News

POST TYPE

PERSPECTIVE

ဆောရီးပြောဖို့ ဝန်မလေးပါနဲ့
14-Jun-2019


လွန်ခဲ့တဲ့ နှစ်အနည်းငယ်က တောင်အာဖရိကနိုင်ငံ ပရီတိုးရီးယား မြို့မှာရှိတဲ့ ကျောင်းတစ်ကျောင်းမှာ ဂေါ်ဖီပင်များတွင် ကျရောက်ဖျက်ဆီးတတ်တဲ့ အင်းဆက်များနှင့်ပတ်သက်၍ သွားရောက် လေ့လာခွင့်ရခဲ့တယ်။ 

ငါးလကြာ နေထိုင်ခဲ့တာကြောင့် ပရီတိုးရီးယားမြို့မှာရှိတဲ့ မြန်မာသံရုံးမှ မိသားစုများ၊ ပရီတိုးရီးယားမြို့မှာ အလုပ်လုပ်ပြီး နေထိုင်နေကြတဲ့ မြန်မာနိုင်ငံမှ ဆရာဝန်များ၊ အင်ဂျင်နီယာများနဲ့တွေ့ကာ ခင်မင်ရင်းနှီးခွင့် ရခဲ့တယ်။ တောင်အာဖရိကနိုင်ငံနဲ့ ကျွန်တော်တို့နိုင်ငံဟာ အလွန်ဝေးကွာပြီး ရေခြားမြေခြားမှာ ကိုယ့်နိုင်ငံသားအချင်းချင်း ဆုံမိကြတော့ မိသားစု မောင်နှမအရင်းတွေလို ခင်မင်ကြတယ်။

ရုံးပိတ်ရက်များမှာ တစ်ယောက်ယောက်၏အိမ်တွင် အပတ်စဉ်တိုင်းနီးပါး တွေ့ဆုံဖြစ်ကြတယ်။ တစ်ယောက်၏ အခက်အခဲကို တစ်ယောက်က ကူညီပေးတယ်။ တစ်ယောက်နဲ့တစ်ယောက် အသိပညာတွေ မျှဝေကြတယ်။ စည်းလုံးမှုရှိပြီး ပျော်စရာလည်းကောင်းတယ်။ အမိနိုင်ငံကနေ ဝေးကွာသောနေရာတွင် နေထိုင်လုပ်ကိုင်နေရတော့ ညီအစ်ကို မောင်နှမအရင်းသဖွယ် အချင်းချင်း ခင်မင်ရင်းနှီးကာ ကူညီရိုင်းပင်းကြတယ်။ 

အချို့ပိတ်ရက်များမှာတော့ အသိမိတ်ဆွေများထဲမှ ဆရာဝန်တစ် ယောက်နဲ့အတူ အပြင်ထွက်လည်ဖြစ်တယ်။ မရောက်ဖူးသေးတဲ့နေရာတွေ လေ့လာစရာနေရာတွေကို လိုက်ပို့ပေးတယ်။ တောင်အာဖရိကနိုင်ငံနဲ့ ကျွန်တော်တို့နိုင်ငံဟာ အလွန်ဝေးကွာပြီး တိုက်ချင်းလည်း မတူသလို နိုင်ငံသားများ၏ နေထိုင်မှုပုံစံ၊ ဓလေ့စရိုက်တွေကလည်း ကျွန်တော်တို့နဲ့ များစွာကွာခြားလွန်းတာ တွေ့ရပါတယ်။ ဘယ်လိုပဲကွာခြားနေစေ ကျွန်တော့်အပေါ်မှာတော့ နွေးထွေးစွာ ဆက်ဆံကြပြီး လူသားတိုင်း လိုက်နာအတု ယူသင့်တဲ့အချက်တွေကိုလည်း တွေ့ရပါတယ်။

သင်တန်းတက်ရောက်ရတဲ့ကျောင်းမှာလည်း အားလုံးအဆင်ပြေအောင် အဘက်ဘက်မှ ကူညီရိုင်းပင်းကြတယ်။ သင်တန်းတက်ဖို့ မသွားမီကတည်းက ကြိုတင်ပြောဆိုထားတဲ့ အကြောင်းအရာများကို ရောက်သွားတဲ့အခါ ပြောထားတဲ့အတိုင်း အတိအကျ တစ်ခုမကျန် ဆောင်ရွက်ပေးတယ်။ သူတို့လုပ်ဆောင်ပေးနိုင်မည့်အချက်များတွင် မပါဝင်သည့်အချက်များကို တောင်းဆိုပါကလည်း မဖြစ်နိုင်လျှင် မဖြစ်နိုင်ကြောင်း အားမနာတတ်ဘဲ ပြတ်သားစွာ ငြင်းဆိုကြတယ်။ သူတို့ဘက်က လုပ်ပေးရမည့် အကြောင်းအရာများ တစ်ခုခုကြောင့် အဆင်မပြေပါကလည်း တလေးတစားနဲ့ တောင်းပန်ကြတယ်။ အဆင်ပြေအောင်လည်း ပြန်လည်ဆောင်ရွက်ပေးကြတယ်။ 

တောင်းပန်တယ်ဆိုတာမှာ သူတို့ဘက်က လုပ်ဆောင်ပေးရမည့် အရာများ တစ်ခုခုကြောင့် လွဲချော်သွားသည့်အခါဖြစ်စေ၊ ပြောဆိုထားသည့် အချိန်ဖြစ်မလာသည့် အခါဖြစ်စေ ဆောရီးပါလို့ တလေးတစား ပြောဆိုတောင်းပန်ကြတယ်။ ဘယ်လို ပြန်လည်လုပ်ဆောင်ပေးမည်ဆိုတာကိုပါ တိကျစွာ ပြန်ပြောကြတယ်။ စကားပြောဆိုရာမှာ အားမနာတတ်ဘဲ ပြတ်သားသလို သူတို့ဘက်က လိုအပ်ချက်ရှိလာလျှင်ဖြစ်စေ၊ ကတိပြုထားသည့် အကြောင်းအရာများ လုပ်မပေးနိုင်ခဲ့လျှင်ဖြစ်စေ တစ်ဖက်သားကို တောင်းပန်စကားပြောရမှာ ဝန်မလေးကြပေ။ အဲဒီအချက်ကိုတော့ ကျွန်တော်သိပ်သဘောကျမိတယ်။ အတုယူ လိုက်နာသင့်သည်ဟုလည်း မှတ်ယူခဲ့တယ်။

သင်တန်းတက်ရောက်ဖို့သွားစဉ်က အသက်အရွယ်အားဖြင့် ငယ်ရွယ်သေးပြီး ရာထူးအားဖြင့်လည်း မမြင့်သေးပေ။ ဒါပေမဲ့ သူတို့အားလုံးနဲ့ ပြောဆိုဆွေးနွေးဆက်ဆံရသည့်အခါတိုင်း တစ်ဦးနဲ့တစ်ဦး အပြန်အလှန်လေးစားမှုနဲ့ ဆက်ဆံတယ်။ တစ်ခုခုလိုအပ်ချက်ရှိလာလျှင်လည်း မတုံ့ဆိုင်းဘဲ ဆောရီးပါလို့ တလေးတစား ပြောဆိုတောင်းပန်ကြတယ်။

ဒီလိုလေးစားမှုနဲ့ ဆက်ဆံတာဟာ ကျွန်တော့်အပေါ်တွင်မကဘဲ ကျောင်းမှာရှိတဲ့ သူတို့အချင်းချင်းဖြစ်စေ၊ ပတ်ဝန်းကျင်ရှိအခြားသူများနဲ့ ပြောဆိုလျှင်ဖြစ်စေ၊ မိသားစုအတွင်းဖြစ်စေ တစ်ယောက်နဲ့တစ်ယောက် တလေးတစားနဲ့ တန်ဖိုးထားဆက်ဆံကြတယ်ဆိုတာကို မြင်တွေ့ သိခွင့်ရခဲ့တယ်။ 

သင်တန်းတက်ရောက်ရင်း နေ့စဉ်ထိတွေ့ဆက်ဆံလာရတော့ ကျောင်းက ဝန်ထမ်းများနဲ့လည်း ပိုမိုရင်းနှီးကျွမ်းဝင်လာတယ်။ အောက်ခြေဝန်ထမ်းကနေ အထက်အရာရှိအထိ အားလုံးက နွေးထွေးစွာ ဆက်ဆံပြီး လိုအပ်ချက် အားလုံးကို ဖြည့်ဆည်းပေးတယ်။ 

ဝန်ထမ်းအားလုံးထဲမှာမှ ဒေးဗစ်နဲ့ကတော့ အခြားသူများထက် ပိုမိုရင်းနှီးလာတယ်။ နေထိုင်ရာ အဆောင်ကနေ ကျောင်းကို ဒေးဗစ်ကပဲ နေ့တိုင်းကြိုပို့ လုပ်ပေးတယ်။ လိုအပ်တာမှန်သမျှကိုလည်း သူကပဲ အမြဲ ဖြည်းဆည်းပေးတယ်။ ဒေးဗစ်ဟာ ကျောင်းနဲ့ အနည်းငယ်ဝေးတဲ့နေရာမှာ မိသားစုနဲ့အတူ နေထိုင်တယ်။ 

တစ်နေ့မှာတော့ ပိတ်ရက်ဖြစ်ပေမယ့်လည်း လေ့လာရေးခရီးစဉ် အပြောင်းအလဲကြောင့် ဒေးဗစ်လည်း အလုပ်မနားရဘဲ လိုက်ပါပို့ဆောင်ပေးရတယ်။ တကယ်တော့ အဲဒီနေ့မှာပဲ သူ့ကလေးတွေကို ကစားကွင်း လိုက်ပို့ပေးမယ်လို့ ကတိပေးထားပြီးသား ဖြစ်နေတယ်။ အလုပ်ကိစ္စကြောင့် ပေးထားတဲ့ကတိ မတည်နိုင်တဲ့အခါမှာတော့ ကလေးတွေကို သေသေချာချာရှင်းပြပြီး တလေးတစားနဲ့ တောင်းပန်စကားပြောတာကို တွေ့လိုက်ရတယ်။ သူ့ကတိအတွက် ပြန်လည်လုပ်ပေးပါ့မယ်လို့လည်း ထပ်မံ ကတိပေးလိုက်တယ်။ ကျွန်တော် ဒေးဗစ်ကို သိပ်လေးစားသွားမိတယ်။ ကျွန်တော်တို့ မြင်တွေ့ရတဲ့ မိဘအများစုကတော့ အဲဒီလို ကတိမတည်နိုင် တဲ့အခါမှာ “မအားလို့ လိုက်မပို့နိုင်သေးဘူး၊ နောက်နေ့မှ လိုက်ပို့ပေးမယ်” လို့သာ ပြောကြတာတွေ့ရတယ်။ 

ကျောင်းမှာတွင်မကဘဲ အပြင်ထွက်လည်တဲ့အခါမှာလည်း ကြုံတွေ့ရတယ်။ တစ်နေ့သော ရုံးပိတ်ရက်မှာ မြို့ထဲကိုရောက်ဖြစ်တော့ စားသောက်ဆိုင်တစ်ဆိုင်မှာ နေ့လယ်စာ စားနေရင်း ဆိုင်ထဲကို လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ဟာ လေးငါးနှစ်အရွယ် အမြွှာသမီးလေး နှစ်ယောက်ကို လက်ဆွဲပြီး ဆိုင်ထဲဝင်လာတယ်။ ကျွန်တော်တို့ ဘေးနားရှိ စားပွဲမှာ လာထိုင်ကြတယ်။ သမီးနှစ်ယောက်ကို စားပွဲမှာထားခဲ့ပြီး စားစရာများကို သွားမှာတယ်။ ခဏနေတော့ အစားအသောက်များကို ယူလာပြီး သမီးနှစ်ယောက်ကို စားစရာများ ပြင်ပေးတော့ ကလေးများက Thank you Daddy လို့ ကျေးဇူးတင်စကား ပြောကြတယ်။ မြင်ရကြားရတဲ့ ကျွန်တော် အလွန်သဘောကျသွားတယ်။ 

စားနေရင်းမှာပင် ကလေးနှစ်ယောက်ဟာ မုန့်များကိုလုရင်း စားပွဲအောက်ကို ပြုတ်ကျသွားပြီး အင်္ကျီနဲ့စားပွဲများကို ညစ်ပတ်ပေကုန်တယ်။ အဖေက စားနေရင်းမှပင်ထကာ သန့်ရှင်းပေးရတော့တယ်။ ဘာကြောင့် လုစားရသလဲ မေးပြီး အဲလိုမလုပ်ရန်ပါပြောတော့ ကလေးနှစ်ယောက်က ဆောရီးပါလို့ ပြောကြတယ်။ နောက်ထပ်လည်း မလုပ်ပါဘူးလို့ ကတိပေးကြတယ်။ ကျွန်တော့် အနီးအနားမှာ ထိုင်နေတော့ သူတို့ပြောသမျှကို ကြားနေရတော့ ကလေးနှစ်ယောက်ကို များစွာ သဘောကျနေမိခဲ့တယ်။ 

လူကြီးက လူငယ်ကိုဖြစ်စေ၊ လူငယ်က လူကြီးကိုဖြစ်စေ၊ မိဘက သားသမီးကိုဖြစ်စေ၊ သားသမီးက မိဘကိုဖြစ်စေ အမှားလုပ်သူ၊ ကတိမတည်နိုင်သူက ဆောရီးပါလို့ပြောပြီး တောင်းပန်ကြတာ တွေ့ရတော့ အတွေးဝင်မိတယ်။ သူတို့ပြောတဲ့ ဆောရီးက ကိုယ့်ကြောင့် သူတစ်ပါးကို အနှောင့်အယှက်ဖြစ်တဲ့အခါဖြစ်စေ၊ ကိုယ့်အမှားကြောင့် အခြားသူအပေါ် ထိခိုက်တဲ့အခါဖြစ်စေ၊ ကိုယ်ပြောထားတဲ့ ကတိမတည်တဲ့အခါမှာဖြစ်စေ ဆောရီးပါလို့ လေးလေးနက်နက်ပြောပြီး တောင်းပန်ကြတယ်။ ဒါဆိုရင် အမှားလုပ်သူ၊ ကတိမတည်သူ ဘယ်သူပဲဖြစ်ဖြစ် လုပ်တဲ့သူက ပြောကြတယ်။ ကျွန်တော်တို့နိုင်ငံမှာတော့ တောင်းပန်ပါတယ်လို့ ပြောကြတယ်။ စကားလုံးတွေက ကွဲပေမယ့်လည်း အဓိပ္ပာယ်ကတော့ အတူတူပဲလို့ ယူဆလို့ရပါတယ်။ 

ဆောရီး သို့မဟုတ် တောင်းပန်ပါတယ်လို့ ပြောတာဟာ မိမိအမှား ကို အသိအမှတ်ပြုခြင်း၊ မိမိပြောထားတဲ့စကား ဒါမှမဟုတ် ပေးထားတဲ့ ကတိမတည်နိုင်တာကို ကိုယ်တိုင်အသိအမှတ်ပြုခြင်းလည်း ဖြစ်တယ်။ အဲဒီအတွက် တောင်းပန်တယ်။ 

အများစုဟာ ဆောရီး သို့မဟုတ် တောင်းပန်ပါတယ်လို့ ပြောရမှာ အလွန်ဝန်လေးကြတာကို တွေ့ရတယ်။ ဘာကြောင့် မပြောနိုင်ကြတာလဲ တွေးမိတော့ အများစုမှာ မာန်မာနက အဲဒီစကားပြောဖို့ကို ဟန့်တားထားပါတယ်။ လူအများစုဟာ ကိုယ့်အမှားကို ကိုယ်တိုင် အသိအမှတ်ပြု ဝန်မခံချင်ကြပါဘူး။ “ငါ့လိုအဆင့်က သူတို့ကို ဘာလို့ ပြောရမှာလဲ၊ ငါလိုလူက ပြောဖို့ မလိုဘူး” စသဖြင့် မာန်မာနများက ဖုံးလွှမ်းနေကြပါတယ်။ လူငယ်ကသာ လူကြီးကို၊ ဆရာက တပည့်ကို၊ အလုပ်သမားများက အလုပ်ရှင်ကို၊ သားသမီးများက မိဘကိုသာ ပြောရတယ်လို့ တွေးထင်မှတ်ယူတတ်ကြတယ်။ 

ဆောရီးပါ၊ တောင်းပန်ပါတယ်လို့ ပြောတာဟာ စကားလုံးအားဖြင့် မများလှပေမယ့် ဘာမှသာ မဟုတ်ဘူးလို့ ထင်ရပေမယ့် လူတစ်ယောက်၏ စိတ်ခံစားချက်ကို ပြောင်းလဲသွားစေနိုင်ပါတယ်။ ဒေါသထွက်နေတဲ့ လူတစ်ယောက်ကို ဒေါသပြေစေနိုင်တယ်။ စိတ်ဆိုးနေတာကို ပြေပျောက်စေနိုင်တယ်။ နားလည်မှု လွဲမှားနေတာကို ပြေပျောက်စေနိုင်တယ်။ ဝမ်းနည်းနေတာကို လျော့နည်းစေနိုင်တယ်။ စိတ်အားငယ်သွားတာကို အားပေးနှစ်သိမ့်နိုင်တယ်။ လူတစ်ယောက်ရဲ့ စိတ်ခံစားချက်ကို ပြောင်းလဲစေနိုင်တယ်။ 

တစ်ခါတလေမှာ လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ အလုပ်အတူလုပ်ဖို့ ၊ တစ်နေရာရာသွားဖို့ အချိန်အတိအကျနဲ့ ချိန်းဆိုထားတဲ့အခါမျိုးမှာ လုပ်ဖော်ကိုင်ဖက်က အချိန်မီရောက်မလာတဲ့အခါမှာ ဒေါသထွက်ရတာ အများစုကြုံဖူးကြပါတယ်။ လုပ်ရမယ့်အလုပ်တွေလည်း အချိန်မီ မပြီးစီးနိုင်တာ ဖြစ်တတ် ကြုံရတတ်ပါတယ်။ အချိန်နောက်ကျမှ ရောက်လာသော်လည်း နောက်ကျသွားတဲ့အတွက် ဆောရီးပါ၊ တောင်းပန်ပါတယ်လို့ တစ်ခွန်းမျှ မပြောဆိုလာခဲ့ရင် ပိုပြီးတော့တောင် ဒေါသထွက်ရပါတယ်။ အဲလိုမဟုတ်ဘဲ ဘာကြောင့် အချိန်နောက်ကျသွားတယ်ဆိုတာ ပြောပြပြီး အချိန်နောက်ကျသွားတဲ့အတွက် တောင်းပန်စကား လေးလေးနက်နက်ပြော လာမယ်ဆိုရင် စောင့်ရတဲ့သူကလည်း ဒေါသပြေပျောက်သွားမယ်။ စိတ်ဆိုး နေတာတွေ လျော့သွားမယ်။

ဆောရီးပါ ဒါမှမဟုတ် တောင်းပန်ပါတယ်လို့ တလေးတစားပြောဆိုခြင်းဟာ တစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထား ဆက်ဆံခြင်းလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာ တစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထား ဆက်ဆံတတ်ဖို့လိုပါတယ်။ ငါက လူကြီးပဲ၊ အလုပ်ပိုင်ရှင်ပဲ၊ ဆရာပဲ၊ ရာထူးကြီးသူပဲ၊ ချမ်းသာတဲ့သူပဲ စသဖြင့် မာန်မာနများ မထားရှိသင့်ပါဘူး။ ထို့အတူပဲ လူငယ်၊ အောက်လက်ငယ်သား၊ အလုပ်သမား၊ တပည့်၊ ဆင်းရဲသားတို့ကလည်း ကိုယ့်ထက်အသက်ကြီးသူ၊ ရာထူးကြီးသူ၊ အလုပ်ရှင်၊ ဆရာသမားတို့ကို လေးလေးစားစား ဆက်ဆံခြင်းဖြင့် တစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထားဆက်ဆံရပါမယ်။ လူတိုင်းမှာ သူ့တန်ဖိုးနှင့်သူ ရှိပါတယ်။ လူတစ်ယောက်ချင်းစီမှာရှိတဲ့ တန်ဖိုးတိုင်းကို အသိအမှတ်ပြု ဆက်ဆံရပါမယ်။

အရှင်းဆုံးဆိုရရင် လမ်းဘေးမှာ အမှိုက်ကောက်နေတဲ့ ကလေးငယ် တစ်ယောက်ကိုတောင် ကျွန်တော်တို့အားလုံး လေးလေးစားစား ဆက်ဆံရပါမယ်။ ကျွန်တော်တို့ လုပ်လိုက်တဲ့ အပြုအမူတစ်ခုခုဟာ အဲဒီ ကလေးအပေါ် ထိခိုက်မှုရှိသွားလျှင်လည်း ကျွန်တော်တို့ဟာ ဘယ်လို လူပုဂ္ဂိုလ်ကြီးဖြစ်နေပါစေ တလေးတစားနဲ့ တောင်းပန်စကား ပြောရပါတယ်။ ဒီလိုပြောဆိုလိုက်ခြင်းဟာ ကိုယ့်ကိုယ်ကိုယ် လေးစားကြည်ညိုစရာလည်းဖြစ်သလို လူသားတိုင်းကို တန်ဖိုးထား ဆက်ဆံရာလည်း ရောက်ပါတယ်။ ဒါကြောင့်မို့လို့ ဒီကနေ့ကစလို့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာရှိတဲ့ လူသားတိုင်းဟာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်လေးစားမှု များထားပြီး တန်ဖိုးထားဆက်ဆံနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။ 

ဒေါက်တာကိုကိုလတ် (ဇီဝနည်းပညာ)



  • VIA