News

POST TYPE

PERSPECTIVE

မန္တလေးကို ကယ်တင်ပါ
03-Sep-2018

မန္တလေးမြို့တွင်းနဲ့ အနီးဝန်းကျင်မှာ နေ့ခင်းကြောင်တောင် ဆိုင်ကယ်တွေ အခိုးခံကြရတာ၊ နောက် ဆိုင်ကယ်စီးလူငယ်များက လမ်းသရဲဆန်ဆန် ဖုန်းတွေ၊ ဆိုင်ကယ်တွေကို လိုက်လံလုယက်ပြီး ဓားတွေနဲ့ထိုးခုတ်နေကြတဲ့သတင်းတွေဟာ ယခုရက်ပိုင်း နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်ပွားနေတာ မြင်ကြရပါတယ်။ မြို့ခံလူထုကတော့ ဒီအခြေအနေဟာ သူတို့ရဲ့ နေ့စဉ်လူမှုဘဝအတွက် လုံခြုံရေးအာမခံချက်မရှိတော့ဘဲ မိန်းကလေးငယ်တွေ၊ ကျောင်းသားငယ်တွေအတွက် အထူးစိုးရိမ်စရာဖြစ်နေရပြီလို့ ဆိုနေကြပါပြီ။ ဒီလိုဖြစ်ကြတဲ့ဖြစ်စဉ်တွေအထဲမှာ အချို့ကျူးလွန်ကြတဲ့သူတွေကိုတော့မိပြီး အချို့ကိုတော့ မဖမ်းမိသေးဘူးလို့ သတင်းတွေမှာ မြင်နေရပါတယ်။ ပြစ်မှုကျူးလွန်သူတွေကို ဖမ်းမိထားတဲ့သတင်းတွေပါ သူတို့ရဲ့ပုံတွေကို ကြည့်လိုက်ရတဲ့အခါမှာလည်း ထိုသူတွေဟာ အသက် ၂၀ ကျော်နဲ့ ထိုဝန်းကျင်သာသာ..သာ ရှိကြတဲ့ လူငယ်လေးတွေဖြစ်နေကြတယ်လို့ ဆိုပါတယ်။ ဒီလုယက်မှု၊ ဓားနဲ့ထိုး၊ ဓားနဲ့ခုတ်၊ ဓားနဲ့လှီးကြတဲ့ဖြစ်စဉ်တွေဟာ မန္တလေးမြို့နဲ့ဝန်းကျင်မှာ ယခင်ဩဂုတ်လ နောက်ဆုံးပတ်အတွင်းမှာ နေ့စဉ်ဆိုသလို ၃၊ ၄ နေရာဖြစ်ပွားနေခဲ့ရာက ယခုနောက်ဆုံး စက်တင်ဘာလ တစ်ရက်နေ့ကဆိုရင် ဂေါက်ကွင်းက ကားနဲ့ ပြန်လာတဲ့ အသက် ၈၀ ကျော် လူကြီးတစ်ယောက်ကို ဆိုင်ကယ် ၁၀ စီးနဲ့ လူရမ်းကားတွေက ကားနောက်ကိုလိုက်လာပြီး ကားကိုဝိုင်းရိုက် မှန်တွေကိုခွဲ လူကိုလည်း အန္တရာယ်ပြုဖို့ ကြိုးစားခဲ့ကြတယ်လို့ ကြားခဲ့ရသလို ပြည်ကြီးတံခွန်မြို့နယ် ဆည်မြောင်းထိပ် ၇၈ လမ်းမှာဆိုရင်လည်း ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီးနှစ်ယောက်ဆီက ပိုက်ဆံအိတ်ကို အတင်းလုပြေးသွားတဲ့သတင်းလည်း ဖတ်လိုက်ရပြန်ပါတယ်။

ဒါ့အပြင် မန္တလေးနဲ့တစ်ဆက်တည်းလို့ ပြောလို့ရနိုင်တဲ့ ကျောက်ဆည်မှာဆိုရင်လည်း ဆင်အကနဲ့ အလှူခံထွက်လာတဲ့ သူရဲ့အလှူခံထားတဲ့ ငွေဖလားကို ဆိုင်ကယ်သမားတစ်ဦးက လုယူပြီး ထွက်ပြေးတာကို ဝိုင်းဖမ်းကြတာ လူတော့မမိဘဲ ဆိုင်ကယ်ပဲမိလိုက်တဲ့ သတင်းတစ်ပုဒ်လည်း ဖတ်မိရပါသေးတယ်။ (အလှူခံငွေဖလား လုခြင်းမဟုတ် ဆိုင်ကယ်မတော်တဆတိုက်မိသကဲ့သို့ဖြစ်စဉ်ဟု မန္တလေးတိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပြီးဖြစ်) ကျောက်ဆည်မှာဆိုရင်လည်း ယခင်ရက်ကမှ ဆိုင်ကယ်စီး ၃ ယောက်က ကျောင်းသားတစ်ဦးစီကဖုန်းကို လုယူပြီး လူကို ဓားနဲ့ထိုးလို့ သေဆုံးသွားရတာ သိကြပြီးဖြစ်ကြမှာပါပဲ။

ဒါ့အပြင် ဒီဖြစ်စဉ်တွေနဲ့ အနီးစပ်ဆုံးဖြစ်ခဲ့တဲ့ ဩဂုတ်လ ၃၀၊ ၃၁ ရက်နေ့တွေကဆိုရင် မီနီအိုးဝေမောင်းတဲ့တက္ကစီသမားကို Scoopy ဆိုင်ကယ်နှစ်စီးနဲ့ လူ ၆ ယောက်လောက်က ဓားနဲ့ဝိုင်းခုတ်ကြတဲ့သတင်း၊ တစ်ဖန် ဆိုင်ကယ်စီးနေစဉ် အခြားဘေးကဆိုင်ကယ်ကနေ လူ ၃ ယောက်က ဓားနဲ့ခုတ်သွားတဲ့သတင်း၊ ၃၂ လမ်းနဲ့ ၇၅ x ၇၆ လမ်းကြားမှာ ဆိုင်ကယ်စီး ၃ ဦးက ကောင်မလေး ၂ ယောက် စီးလာတဲ့ဆိုင်ကယ်ဆီကနေ ဖုန်းလုပြေးတဲ့သတင်း၊ ၆၂ လမ်း ၄၁ x ၄၂ လမ်းကြား မနော်ရမ္မံကစားကွင်းရှေ့မှာ လူတစ်ယောက်က ဆိုင်ကယ် (စကူးဖီး) အနီရောင်လေးရပ်ပြီး ဆိုင်ကယ်ပေါ်မှာထိုင်ပြီး ဖုန်းရပ်ပြောနေတာကို ကောင်လေးတစ်ယောက်က ဆိုင်ကယ်ပေါ်တက်ခွပြီး လည်ပင်းကိုဓားနဲ့လှီးကာ ဆိုင်ကယ်မောင်းပြီး လုယူထွက်ပြေးသွားတဲ့သတင်း၊ မြစ်ငယ်စစ်ကိုင်းလမ်းမှာ ည ၈ နာရီအချိန်လောက် လူ ၃ ယောက်က ဆိုင်ကယ်စီးလာတဲ့ယောကျာ်းလေး ၂ ယောက်ကို တုတ်နဲ့ ဓားနဲ့ ဝိုင်းခုတ်ကြတဲ့အခါ ဆိုင်ကယ်လု အခုတ်ခံရသူယောကျာ်းလေး ၂ ယောက်က ဓားပြန်လုပြီး ပြန်ခုတ်နိုင်တဲ့သတင်းတွေလည်း အဆက်မပြတ် ကြားခဲ့ရပါတယ်။

ဒီအပေါ် မြို့ခံလူထုအနေနဲ့ တော်တော်ကြီးကို စိတ်ပျက်နေကြရကြောင်း၊ အခုလို လုယက်တဲ့လူတွေ အနုကြမ်းစီးနေတဲ့လူတွေက စားစရာမရှိလို့၊ ဘာမှကို လုပ်စားစရာမရှိတော့လို့ လုပ်နေတဲ့လူတွေ မဟုတ်ဘူးဆိုတာတော့ လူတိုင်းသိသလို တာဝန်ရှိလူကြီးမင်းများလည်း သိလောက်တယ်လို့ ဆိုနေကြသလို ပြည်သူတွေအတွက် လုံခြုံမှုအာမခံချက်ဆိုတာ မရှိတော့ဘူးလား၊ ဘယ်လောက်အထိ ကျီးလန့်စာစားနေရသလို စိုးရိမ်ထိတ်တလန့်လန့် ဖြစ်နေကြရမလဲ၊ ဒီလိုဖြစ်နေတာတွေက ဘယ်သူ့မှာ တာဝန်အရှိဆုံးလည်း၊ ဘယ်သူ့ကို ဘယ်လိုတင်ပြမှ ဒါတွေကို ဝိုင်းဝန်းထိန်းချုပ်ကြမှာလဲဆိုတဲ့ မေးခွန်းတွေလည်း လူမှုကွန်ရက်အင်တာနက် စာမျက်နှာအပေါ်မှာ မေးနေပြောနေ ရေးတင်နေကြတာ မြင်နေဖတ်နေရပါတယ်။

သူတို့ရဲ့ အဆိုအရဆိုရင် ဒီအဖြစ်တွေကိုထိန်းချုပ်ဖို့ဆိုရင် ဘယ်နေရာတွေကို ထိန်းချုပ်ရမလဲ၊ ဘယ်သူတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ တာဝန်ရှိတဲ့လူကြီးတွေ အသိဆုံးပါလို့ ပြောနေကြသလို Facebook ပေါ်မှာ Live လွှင့်မှ၊ ပြည်သူတွေက သတင်းပေးမှ ရဲအင်အားအလုံးအရင်းနဲ့ လာလာဖမ်းတတ်တဲ့အကျင့်ကိုလည်း ပြင်သင့်နေပါပြီလို့ ဆိုနေကြပါတယ်။ ယခုအခြေအနေတွေဟာ ယခင်က ဒီလောက်မဆိုးရွားဘဲ အခုနောက်ပိုင်း မူးယစ်ဆေးသုံးသူတွေကို မြို့ခံလူထုက ရဲကိုသတင်းပေးတာ၊ ရဲကဝင်ဖမ်းတာတွေ ပြုလုပ်ပြီးတဲ့နောက်ပိုင်းမှာ ပိုမိုဆိုးရွားလာခဲ့ကြောင်း၊ ဒီအတွက် မန္တလေးတိုင်းဒေသကြီးအစိုးရနဲ့ ပြည်ထဲရေးတို့ပူးပေါင်းပြီး ဒုစရိုက်မှုတွေ၊ လုယက်မှုတွေ၊ ဓားထိုးဓားခုတ်မှုတွေ ကင်းစင်ပပျောက်အောင် ဗျူဟာအသစ်တွေ၊ စီမံချက်အသစ်တွေရေးဆွဲပြီး ထိထိမိမိ ဆောင်ရွက်သင့်ကြောင်းတွေလည်း တင်ပြနေကြတာတွေ မြင်နေကြရပါတယ်။

နောက်ဆုံးတာဝန်ရှိသူတွေက ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံမှုအတွက် တာဝန်မယူပေးနိုင်ကြတော့တဲ့အဆုံးမှာ ချမ်းအေးသာစံမြိုနယ်၊ ပြည်ကြီးပျော်ဘွယ်အရှေ့ရပ်ကွက်မှာတော့ ပြည်သူတွေကပဲ တုတ်၊ ဓားတွေ၊ ဝါးရင်းတုတ်တွေ ကိုင်ဆောင်ကြပြီး ရဲစခန်းကရှိတဲ့ရဲတွေနဲ့ပဲ ပူးပေါင်းပြီး ကင်းလှည့်နေကြတယ်လို့ ဆိုပါတယ်။ ဒီလိုမန္တလေးနဲ့ဝန်းကျင်ဒေသမှာ နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်ပေါ်နေတဲ့ ဒုစရိုက်မှုတွေနဲ့ပတ်သက်လို့ ယခင်လက မန္တလေးတိုင်းဒေသကြီးလွှတ်တော်မှာ တရားဥပဒေစိုးမိုးရေး အလေးပေးဆောင်ရွက်ရန် အဆိုတစ်ရပ်တင်ခဲ့သေးတာလည်း မှတ်မိနေပါသေးတယ်။ အမှန်တော့ မန္တလေးမှာ ယခုသီတင်းပတ်အတွင်းမှာ ဖြစ်ပွားနေတဲ့ ဒီဒုစရိုက်သတင်းတွေကို ပြန်လေ့လာကြည့်ရင် ယခင်နှစ်တွေကလည်း ဖြစ်ခဲ့တာတွေရှိခဲ့တယ်ဆိုပေမယ့် ယခုနောက်ပိုင်းဖြစ်သလိုတော့ ဖြစ်စဉ်တွေ ခပ်စိပ်စိပ်ဖြစ်နေတာမျိုး မဟုတ်ပါဘူး။ အမှန်တော့ ဒီလိုလူငယ်လေးတွေ လက်ရဲဇက်ရဲနဲ့ အလွယ်တကူကျူးလွန်နေကြတဲ့နောက်မှာ အခြေခံအကြောင်းတရားတွေများစွာ ရှိနေမှာပါပဲ။ ဒါကိုလည်း အပေါ်မှာပြောသလို တာဝန်ရှိလူကြီးမင်းများအားလုံးလည်း သိကြပြီးဖြစ်မှာပါ။ ဒါဆိုရင် ဘာဖြစ်လို့ ဒါတွေကို ထိထိရောက်ရောက် မနှိမ်နင်းနိုင်ကြသလဲဆိုတဲ့ အမေးတွေလည်း ရှိလာနေပါပြီ။

ယခင်သီတင်းပတ်က ပြည်သူတစ်ဦးက Liv လွှင့်တင်လို့ မူးယစ်ဆေးသုံးနေတဲ့နေရာကို သွားဖမ်းကြတဲ့ ရဲတပ်ဖွဲ့ရဲ့အင်အားကို ကြည့်မယ်ဆိုရင် ဒီလိုဖြစ်စဉ်တွေကို စီမံချက်ချပြီး ထိန်းချုပ်ဖို့ဆိုတာ ခက်ခဲမယ်လို့လည်း မထင်ပါဘူး။ ဒါပေမဲ့လည်း အခုတော့ ပြည်သူတွေကိုယ်တိုင်ပဲ ကိုယ့်ရပ်ကွက်၊ ကိုယ့်လမ်းလုံခြုံရေးအတွက် သူတို့ကိုယ်တိုင် လှည့်ကင်းတွေ ပြန်လှည့်ပြီး ဆောင်ရွက်နေကြရတဲ့အခြေအနေ ဖြစ်နေပါတယ်။ တစ်ဖက်ကကြည့်ရင်တော့လည်း အင်အားနည်းပါးတဲ့ ရဲတပ်ဖွဲ့စခန်းငယ်လေးတွေနေရာမှာ ပြည်သူတွေကပါ ပါဝင်ပူးပေါင်းပြီး ဆောင်ရွက်ကြလာတာဟာ ဒါဟာ ကောင်းမွန်တဲ့စနစ်ဖြစ်လာတယ်လို့ ဆိုလို့ရနိုင်ပါတယ်။

ဒါပေမဲ့လည်း တစ်ဖက်မှာတော့ ပြည်သူတွေဘဝလုံခြုံစိတ်ချရရေး နဲ့အေးချမ်းသာယာရေးအတွက် ပြည်သူ့ဘဏ္ဍာစားနေကြတဲ့ လုံခြုံရေးနဲ့ ဆိုင်တဲ့ဝန်ထမ်းတွေ၊ တာဝန်ရှိစီမံရမယ့်သူတွေအတွက်တော့ မိမိတို့ထမ်းဆောင်ရမယ့်တာဝန်တွေ ဘယ်လောက်ကျေနေကြသလဲဆိုတာတော့ မေးခွန်းထုတ်ခံရမှာ အသေအချာပါပဲ။

နိဂုံးချုပ်အားဖြင့် ဒီဖြစ်စဉ်တွေအပေါ် သုံးသပ်ကြည့်မယ်ဆိုရင် ကျူးလွန်ကြတဲ့သူအများစုဟာ အထက်မှာဆိုခဲ့သလို စားစရာမရှိလို့၊ အလုပ်အကိုင်တွေ ရှားပါးလွန်းလို့ ဒီလိုခိုးယူပြီး ပြန်လည်ရောင်းချကြရမှ စားသောက်နေထိုင်လို့ရကြမယ့် အသွင်သဏ္ဌာန်မျိုးတွေမဟုတ်ဘဲ လူငယ်တွေပီပီ သူတို့နောက်မှရှိနေတဲ့၊ သူတို့ကိုယ်အတွင်းမှာဖြစ်ပေါ်နေတဲ့ တွန်းအားတစ်စုံတစ်ရာကြောင့်သာ စဉ်းစားဆင်ခြင်နိုင်တဲ့တရားကို လက်လွတ်ပြီး ကျူးလွန်နေကြတာ တွေ့ရပါတယ်။

ဒီတွန်းအားတစ်စုံတစ်ရာဆိုတဲ့အရာကလည်း စိတ်ကိုပြောင်းလဲစေတဲ့ စိတ်ကြွဆေး၊ မူးယစ်ဆေးဝါးတွေ သုံးစွဲထားတဲ့အတွက်ကြောင့်သာဖြစ်သလို ဒီဆေးတွေကိုလည်း ထုတ်လုပ်ဖြန့်ချိရာဒေသနဲ့ အနီးဆုံးဈေးကွက်ကြီးဖြစ်တဲ့ ဒီလိုမန္တလေးလိုဒေသမျိုးမှာ အလျှံအပယ်ရရှိနေကြတာလည်း ပါပါတယ်။ မူးယစ်ဆေးကို လူငယ်လေးတွေအနေနဲ့ စမ်းသုံးကြည့်ရာကနေ တဖြည်းဖြည်း မသုံးရရင် မနေနိုင်တော့တဲ့ အခြေအနေဖြစ်လာပြီး ဒီဆေးတွေဝယ်ယူကြဖို့အတွက် ငွေလိုလာတဲ့အခါ ကြံမိကြံရာကြံပြီး မိုက်ရူးရဲ တစ်ဇွတ်ထိုး လုပ်လာနေကြတာကိုလည်း အကျိုးနဲ့အကြောင်းကို ဆက်စပ်စဉ်းစားလိုက်ရင် ကွက်ကွက်ကွင်းကွင်း မြင်ကြရမှာပဲ ဖြစ်ပါတယ်။

တစ်ဖက်က လှည့်ယူတွေးတောကြည့်မယ်ဆိုရင်လည်း ဒီလို နေ့စဉ်နဲ့အမျှ ဖြစ်ပေါ်လာနေကြတဲ့ ဒီဖြစ်စဉ်ဖြစ်ရပ်တွေအပေါ် တိုင်းဒေသကြီးမှာ တာဝန်အရှိဆုံးဖြစ်တဲ့ ဝန်ကြီးချုပ်ကအစ အစိုးရအဖွဲ့အတွင်းက လုံခြုံရေးနဲ့ ကာကွယ်ရေးဝန်ကြီးအဆုံး၊ တိုင်းရဲမင်းကြီးကအစ အောက်ခြေက ခရိုင်၊ မြို့နယ်အဆင့်ဆင့်က ရဲဝန်ထမ်းတွေလည်း သိနေကြားနေကြရမှာပါပဲ။ ဒါတွေကို မသိမကြားဘဲလည်း နေကြမှာမဟုတ်သလို ဒီအပေါ် ဘယ်လိုထိန်းချုပ်ဖြေရှင်းကြမလဲဆိုတာပဲ လိုအပ်နေတာပါ။ ဒီအပေါ် တာဝန်ရှိတဲ့သူတွေအနေနဲ့ အလျင်အမြန် ဝိုင်းဝန်းဆွေးနွေးပြီး ဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းတွေသုံးကာ ထိန်းချုပ်နေသင့်ပါပြီ။ မန္တလေးမြို့အတွင်းနဲ့ ဝန်းကျင်ဒေသမှာ ဖြစ်ပေါ်နေတဲ့ ဒီဖြစ်စဉ်ဖြစ်ရပ်တွေဟာ အခုလို နည်းပညာမြင့်မားလာပြီး လူတိုင်းကိုယ်စီ Social Media ဖြစ်တဲ့ Facebook သုံးစွဲနေကြတဲ့ကာလမှာ အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ၊ နိုင်ငံရပ်ခြားတွေအထိ ပျံ့နှံ့နေပြီး ဒီအပေါ် စိုးရိမ်စိတ်၊ မြို့ခံလူထုအတွက် ကိုယ်ချင်းစာစိတ်တွေလည်းဖြစ်ကြရရင်း ပြင်ပကနေ အခုလို အပြုသဘော ဝေဖန်ထောက်ပြ အကြံပေးနေကြတာကိုလည်း နားစိုက်ထောင်သင့်နေပါပြီ။ 

နောက်ဆုံး ယခုလက်ရှိအခြေအနေမှာ မြို့ခံလူထုတွေကိုယ်တိုင်က သူတို့ကိုယ်တိုင် ကင်းလှည့်မယ်၊ မြို့တွင်းက ဘယ်လမ်းတွေ၊ ဘယ်နေရာတွေကတော့ လုယက်မှုတွေဖြစ်တတ်တယ်၊ ဘယ်လိုလူတွေကို လုယက်တတ်တယ်၊ ရန်ရှာတတ်တာမို့ ရှောင်ရှားကြပါ စသဖြင့် အချင်းချင်း သတင်းတွေ ပြန်လည်ဝေငှနေကြရင်း လက်တွေ့မှာလည်း လုပ်ဆောင်နေကြတဲ့ အဆင့်ထိဖြစ်ပေါ်နေတာမို့ တာဝန်ရှိသူအပေါင်းကလည်း ဒီအပေါ် ဂရုတစိုက် အလေးပေးဖြေရှင်းပေးသင့်နေတဲ့ကာလကို ရောက်နေပါပြီ။ အစိုးရဆိုတာ ပြည်သူတွေရဲ့အားကိုးရာဖြစ်တဲ့အတွက် မိမိတို့အစိုးရကတာဝန်ရှိတဲ့ သူတွေအနေနဲ့လည်း ပြည်သူတွေကို ရင်ဝယ်သားပမာ ပြန်လည်စောင့်ရှောက်လို့ လုံခြုံနွေးထွေးမှုအပြည့်အဝ ပြန်လည်ပေးဆပ်ကြရမယ့် တာဝန်ရှိတာနဲ့အညီ အမှန်တကယ်လည်း မိမိတို့တာဝန်တွေ ကျေပွန်အောင် လုပ်ဆောင်ပေးသင့်ကြပါပြီ၊ ဒါမှသာ ပြည်သူရဲ့ထောက်ခံမှုကိုရရှိနိုင်မှာဖြစ်ပြီး လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာလည်း မျက်နှာပန်းပွင့်နိုင်မှာဆိုတဲ့အကြောင်း စိတ်ကောင်းစေတနာနဲ့ တိုက်တွန်းရေးသားလိုက်ရပါတယ်။

အောင်ဇေယျ