News

POST TYPE

PERSPECTIVE

ခေတ်သစ် ရွှေဖျဉ်းညီနောင် မဖြစ်စေလိုပါ
06-Jun-2018

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရဲ့ ၂၀၁၈ ခုနှစ် မေလ ၂၁ ရက်စွဲပါ ညွန်ကြားချက်တစ်စောင်ကို ဖတ်ရပါတယ်။ အကြောင်းအရာက ဟောပြောပွဲ၊ စာတမ်းဖတ်ပွဲနှင့် ဆွေးနွေးပွဲများ ကျင်းပခြင်းကိစ္စပါ။ အကျဉ်းချုပ်ဖော်ပြလိုပါတယ်။

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နှင့် ကျောင်းများတွင် စာတမ်းဖတ်ပွဲများ၊ ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ ကျင်းပပြုလုပ်လိုပါက နိုင်ငံရေးနှင့်ပတ်သက်သည့် စာတမ်းဖတ်ပွဲများ၊ ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ ခွင့်မပြုရန်၊ ကျောင်းသား ကျောင်းသူများ၏ အနာဂတ်ဘဝ ပိုမိုသာယာ လှပနိုင်ရေးအတွက် ပညာရပ်ဆိုင်ရာ သင်ကြားသင်ယူခြင်း၊ သုတေသနဆိုင်ရာပူးပေါင်းဆောင်ရွက်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဆန်းသစ်တီထွင်ဖန်တီးဆောင်ရွက်ခြင်းဆိုင်ရာ စာတမ်းဖတ်ပွဲများ၊ ဟောပြောပွဲများ၊ ဆွေးနွေးပွဲများကို ခွင့်ပြုပေးရန်အတွက် ဆွေးနွေးဟောပြော ဖတ်ကြားမည့် ခေါင်းစဉ် Concept Note လာရောက်ဟောပြောဆွေးနွေးမည့် ပုဂ္ဂိုလ်များ၏ အမည်၊ ကိုယ်ရေးမှတ်တမ်းအကျဉ်း၊ တက္ကသိုလ်များမှ ဂုဏ်ပြုမှတ်တမ်းတင်နိုင်ရန် ဖိတ်ကြားမည့်သူစာရင်း တက်ရောက်မည့်ဦးရေ၊ ကျင်းပမည့်နေ့ရက်၊ အချိန်၊ နေရာ စသည်များဖြင့် အချိန်မီကြိုတင်သဘောထား မှတ်ချက်တင်ပြရန်နှင့် ခွင့်ပြုရန်သတ်မှတ်ချက်များနှင့် ကိုက်ညီပါက ခွင့်ပြုပေးမည်ဖြစ်ကြောင်း အကြောင်းကြားပါသည်ဟု ဖော်ပြထားပါတယ်။ သို့သော်လည်း ယင်းညွန်ကြားချက်ကို ဇွန်လ ၂ ရက်နေ့က ပယ်ဖျက်ကြောင်း The Voice Daily မှာ ဖတ်ရပြန်ပါတယ်။ ခုတစ်မျိုး တော်ကြာတစ်မျိုးပါပဲ။ ယင်းညွန်ကြားချက်များနဲ့ပတ်သက်လို့ အချက် ၃ ချက် တင်ပြလိုပါတယ်။

ပထမအချက်မှာ နိုင်ငံရေးနှင့်ပတ်သက်တဲ့ စာတမ်းဖတ်ပွဲများ၊ ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ ကျင်းပကြတဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်။ ပထမအကြိမ်လွှတ်တော်အတွင်းက မြန်မာနိုင်ငံမှာ နိုင်ငံရေးအသိများ တိုးတက်လာစေဖို့အတွက် တက္ကသိုလ်များမှာ နိုင်ငံရေးသိပ္ပံ Political Science ပြန်လည်သင်ကြားပေးဖို့ ဆွေးနွေးခဲ့ဖူးပါတယ်။ ယခင် မဆလခေတ်မှာလည်း နိုင်ငံရေးသိပ္ပံဘာသာရပ်ကို မသင်မနေရ သင်ခဲ့ရပါတယ်။ သို့သော် ဆိုရှယ်လစ်သဘောတရားများသာ ဖြစ်ပါတယ်။ မဆလခေတ်နောက်ပိုင်းမှာ နိုင်ငံရေးသိပ္ပံဘာသာရပ် မသင်ရတော့ပါဘူး။ သို့သော်လည်း ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် ဖြေလျှော့မှု၊ ပွင့်လင်းလာမှု၊ မီဒီယာများဖွံ့ဖြိုးလာမှုနဲ့အတူ နိုင်ငံရေးအသိအမြင်တိုးတက်လာအောင် ပိုမိုလုပ်ဆောင်လာခဲ့ကြပါတယ်။ ပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ သမဂ္ဂများ၊ မီဒီယာများက ဦးဆောင်ပြီး နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြပါတယ်။ ဒါဟာ ပြည်သူများ နှစ်ပေါင်းများစွာ နိုင်ငံရေးမျက်စိပိတ်၊ နားပိတ်နေတာတွေကို ပြန်လည်ပွင့်လာဖို့ အထောက်အကူဖြစ်စေခဲ့ပါတယ်။ ပြည်သူများအနေနဲ့ နိုင်ငံရေးအသိ၊ အမြင်၊ သဘောတရား၊ လက်တွေ့အခြေအနေ၊ ကမ္ဘာ့နိုင်ငံရေး စတဲ့ နိုင်ငံရေးအသိရေချိန်မြင့်မားလာမယ်ဆိုရင် ယနေ့ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအစွန်းရောက်မှုတွေ လျော့နည်းသွားနိုင်သလို နိုင်ငံရဲ့ နိုင်ငံရေးဟန်ချက်ကိုလည်း ထိန်းကျောင်းလာနိုင်ပါတယ်။ 

အလားတူပါပဲ။ ယနေ့ကျောင်းသားများဟာ တစ်ချိန်မှာ နိုင်ငံတော်ရဲ့တာဝန်အသီးသီးကို လက်ပြောင်းယူကြမှာ မလွဲပါဘူး။ နိုင်ငံရဲ့ အနာဂတ်မျိုးဆက်သစ်တွေဟာ ယခုအချိန်ကတည်းက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစတဲ့ ဘက်စုံအတွေးအမြင်၊ အယူအဆ၊ သုံးသပ်ချက်တွေ ရင့်သန်နေအောင် ပြုစုပျိုးထောင်ထားကြရမှာပါ။ စာသင်ခန်းမထဲက သင်ခန်းစာတစ်ခုတည်းနဲ့ ကျောင်းသားများရဲ့အတွေးအခေါ်ကို ပြောင်းလဲဖို့ မလွယ်ကူနိုင်ပါဘူး။ ပြင်ပစာတွေဖတ်ဖို့လိုအပ်သလို ပြင်ပကျွမ်းကျင်သူများနဲ့ ဆွေးနွေးမှုများလည်း လိုအပ်မှာဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ မကြာသေးခင်က ဖြစ်ရပ်နဲ့ ချိန်ထိုးသုံးသပ်မိပါတယ်။ 

အဲဒီဖြစ်ရပ်ကတော့ မူလတန်းပြဆရာမတစ်ဦးက ကလေးငယ်တွေကို ပါတီစည်းရုံးရေးပုံစံကဗျာ သင်ကြားနေတဲ့ ရုပ်သံဗီဒီယိုဖိုင် လူမှုကွန်ရက်များမှာ ထွက်ပေါ်လာတာ တွေ့ရပါတယ်။ ဝေဖန်သံတွေလည်း ကြားရပါတယ်။ ယင်းဖြစ်ရပ်နဲ့ နှိုင်းယှဉ်စဉ်းစားရမယ့်အချက်က မကြာသေးမီကပဲ စာရေးဆရာဦးကျော်ဝင်း မန္တလေးတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးဌာနမှာ ဆွေးနွေးပွဲပြုလုပ်ခဲ့ပါတယ်။ ပထမအကြိမ် လွှတ်တော်ကာလအတွင်းကလည်း ဆရာဦးကျော်ဝင်းဟာ လွှတ်တော်ကိုယ်စားလှယ်များနဲ့ နိုင်ငံရေးဆွေးနွေးပွဲများ၊ စကားဝိုင်းများ ပြုလုပ်ခဲ့ပါတယ်။ ဆရာဦးကျော်ဝင်းရဲ့ ဆွေးနွေးမှု၊ ဟောပြောမှုတွေဟာ ပါတီနိုင်ငံရေးမဟုတ်သလို ပါတီစည်းရုံး ရေးလည်း မဟုတ်ပါဘူး။ နိုင်ငံရေးအသိအမြင်၊ နိုင်ငံရေးသဘောတရား၊ နိုင်ငံရေးအယူအဆ သီအိုရီများကိုသာဆွေးနွေးပြီး နိုင်ငံရေးမျက်စိဖွင့်ပေး တာဖြစ်ပါတယ်။ ပထမဖြစ်စဉ်က မူလတန်းပြဆရာရဲ့အခြေအနေမျိုးက နိုင်ငံရေးဆိုပေမယ့် ပါတီနိုင်ငံရေး၊ ပါတီမဲဆွယ်ရေး ဖြစ်ပါတယ်။ အလားတူ ဖြစ်စဉ်မျိုး မဖြစ်စေလိုတာကြောင့် သိမ်းကျုံးပြီး တက္ကသိုလ်များမှာ နိုင်ငံရေးဆွေးနွေးပွဲများမပြုလုပ်ရဆိုတဲ့ရည်ရွယ်ချက်ဟာ ခုတ်ရာတခြား ရှရာတခြားလို့ ကောက်ချက်ချလိုပါတယ်။ နိုင်ငံရေးနဲ့ဆိုင်တဲ့ စာတမ်းဖတ်ပွဲတွေ၊ ဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေ မပြုလုပ်ရဆိုပါရင် နိုင်ငံရေးသိပ္ပံ သင်ကြားနေတဲ့ ကျောင်းသားတွေ၊ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်သင်ကြားနေတဲ့ ကျောင်းသားတွေကို မည်သို့များသင်ကြားပို့ချရမလဲ မစဉ်းစားတတ်ပါဘူး။ ကျောင်းသားကျောင်းသူတွေ၊ ပါတီအသီးသီးက ပါတီဝင်တွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းအသီးသီးတို့ဟာ လွှတ်တော်ကိုလာပြီး နိုင်ငံရေးကို ငွေကြေးအကုန်အကျခံ လာရောက်လေ့လာနေကြပါတယ်။ အဘက်ဘက်က နိုင်ငံရေးရေချိန်မြင့်မားလာအောင် ဆောင်ရွက်နေချိန်မှာ ဖိနပ်ကသေးနေလို့ ဖနောင့်ဖြတ်ပစ်တဲ့ ဆောင်ရွက်မှုမျိုး မဖြစ်သင့်ပါဘူး။

ဒုတိယအချက်မှာ လက်ရှိပြောင်းလဲနေတဲ့ အခြေအနေပါ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ပွင့်လင်းမြင်သာမှုစတဲ့ အဘက်ဘက်ကပြောင်းလဲဖို့ ကြိုးစားနေကြတာပါ။ ဒီအခြေအနေကိုမျက်ကွယ်ပြုပြီး အရင်စနစ်ပုံစံမျိုး အရာရာကို ဗဟိုကချုပ်ကိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ အပေါ်ကပြောင်းပြီး အောက်ခြေက မပြောင်းဘဲနေလို့မဖြစ်နိုင်သလို အောက်ခြေကပြောင်းပြီး အပေါ်ကမပြောင်းလို့လည်း မဖြစ်နိုင်ပါဘူး။ စနစ်ပြောင်းပေမယ့် အုပ်ချုပ်ရေးယန္တရားက လိုက်ပါပြောင်းလဲဖို့ အထူးလိုအပ်နေဆဲပါ။ ပညာရေးဝန်ကြီးဌာနဆိုတာလည်း ကျောင်းသားများအတွက် အတွေးအခေါ်အခြေပြုပညာရေးစနစ်အဖြစ် ပြောင်းလဲဖို့ ကြိုးစားနေတဲ့ဌာန ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်၊ ကောလိပ်နဲ့ ကျောင်းများမှာ ဘက်ပေါင်းစုံအသိအမြင်ကြွယ်ဝစေရေးကို ဦးတည်ဆောင်ရွက်သင့်သလို အားပေးရမယ့်အချိန်လည်း ဖြစ်ပါတယ်။ ဆွေးနွေးပွဲတစ်ခုလုပ်ရမည့်အရေး အထက်အမိန့်အဆင့်ဆင့်ယူနေရခြင်းကတော့ ဗဟိုမှ အားလုံးကိုချုပ်ကိုင်နေဆဲလို့ ကောက်ချက်ချနိုင်ပါလိမ့်မယ်။ တက္ကသိုလ်မှာ ဆွေးနွေးပွဲလုပ်ရမယ့်ကိစ္စတစ်ခုက ငြိမ်းချမ်းစွာစုဝေး ဆန္ဒပြပွဲတင်ပြရတာထက် ပိုပြီးခက်နေတာကတော့ ငိုအားထက် ရယ်အားသန်ရမယ့်အဖြစ်လို့ မြင်မိပါတယ်။

နောက်ဆုံးအချက်ကတော့ တက္ကသိုလ်နဲ့ တက္ကသိုလ်ကျောင်းသားဆိုတာပါပဲ။ မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းကို ပြန်ကြည့်ရင် နိုင်ငံရေး၊ တက္ကသိုလ်၊ တက္ကသိုလ်ကျောင်းသားဆိုတာ ခွဲခြားလို့မရခဲ့ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းဟာ နိုင်ငံရေးကို ဘယ်အချိန်မှာ စတင်ခဲ့တယ်ဆိုတာ အားလုံး သိပြီးဖြစ်ပါတယ်။ ကျောင်းသားတိုင်း နိုင်ငံရေးလုပ်ရမယ် မဆိုလိုပေမယ့် ကျောင်းသားတိုင်းတော့ နိုင်ငံရေးကို သိသင့်ပါတယ်။ နိုင်ငံရေးဆိုတာကလည်း နိုင်ငံရဲ့အရေးကိစ္စတွေ ဖြစ်နေလို့ပါပဲ။ ကျောင်းသားတွေဆိုတာလည်း တစ်ချိန်မှာ ရွေးချယ်ခံပိုင်ခွင့်ရှိသူတွေ၊ ရွေးချယ်ခွင့်ရှိသူတွေ ဖြစ်လာကြမှာပါ။ ကျောင်းသားများရဲ့အတွေးအခေါ်၊ အယူအဆ၊ စဉ်းစားဆုံးဖြတ် နိုင်စွမ်းတွေဖွင့်ပေးရမယ့် ကျောင်းတွေမှာ အတွေးအခေါ်ချုပ်ချယ်မှု၊ ကန့်သတ်မှုတွေ မပြုလုပ်သင့်ပါဘူး။ ယခင်ကာလများက တက္ကသိုလ်ကျောင်းများကို မြို့နဲ့ဝေးရာကို ပို့ခဲ့ပြီးပါပြီ၊ ယနေ့အချိန်မှာတော့ ကျောင်းသားတွေရဲ့ အတွေးအခေါ်တွေကို ဝေးရာကိုပို့မယ့် အခြေအနေမဖြစ်စေလိုပါဘူး။ ဆွေးနွေးပွဲတွေ၊ စာတမ်းဖတ်ပွဲတွေ၊ ဆီမီနာတွေကနေ ဖော်ပြပါ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။

(က) ပညာရပ်ဆိုင်ရာ ပိုမိုကျွမ်းကျင်လာခြင်း

(ခ) အမှားအမှန်ခွဲခြားနိုင်သည့် ဝေဖန်သုံးသပ်စဉ်းစားနိုင်ခြင်း

(ဂ) စာဖတ်ခြင်း

(ယ) အကြောင်းအရာအသစ်များကို ပိုမိုလေ့လာနိုင်ခြင်း

(င) အသိအမြင်ဗဟုသုတ တိုးပွားလာခြင်း

(စ) အမြင်မတူညီမှုများကို လေးစားတတ်လာခြင်း

(ဆ) မိမိကိုယ်မိမိ ယုံကြည်မှုတည်ဆောက်နိုင်ခြင်း

(ဇ) အတွေ့အကြုံမျှဝေနိုင်ခြင်း

အားလုံးက နိုင်ငံရဲ့စနစ်အပြောင်းအလဲကို ကြိုးပမ်းဆောင်ရွက်နေချိန်မှာ အုပ်ချုပ်ရေးယန္တရားကို ဦးဆောင်အကောင်အထည်ဖော်ရသူများရဲ့ ဆောင်ရွက်ချက်များဟာလည်း အလွန်ပင် အရေးကြီးလှပါတယ်။ အနော်ရထာမင်းလက်ထက် ရွှေဖျဉ်းညီနောင်အဖြစ်ကို သတိရမိပါတယ်။

အနော်ရထာမင်းကြီးက ဘုရားထီးတင် ရေစက်သွန်းချ အမျှပေးဝေပွဲမှာ အဝင်အထွက်မုခ်ဦး အုတ်နှစ်ချပ်လပ်နေတာကို မြင်လို့မေးပါတယ်။ မြေးတော်မင်း ၂ ပါးတို့ အုတ်မသယ်မပို့ တာဝန်မထမ်းဆောင်ပါကြောင်း သံတော်ဦးတင်တဲ့အခါ အလွန်ရိုသေလေးစားရမယ့် ရတနာသုံးပါးကိစ္စတွင် ငါချစ်မြတ်နိုးလှသော မြေးတော်များသည် အလွန်ပေါ့လျော့လွန်း လှပေတကားဟု စိတ်ဆိုးပြီး မှတ်လောက်အောင်ဆုံးမလိုက်ကြလို့ အနော်ရထာမင်းကြီးက မိန့်ပါတယ်။ ဒါကို အကွက်ကောင်းချောင်းမြောင်းနေတဲ့ မနာလိုမရှုဆိတ်သူများက မင်းညီနောင်နှစ်ပါးကိုဖမ်းဆီးပြီး တောင်ပြုန်းအရပ်မှာ သတ်ဖြတ်လိုက်ကြပါတယ်။ မင်းကြီးကတော့ မြေးတော်နှစ်ပါး မလိမ္မာလို့ မှတ်လောက်အောင် ဆုံးမခိုင်းတာပါ။ လက်အောက်ကလည်း ဆုံးတော့ ဆုံးမပါတယ်၊ ဒါပေမဲ့ သေအောင်ဆုံးမလိုက်တာပါ။ 

ယခုလည်း ကျောင်းသားများကို ခေတ်သစ်ရွှေဖျဉ်းညီနောင် မဖြစ်စေလိုပါကြောင်း ...။

သိန်းထွန်း (IR)