်းကောင်းသဘောပေါက်ခဲ့ကြသည်။ ဒီအတွက်ကြောင့် တစ်ဖက်က ပုဂ္ဂိုလ်တွေရဲ့ ပြောဆိုမှုတွေက အရာမရောက်ခဲ့ဘဲ အပြောင်အပြက် သဘောမျိုးအဖြစ်သာ မှတ်တမ်းတင်သွားခဲ့သည်။

“အခြေခံပညာအလယ်တန်း၊ အဋ္ဌမတန်း သင်ရိုးညွှန်းတမ်းကနေ ပယ်ဖျက်လိုက်သည့် မယ်ခွေ၏လက်ဆောင်ကဗျာကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အာဏာရရှိပါက ပြန်လည်ပြဋ္ဌာန်းသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးကပြောဆို”ဆိုတဲ့သတင်းတွေကို နေ့စဉ်ထုတ်သတင်းစာတွေမှာ ရေးသားဖော်ပြထားတာကို တွေ့ရှိခဲ့ရသည်။ “ကျွန်တော်တို့ကာလကျရင် ပြန်ပြီးတော့ ပြဋ္ဌာန်းပေးမယ့်ကိစ္စဖြစ်တယ်လို့ ကတိပေးပါတယ်။” ပြိုင်ဘက်ပါတီကြီးရဲ့ အကြီးအကဲတစ်ယောက်က အထက်ပါစကားမျိုးကို ပြောလိုက်တော့ စာရေးသူတို့ ပြည်သူတွေမှာ အူလိုက်သည်းလှိုက် ရယ်မောခဲ့ရပြန်ပါသည်။

စာရေးသူကတော့ သူပြောသည့်စကားနှင့်ပတ်သက်ပြီး ပွဲလန့်တုန်း ဖျာဝင်ခင်းချင်တဲ့သဘောဟု ကောက်ချက်ချမိခဲ့ပြန်သည်။ ဘာပဲဖြစ်ဖြစ် ဒီစကားနဲ့ပတ်သက်ပြီး စာရေးသူကတော့ ဗုဒ္ဓစာပေမှာလာရှိတဲ့ သုဘဒ္ဒ ရဟန်းကြီးအကြောင်းကို အမှတ်ရနေခဲ့မိပြန်သည်။ ရှင်းရှင်းပြောရမည်ဆိုရင် သုဘဒ္ဒရဟန်းကြီးကိုယ်တိုင်ကလည်း ပွဲလန့်တုန်း ဖျာဝင်ခင်းသူ တစ်ယောက်ပင်ဖြစ်ခဲ့သည်။

သုဘဒ္ဒရဟန်းဆိုတာကတော့ မြတ်စွာဘုရား၏ထံတော်ပါးမှာ နောက်ဆုံးရဟန်းဝတ်လာတဲ့ အသက်ကြီးကြီး ရဟန်းတော်တစ်ပါးပင် ဖြစ်သည်။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ပရိနိဗ္ဗာန်စံဝင်လို့ ခုနစ်ရက်မျှပင် ရှိနေသေးချိန်မှာပင် သုဘဒ္ဒရဟန်းကြီးက ရဟန်းသံဃာတော်တွေကို စည်းရုံးတော့သည်။ အချို့သော ပုထုဇဉ်ရဟန်းငယ်တွေက မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်တော့ ငိုကျွေးကြသည်။ ပူဆွေးဝမ်းနည်းမှုဖြစ်ကြသည်။ ပုထုဇဉ်ရဟန်းငယ်တွေက ငိုကျွေး၊ ဝမ်းနည်းပူဆွေးကြတာတွေကို မြင်တော့ သုဘဒ္ဒရဟန်းကြီးက - 

“ငါ့ရှင်တို့ မငိုကြပါနဲ့။ ငိုနေလို့လည်း ဘာများ အကျိုးထူးရှိတော့မှာမို့တုံး။ အရှင်ဘုရားတို့ မစိုးရိမ်ကြပါနဲ့တော့။ မငိုကျွေးကြပါနဲ့တော့။ ဒီရဟန်းကြီးဂေါတမ မရှိတော့ဘူးဆိုမှတော့ အရှင်ဘုရားတို့ရော၊ တပည့်တော်တို့ပါ သာသနာ့ဘောင်မှာ လွတ်လွတ်လပ်လပ်နေလို့ထိုင်လို့ရပါပြီ။ အဲဒီရဟန်းဂေါတမကြီး အသက်ထင်ရှားရှိစဉ်အခါတုန်းက တပည့်တော်တို့အပေါ်မှာ ဝိနည်းသိက္ခာပုဒ်တွေ ပညတ်ပြီး နှိပ်စက်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ အခုတော့ အဲဒီလိုနှိပ်စက်မှုတွေကနေ ကင်းလွတ်ခဲ့ပြီ။ ရဟန်းကြီးဂေါတမ ရှိစဉ်အခါတုန်းကတော့ ဒီလိုအမှုကိစ္စတွေဟာ ရဟန်းတော်တွေအတွက် အပ်တယ်။ ဒီလိုအမှုကိစ္စတွေကတော့ ရဟန်းတော်တွေအတွက် အပ်စပ်မှုမရှိဘူးစသည်ဖြင့် ဆောင်ရန် ရှောင်ရန်တွေ ရှိခဲ့ပါတယ်။ အခုချိန်မှာတော့ ငါတို့အားလုံး လုပ်ချင်တာလုပ်လို့ရပြီ။ ဒီအမှုကိစ္စကို လုပ်ချင်တယ်ဆိုရင် လုပ်လိုက်ကြတော့။ ဒီအမှုကိစ္စကို မကြိုက်နှစ်သက်ဘူးဆိုရင် မလုပ်ကြနဲ့။ အဲဒီလို လုပ်ခြင်းမလုပ်ခြင်းနဲ့ ပတ်သက်ပြီးတော့လည်း ငါတို့ အပေါ်မှာ ရဟန်းကြီးဂေါတမ လာရောက်စွက်ဖက်နိုင်မှု ရှိမှာမဟုတ်တော့ဘူး”

ဒါက သုဘဒ္ဒရဟန်းကြီးရဲ့ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံပြီး စိတ်ရင်းအတိုင်း ထွက်ပေါ်လာသည့်စကားတွေ ဖြစ်သည်။ မြတ်စွာဘုရားရှင်၏ အနီးနေတပည့်သား ရဟန်းသံဃာတော်တွေက ပူဆွေးသောကရောက်နေချိန်၊ အလုပ်တွေများနေချိန်မှာ သုဘဒ္ဒရဲ့စကားတွေက ကသိကအောက် ဖြစ်စေခဲ့ရသည်။ ဪ ပွဲလန့်တုန်း ဖျာခင်းလိုမှုတွေ၊ ပွဲလန့်တုန်း ဖျာဝင်ခင်းလိုသူတွေက နေရာအနှံ့မှာ ရှိနေခဲ့ကြသည်။ ခေတ်ကာလတိုင်းမှာ ရှိနေခဲ့ကြသည်။ ကိုယ်နှစ်ခြိုက်သဘောမကျသူတို့၏ ပျော့ကွက်ဟာကွက်တွေကိုကြည့်ရင်း ဖျာခင်းဖို့ ကြိုးစားနေကြသူတွေ ရှိသည်။ သတိကြီးကြီး ထားကြရမည်ဖြစ်သည်။ သတိကြီးကြီးထားနိုင်မှ တော်ကာကျမည်ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် သုဘဒ္ဒရဲ့စကားတွေကြောင့်ပဲ ထေရဝါဒဗုဒ္ဓသာသနာမှာ ပထမသင်္ဂါယနာတင်ဖို့ အကြောင်းဖန်လာခဲ့ခြင်းဖြစ်သည်။ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူပြီး သုံးလအကြာ၊ ရာဇဂြိုဟ်ပြည်၊ အဇာ တသတ်မင်းလက်ထက် သုဘဒ္ဒလို ရဟန်းမျိုးတို့နှင့် သာသနာအပေါ်မှာ ညစ်နွမ်းစေမည့် အယူလွဲသူတို့အန္တရာယ်မှ ကာကွယ်ရန်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အရှင်မဟာကဿပအမှူးရှိသော ရဟန္တာငါးရာတို့က ခုနစ်လတိုင်တိုင် စုပေါင်းရွတ်ဆိုခဲ့ကြပြီး ပထမသင်္ဂါယနာကို တင်တော်မူခဲ့ကြခြင်းဖြစ်သည်။ အဆိုးထဲက အကောင်းလို့သာ ဆိုရတော့မည်ဖြစ်သည်။

မယ်ခွေ၏ လက်ဆောင်ကဗျာလည်း ထိုနည်းနှင်နှင်ပင်ဖြစ်သည်။ တစ်တိုင်းပြည်လုံး အုန်းအုန်းကျွက်ကျွက်ဖြစ်နေချိန် ဖျာဝင်ခင်းကြသူတွေ ရှိလာခဲ့သည်။ “ကျွန်တော်တို့ကာလကျရင် ပြန်ပြီးတော့ ပြဋ္ဌာန်းပေးမယ့် ကိစ္စဖြစ်တယ်လို့ ကတိပေးပါတယ်”ဟု ဆိုလာသူတွေ ရှိလာခဲ့သည်။ ဒါပေမဲ့လည်း မရတော့။ အဲဒီလိုပြောပြီး နောက်ရက်မှာပဲ မယ်ခွေ၏လက်ဆောင်ကဗျာက တစ်ဆင့်တက်သွားခဲ့သည်။ တိုက်ဆိုင်မှုလားတော့မသိ။ ပညာရေးဝန်ကြီးဌာနက ဇွန် ၁၂ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်လိုက်သည့်အထဲတွင် အဆိုပါကဗျာကို ကျောင်းသား၊ ကျောင်းသူများ၏ အသက်အရွယ်၊ အတန်းအဆင့်နှင့် ပိုမိုသင့်လျော်မည့် စနစ်သစ်အခြေခံအထက်တန်းကျောင်း ဒသမတန်းတွင် ထည့်သွင်းသွားမည်ဆိုတာပဲဖြစ်သည်။ ကိစ္စက ဒီနေရာမှာတင် လမ်းဆုံးသွားပြီးဖြစ်သည်။ မယ်ခွေလည်း ရာထူးတက်သွားပြီဖြစ်သည်။ ဖျာခင်းလိုသူတွေ ခင်းခွင့်မကြုံလိုက်ရတော့။ ဖျာခင်းနိုင်ဖို့အတွက်ဆိုရင် နောက်ထပ် ဘယ်လိုပွဲလန့်မှုမျိုး ကြုံမလဲဆိုတာကိုသာ သူတို့အနေနှင့် မျက်စိရှင်ရှင်ထားကာ စောင့်ဆိုင်းကြရုံသာရှိသည်။

စာရေးသူတို့ တိုင်းသူပြည်သားတွေဘက်ကလည်း ဤကဲ့သို့ ပွဲလန့်တုန်း ဖျာခင်းလိုသူတွေကို နေရာမပေးမိကြဖို့၊ ဖျာဝင်မခင်းနိုင်အောင် အသိ၊ သတိနှင့်ယှဉ်ပြီး ဝိုင်းဝန်းကြိုးပမ်းကြရမည်သာဖြစ်သည်။

ကြယ်စင်စိုး(မန္တလေး)