News

POST TYPE

PERSPECTIVE

မည်သူက စိစစ် အစီရင်ခံမလဲ
02-Jun-2018 tagged as

တစ်ခုတည်းသောမဏ္ဍိုင်

ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာနိုင်ငံမှာ ပြည်သူကို တိုက်ရိုက် ကိုယ်စားပြုတဲ့ အဖွဲ့အစည်းဟာ လွှတ်တော် သို့မဟုတ် ဥပဒေပြုရေးမဏ္ဍိုင်ပဲ ရှိပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကိုသာ ရွေးချယ်ခွင့် ရှိပါတယ်။ အုပ်ချုပ်ရေး အကြီးအကဲကို လွှတ်တော်က ရွေးချယ်အတည်ပြုရတာဖြစ်ပြီး တရားစီရင်ရေးကိုလည်း ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးက တင်သွင်းတဲ့ အမည်စာရင်းကို ဥပဒေပြုရေးက စိစစ်အတည်ပြုရတာပါ။ ဒါကြောင့် ပြည်သူနဲ့ တိုက်ရိုက်ပတ်သက်ဆက်စပ်နေတာဆိုလို့ ဥပဒေပြုရေးမဏ္ဍိုင် တစ်ခုတည်းသာရှိပြီး ဥပဒေပြုရေးရဲ့ လုပ်ပိုင်ခွင့်က အကျယ်ပြန့်ဆုံးလို့ ဆိုနိုင်ပါတယ်။

အမေရိကန်နိုင်ငံမှာ ပြည်သူများဟာ လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်ခွင့်ရှိကြသလို သမ္မတကိုလည်း ရွေးချယ်ပိုင်ခွင့် ရှိနေပါတယ်။ ဆိုတော့ အမေရိကန် ပြည်သူများဟာ ဥပဒေပြုရေးကို ထိန်းကျောင်းနိုင်သလို အုပ်ချုပ်ရေးကိုလည်း ထိန်းကျောင်းနိုင်ခွင့် ရှိနေပါတယ်။ ဒါ့အပြင် အမေရိကန် ပြည်သူများဟာ သက်ဆိုင်ရာ ပြည်နယ်အလိုက် အုပ်ချုပ်ရေးမှူးများကိုလည်း ရွေးချယ်ခွင့် ရှိနေပါတယ်။ အမေရိကန်ပြည်သူများ ယခုလို ဥပဒေပြုရေး၊ အုပ်ချုပ်ရေးမဏ္ဍိုင်တွေကို ရွေးချယ်ခွင့်ရှိနေခြင်းဟာ အပြန်အလှန် ထိန်းကျောင်းခြင်းစနစ်မှာ ပြည်သူများရဲ့ လုပ်ပိုင်ခွင့် ပိုမိုရရှိထားခြင်းပဲ ဖြစ်ပါတယ်။

မိမိတို့နိုင်ငံမှာတော့ ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်ဟာ ပြည်သူများက ထိန်းကျောင်းနိုင်တဲ့ တစ်ခုတည်းသောမဏ္ဍိုင် ဖြစ်ပါတယ်။ ထိုသို့ဆိုပါက ပြည်သူကသာ တိုက်ရိုက်ရွေးချယ်ခွင့်ရှိတဲ့ တစ်နည်းအားဖြင့် ပြည်သူကို တိုက်ရိုက် ကိုယ်စားပြုနေတဲ့ လွှတ်တော်ဟာ ပထမအဆင့်အနေနဲ့ ပြည်သူကို အမှန်တကယ် ကိုယ်စားပြုနိုင်ပြီလား၊ ဒုတိယအဆင့်အနေနဲ့ လွှတ်တော်က ရွေးချယ်ထားတဲ့ သို့မဟုတ် အတည်ပြုထားတဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး မဏ္ဍိုင်တွေကို အပြန်အလှန် ထိန်းကျောင်းနိုင်ပြီလားဆိုတာဟာ အနာဂတ်နိုင်ငံတော် တည်ဆောက်ရေးအတွက် အရေးပါနေပါတယ်။ ကိုယ်စားပြုမှု၊ အပြန်အလှန် ထိန်းကျောင်းမှု ရှိနေမှသာ ပြည်သူများရဲ့အကျိုး၊ လိုလားချက်၊ ဆန္ဒများကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်မှာဖြစ်သလို ကာကွယ်နိုင်မှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အာဏာခွဲဝေကျင့်သုံးမှု၊ အပြန်အလှန် ထိန်းကျောင်းမှုစနစ်များဟာ အာဏာရှင်စနစ်နဲ့ အာဏာအလွဲသုံးစားပြုမှုတွေကို ရှောင်ရှားနိုင်မှာဖြစ်သလို အဂတိ လိုက်စားမှု လျှော့ချရေးကိုလည်း အထောက်အကူ ဖြစ်စေပါလိမ့်မယ်။

ပြည်သူများဟာ နိုင်ငံတော်သမ္မတကို တိုက်ရိုက်ခန့်အပ်ခွင့် မရှိသလို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်များကိုလည်း ရွေးချယ်ခန့်အပ်ပိုင်ခွင့် မရှိပါဘူး။ ဒီအတွက် တိုက်ရိုက်ခန့်အပ်ခွင့်၊ အတည်ပြုခွင့်ရှိတဲ့ လွှတ်တော်များကသာ ထိန်းကျောင်းနိုင်ခွင့် ရှိနေပါတယ်။ မိမိတို့ပါတီမို့ လျှော့လျှော့ပေါ့ပေါ့နဲ့ အပြန်အလှန် ထိန်းကျောင်းနေကြမယ်ဆိုရင် ပြည်သူကို ကိုယ်စားပြုနိုင်မှု အားနည်းသွားမှာ ဖြစ်သလို နောက်နောင် တက်လာမယ့် အစိုးရများကလည်း ဒီလမ်းစဉ်ကို မလွဲမသွေ လိုက်လာကြမှာ အသေအချာပါပဲ။ လက်ရှိအခြေအနေအရ နိုင်ငံတည်ဆောက်ဆဲ ဖြစ်နေတာမို့ အုပ်ချုပ်ရေးရဲ့ အားနည်းချက်၊ လိုအပ်ချက်များနဲ့ ပတ်သက်ပြီး လွှတ်တော်များအနေနဲ့ အပြန်အလှန် ထိန်းကျောင်းမှု ပိုမိုလုပ်ဆောင်ဖို့ လိုအပ်နေပါတယ်။

လွှတ်တော်က အတည်ပြုထားသော

ပြည်ထောင်စုလွှတ်တော် ပထမသက်တမ်း (၅) နှစ်ကာလနဲ့ ဒုတိယသက်တမ်း (၃၁.၃.၂၀၁၇) ရက်အထိ ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောတူညီချက်နဲ့ ရယူထားတဲ့ ပြည်ပ ချေးငွေတွေနဲ့ပတ်သက်ပြီး လုပ်ငန်းဆောင်ရွက်ပြီးစီးမှုတွေကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနတွေက လွှတ်တော်ကို လာရောက်ရှင်းလင်းခဲ့တာ တွေ့ရပါတယ်။ ဝန်ကြီးဌာနအလိုက် ရှင်းလင်းမယ်လို့ သိရပါတယ်။ ပြည်သူများ သိသင့်တယ်လို့ယူဆလို့ ထုတ်နုတ်ဖော်ပြလိုပါတယ်။ ၃၁.၃.၂၀၁၇ ရက်နေ့အထိ ပေးဆပ်ရန် ကျန်ပြည်ပချေးငွေစာရင်းဟာ အမေရိကန်ဒေါ်လာ သန်းပေါင်း ( ၉၁၄၈ ဒသမ ၈၂၁ ) ဖြစ်ပါတယ်။ အဲဒီချေးငွေတွေနဲ့ လုပ်ငန်းဆောင်ရွက်နေမှုတွေမှာ ပြည်သူများရဲ့ နေ့စဉ် လူမှုစီးပွားဘဝများနဲ့ သက်ဆိုင်နေတာတွေလည်း ပါဝင်နေပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ပြည်ပ ချေးငွေများနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေတာတွေကို အောက်ပါအတိုင်း တွေ့ရပါတယ်။

သမဝါယမကဏ္ဍအတွက် ချေးငွေနဲ့ ဆောင်ရွက်နေတဲ့ စီမံကိန်း (၃) ခုကတော့ -

(၁) မြန်မာနိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေး အသေးစား ငွေရေးကြေးရေး လုပ်ငန်းအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၄၀၀
(၂) မြန်မာနိုင်ငံ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လက်မှု လယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရေးအတွက် လိုအပ်သော လယ်ယာသုံး စက်ကိရိယာပစ္စည်းများ ဝယ်ယူရေး ပူးပေါင်းဆောင်ရွက်မှု - ချေးငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၁၀၀ 

မွေးမြူရေးနှင့် ကျေးလက်ကဏ္ဍအတွက် ချေးငွေနဲ့ ဆောင်ရွက်နေတဲ့ စီမံကိန်း ၅ ခုကတော့ -

(၁) ဆင်းရဲမှုလျှော့ချရေးအတွက် ဒေသတွင်း ဖွံ့ဖြိုးမှုစီမံကိန်း (၁) ယန်း ၂၆၂၄ ဒသမ ဝ
(၂) ဆင်းရဲမှုလျှော့ချရေးအတွက် ဒေသတွင်း ဖွံ့ဖြိုးမှုစီမံကိန်း (၂) ယန်း ၆၀၀၄ ဒသမ ဝ
(၃) အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း အမေရိကန် ဒေါ်လာ သန်းပေါင်း ( ၉၀ ဒသမ ဝ)
(၄) လူထုဗဟိုပြုစီမံကိန်း၊ အမေရိကန် ဒေါ်လာသန်းပေါင်း (၄၀၀ ဒသမ ဝ)
(၅) လူထုဗဟိုပြုစီမံကိန်း၊ ယူရိုသန်းပေါင်း (၂၀ ဒသမ ဝ)

စိုက်ပျိုးရေးကဏ္ဍအတွက် ချေးငွေနဲ့ ဆောင်ရွက်နေတဲ့ စီမံကိန်း ၆ ခုကတော့ -

(၁) မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ရှင်သန်နိုးကြားမှု မြှင့်တင်ရေးစီမံကိန်းအတွက် ချေးငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း (၁၈ ဒသမ ၇၂၆)
(၂) ပဲခူးတိုင်းဒေသကြီး (အနောက်) ဆည်မြောင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် ယန်း (၁၄၈၇၀) သန်း
(၃) စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြု စီမံကိန်းအတွက် ချေးငွေ အမေရိကန်ဒေါ်လာ သန်း (၁၀၀)
(၄) ရေသွင်း စိုက်ပျိုးမြေဧရိယာ အပါအဝင် လယ်ယာကဏ္ဍ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် ချေးငွေ စုစုပေါင်း အမေရိကန် ဒေါ်လာသန်းပေါင်း (၁၀၂ ဒသမ ၅၀)
(၅) မြန်မာနိုင်ငံအရှေ့ပိုင်းပြည်နယ်များ စိုက်ပျိုးစီးပွား ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းအတွက် ချေးငွေ အမေရိကန် ဒေါ်လာ သန်း ( ၅၆ ဒသမ ၇၃)
(၆) မြန်မာနိုင်ငံ ဆည်မြောင်း ဖွံ့ဖြိုးရေး စီမံကိန်းအတွက် အမေရိကန် ဒေါ်လာသန်း (၁၉၈ ဒသမ ၉၆) တို့ ဖြစ်ပါတယ်။ ချေးငွေအတွက် ပြန်ဆပ်ကာလက ခုနစ်နှစ်ကနေ နှစ် ၄၀ အထိ ရှိပါတယ်။

အထက်ဖော်ပြပါ စီမံကိန်းများမှာ ဆောင်ရွက်ပြီးများရှိသလို ဆောင်ရွက်ဆဲများနဲ့ စီမံကိန်း မစတင်ရသေးတာများလည်း ပါရှိပါတယ်။ ဒီစီမံကိန်းတွေကို National Project Steering Committee က ကြီးကြပ်နေတယ်လို့လည်း ဆိုပါတယ်။

စိစစ်တင်ပြရန်လိုအပ်

ချေးငွေများကို ပြည်ထောင်စုလွှတ်တော်ကလည်း အတည်ပြုထားပြီးဖြစ်သလို ချေးငွေများလည်း သုံးစွဲနေပြီ ဖြစ်ပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ စီမံကိန်းများက ဝန်ကြီးဌာနတစ်ခုရဲ့ စီမံကိန်းများကို နမူနာဖော်ပြထားခြင်း ဖြစ်ပါတယ်။ အခြား ဝန်ကြီးဌာနများမှာလည်း ချေးငွေနဲ့ ဆောင်ရွက်နေတဲ့ စီမံကိန်းများရှိပါတယ်။ ဒီစီမံကိန်းတွေကိုကြည့်ရင် နိုင်ငံအတွက်၊ ပြည်သူလူထုအတွက် ဘယ်လောက် အတိုင်းအတာထိ ထိရောက်ခဲ့ပါသလဲ။ ချေးငွေနဲ့ ပြန်လည်ရရှိတဲ့အကျိုး ညီမျှပါသလား၊ အတည်ပြုခဲ့တဲ့လွှတ်တော်အနေနဲ့လည်း လုပ်ငန်းထိရောက်မှု ပြန်လည် စိစစ်ခဲ့ပါသလား၊ သို့မဟုတ် သက်ဆိုင်ရာဌာနများက လွှတ်တော်ကို ပြန်လည် အစီရင်ခံခဲ့ပါသလား။ ပြည်သူ့အတွက် မည်သူက တာဝန်ခံဆောင်ရွက်မလဲ။

လွှတ်တော်ဆိုသည်မှာ မည်သည့်ပါတီ အနိုင်ရသည်ဖြစ်စေ၊ မည်သည့် အစိုးရအာဏာရလာသည်ဖြစ်စေ ပြည်သူ့အကျိုးကိုသာ ဦးတည်နေရမယ့်မဏ္ဍိုင် ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြည်သူကို တိုက်ရိုက်တာဝန်ခံရတာ လွှတ်တော်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အပြန်အလှန် ထိန်းကျောင်းမှုများ လိုအပ်နေပါတယ်။ ချေးငွေများနဲ့ စီမံကိန်းများ ဆောင်ရွက်ပြီး နိုင်ငံနဲ့ ပြည်သူအတွက် ထိထိရောက်ရောက် မဆောင်ရွက်နိုင်ဘူးဆိုရင် ပြည်သူများအတွက်ကတော့ အကျိုးကျေးဇူးလည်း မခံစားရ၊ ပြည်သူ့ဘဏ္ဍာနဲ့ ချေးငွေဆပ်ရနဲ့ မိအေး အကြိမ်ကြိမ် နာရပါလိမ့်မယ်လို့သာ ဆိုချင်ပါတယ်။

သိန်းထွန်း (IR)

  • TAGS