News

POST TYPE

PERSPECTIVE

ခုတစ်မျိုး တော်ကြာတစ်မျိုး နိုင်ငံရေး
31-May-2018

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ လာမယ့်ဇွန်လ ၁၂ ရက် စင်ကာပူမှာ တွေ့ဆုံကြမယ့်ကိစ္စ ခုတော့ သေချာသလောက် ဖြစ်သွားပြီထင်တယ်။ ထင်တယ်လို့ ပြောရတာက ရှေ့မှာ မသေမချာတွေ ခဏခဏ ဖြစ်ခဲ့တာရော ဒီရက်အတွင်း အမေရိကန် အိမ်ဖြူတော်က တာဝန်ရှိသူတွေ စင်ကာပူလာပြီး ကြိုတင်ပြင်ဆင်ရေး လုပ်နေတာ၊ မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ တချို့လည်း စင်ကာပူကိုလာပြီး ခေါင်းဆောင်ကြီးနှစ်ဦးရဲ့ ထိပ်သီး ဆွေးနွေးပွဲအတွက် အကြိုညှိနှိုင်းမှုတွေ လုပ်နေကြပြီဆိုတဲ့ သတင်းတွေကြောင့်ပါ။ နိုင်ငံရေး အဖြစ်အပျက်တွေက တစ်ခါတစ်ခါ အင်မတန် အံ့အားသင့်စရာ ကောင်းပါတယ်။ ခု ဆီထမင်း၊ ခု စာကလေးကြော် ဆိုတာလို ခုတစ်မျိုး တော်ကြာတစ်မျိုး အပြောင်းအလဲတွေက မြန်လွန်းလှတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၇ က တောင်-မြောက် ကိုရီးယားနယ်စပ် “ပန်မွန်ဂျုံ”မှာ ကင်ဂျုံအန်းနဲ့ မွန်ဂျေအင်းတို့ လက်ဆွဲနှုတ်ဆက် တွေ့ဆုံကြတော့ မယုံကြည်နိုင်စရာ အံ့အားသင့်ခဲ့ရတယ်။ တစ်လျှောက်လုံး တစ်ဖက်နဲ့တစ်ဖက် စိန်ခေါ်ရန်စနေကြတဲ့နှစ်နိုင်ငံ၊ ခုပဲ နျူကလီးယားစစ်ပွဲကြီး ထဖြစ်တော့မလား ကမ္ဘာက ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်နေရတဲ့ နိုင်ငံနှစ်နိုင်ငံက ခေါင်းဆောင်တွေ လက်ဆွဲနှုတ်ဆက် အပြုံးချင်းဖလှယ်တာ မြင်ရတော့ စိတ်ချမ်းသာစရာ ဖြစ်ခဲ့တယ်။ နှစ်ပေါင်း ၆၅ နှစ်ကြာ မပြီးစီးသေးတဲ့ စစ်ပွဲတစ်ပွဲပြီးဆုံးသွားတော့မယ့်အရေး ကမ္ဘာက ကောင်းချီးပေးခဲ့သလို ရန်သူတော် အမေရိကန်သမ္မတကြီးနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံစကားပြောဖို့အထိ သဘောတူညီမှုတွေရခဲ့လို့ တောင်-မြောက်ကိုရီးယား ပြန်လည် ပူးပေါင်းမှုဟာ ငြိမ်းချမ်းရေး အားလုံးအတွက် နမူနာယူစရာလို့တောင် တင်စားခဲ့ကြတယ်။

သို့ပေမယ့် “ပန်မွန်ဂျုံ ကြေညာချက်”ထွက်ပေါ်လာပြီး တစ်လမပြည့်ခင်မှာဘဲ နောက်ထပ် တွေ့ဆုံဖို့ မရှိတော့ကြောင်းနဲ့ တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်တွေလည်း ရပ်ဆိုင်းလိုက်တဲ့အကြောင်း မြောက်ကိုရီးယားဘက်က ရုတ်တရက် ကြေညာလိုက်ပါတယ်။ ဒီကြေညာချက် ထွက်လာတော့ အံ့အားသင့်ရပြန်တယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကျော်ကပဲ နှစ်နိုင်ငံခေါင်းဆောင်တွေ လက်ဆွဲနှုတ်ဆက်ကြ၊ နျူကလီးယား ကင်းမဲ့ဇုန်ဖြစ်ဖို့ သဘောတူ ကြေညာချက် ထုတ်ခဲ့ကြပြီး ခုတစ်ခါ မဟုတ်တော့ပါဘူး။ နောက်ထပ်တွေ့ဖို့ အစီအစဉ် မရှိတော့ပါဘူးလို့ ဆိုလာပြန်တော့ သဘောတူစာချုပ်တွေဆိုတာ ခုချက်ချင်းလဲ စက္ကူစုတ်ဘဝ ရောက်သွားတတ်ပါလားလို့ သံဝေဂဖြစ်ရပြန်တယ်။ အကြောင်းနဲ့ အကျိုးရှိရာမှာ မြောက်ဘက်က စွပ်စွဲတာကတော့ “အမေရိ ကန်-တောင်ကိုရီးယား ပူးတွဲလေကြောင်း စစ်ရေးလေ့ကျင့်မှု” ပြုလုပ်တာကြောင့်လို့ ဆိုတယ်။ ဘီ ၅၂ ဗုံးကြဲလေယာဉ်ကြီးတွေ အပါအဝင် နောက်ဆုံးပေါ် တိုက်လေယာဉ်တွေပါ ပါဝင်တဲ့ ဒီစစ်ရေးလေ့ကျင့်မှုဟာ မြောက်ကိုရီးယားကို တမင် ရန်စတာဖြစ်သလို ကြိုတင်လက်ဦးမှုယူ သိမ်းပိုက်ဖို့ လုပ်တာလို့ မြောက်ကိုရီးယားက ယူဆတယ်။ အမေရိကန်ကိုလည်း “ကလိမ် ကကျစ်သမား”လို့ ယူဆသွားတယ်။ တကယ်တော့ Thunder Max လို့ အမည်ပေးထားတဲ့ အမေရိကန်-တောင်ကိုရီးယား လေကြောင်းစစ်ရေး လေ့ကျင့်မှုဟာ နှစ်စဉ် ပြုလုပ်နေကျ အစီအစဉ်တစ်ရပ်ပါ။

မြောက်ကိုရီးယားဘက်က ခုလို တုံ့ပြန်လာတော့ သမ္မတထရမ့်ကလည်း ကင်ဂျုံအန်းနဲ့ ဇွန်လ ၁၂ ရက် စင်ကာပူမှာ တွေ့ဆုံမယ့်အစီအစဉ်ကို ဖျက်သိမ်းတယ်လို့ မေလ ၂၄ ရက်နေ့မှာ ပြောကြားလိုက်တယ်။ အခြေအနေတွေက အံ့ဩစရာ ကောင်းပါတယ်။ ဒီအချိန်မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ထိပ်သီးဆွေးနွေးပွဲဟာ လမ်းဖွင့်ထားဆဲရှိနေကြောင်း ပြောလိုက်သလို မေလ ၂၆ ရက်မှာတော့ အံ့အားသင့်စွာပဲ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနဲ့ ကင်ဂျုံအန်းတို့ နယ်စပ် ပန်မွန်ဂျုံ မှာ ကြိုတင်ကြေညာမထားဘဲ ထပ်မံ တွေ့ဆုံလိုက်ကြပြန်တယ်။ ပိုပြီး အံ့အားသင့်စရာ ကောင်းတာကတော့ မနေ့ကပဲ ကင်ဂျုံအန်းနဲ့တွေ့ဆုံမယ့် အစီအစဉ် ဖျက်သိမ်းကြောင်း ပြောခဲ့တဲ့ ဒေါ်နယ်ထရမ့်က ၂၄ နာရီအတွင်း စင်ကာပူ ထိပ်သီး ဆွေးနွေးပွဲအစီအစဉ်ဟာ အရင်အတိုင်း ကောင်းကောင်းမွန်မွန်နဲ့ ဆက်သွားနေပါတယ်လို့ ပြောလိုက်ပြန်တာပဲ ဖြစ်တယ်။ ခုတစ်မျိုး တော်ကြာတစ်မျိုး သဘောထား အပြောင်းအလဲတွေက မြန်တော့ အိမ်ဖြူတော်က လူတွေလည်း အလုပ်ရှုပ်ကြတယ်။ မဖြစ်တော့ဘူးလို့ဆိုထားတဲ့ ထိပ်သီး ဆွေးနွေးပွဲ ဖြစ်ဦးမှာဆိုတော့ နှစ်ဖက် သံတမန်တွေ အခု စင်ကာပူကို ရောက်ပြီး ထိပ်သီးဆွေးနွေးပွဲအတွက် ညှိနှိုင်းနေကြပါပြီ။

တစ်ခါတစ်ရံ နိုင်ငံရေးလောကရဲ့ အလှည့်အပြောင်းတွေက ခဏချင်းမှာ မယုံကြည်နိုင်စရာ ပြောင်းလဲသွားတတ်တာ တွေ့ရတယ်။ ဒေါ်နယ်ထရမ့်လို ပုဂ္ဂိုလ်တစ်ဦးရဲ့ နှုတ်ဖျားက ခုတစ်မျိုး တော်ကြာတစ်မျိုး ထွက်လာတာ အံ့အားသင့်စရာ မဟုတ်ပေမယ့် အံ့အားသင့်စရာ ဖြစ်ခဲ့ရတယ်။ အရင်က သူ့ကို ကင်ဂျုံအန်းက “စိတ်မနှံ့သူ”လို့ ပြောဆိုခဲ့ဖူးသလို နျူကလီးယား စမ်းသပ်မှုတွေပဲ အမြဲလုပ်နေလို့ ထရမ့်ကလည်း သူ့ကို “Rocket Man”လို့ ခေါ်ခဲ့တယ်။ ဒေါ်နယ်ထရမ့်ဟာ တကယ်ပဲ စိတ်မူမမှန်သူလား။ တွေ့မယ်ပြောပြီး မတွေ့တော့ဘူးလို့ ဆိုလိုက်တဲ့ ကင်ဂျုံအန်းကရော စိတ်မူမှန်ရဲ့လား။ ဘာပဲဖြစ်ဖြစ် သူတို့နှစ်ဦး လာမယ့် ဇွန်လ ၁၂ ရက်မှာ စင်ကာပူနိုင်ငံမှာ တွေ့ဆုံကြပါတော့မယ်။ နိုင်ငံရေး အလှည့်အပြောင်းဆိုတာ တစ်ခါတစ်ရံမှာ မထင်မှတ်ဘဲ ရုတ်တရက် ပြောင်းလဲသွားတတ်တဲ့သဘောပါ။

(၂)

ငြိမ်းချမ်းရေး ဆွေးနွေးပွဲအကြောင်းတွေပြောတော့ လက်ရှိ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကလည်း လမ်းစပျောက်သလို ဖြစ်နေတာ ကာလ အတန်ကြာပါပြီ။ ပြီးခဲ့တဲ့နှစ် မေလမှာ ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယ အစည်းအဝေးကြီး ကျင်းပပြီးစီးသွားကတည်းက နောက်ထပ် အစည်းအဝေး ( တတိယအကြိမ်) မကျင်းပနိုင်ခဲ့တာ ခုဆိုရင် တစ်နှစ်ပြည့်သွားခဲ့ပါပြီ။ ဒုတိယအကြိမ် ငြိမ်းချမ်းရေး ညီလာခံကြီး ကျင်းပပြီးသွားခဲ့ပေမယ့်လည်း ပစ်ခတ်တိုက်ခိုက်မှုတွေ လျှော့မသွားတဲ့အပြင် တိုးလို့လာနေတာ ခုဆိုရင် စိုးရိမ်စရာ အခြေအနေအထိတောင် ပြန်ရောက်လာခဲ့တယ်။ ကေအိုင်အေနဲ့ တပ်မတော်တို့ရဲ့ ကချင်ပြည်နယ် တနိုင်းဒေသ တိုက်ပွဲကစလို့ မူဆယ်မှာ TNLA အဖွဲ့က ပစ်ခတ်တိုက်ခိုက်မှု အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချင်းချင်း တိုက်ခိုက်မှုတွေဟာ မငြိမ်းချမ်းနိုင်သေးတဲ့ အခြေအနေတစ်ရပ်ကို ပြသနေတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကို ပြန်ကြည့်ရင် အစိုးရအနေနဲ့ အဓိက ရင်ဆိုင်ခဲ့ရတာ ရခိုင်မြောက်ပိုင်းအရေးပါ။ အာဆာအဖွဲ့ရဲ့ တိုက်ခိုက်မှုကို တပ်မတော်က လက်တုံ့ပြန်ရာက ဒုက္ခသည်အလုံးအရင်း တစ်ဖက်နိုင်ငံကို ထွက်ပြေးသွားခဲ့ရာက နိုင်ငံတကာ ဖိအားနဲ့ အကြီးအကျယ် ရင်ဆိုင်ခဲ့ရတယ်။ ဒီအခြေအနေမှာ ပြည်တွင်းငြိမ်းချမ်းရေးက ရှေ့မတိုးဘဲ နောက်ဆုတ်နေခဲ့တယ်။ မကြာခင်က နောက်ဆုံးဖြစ်စဉ် မူဆယ်တိုက်ခိုက်မှုအပြီးမှာတော့ တရုတ်က ပါဝင်လာတာ တွေ့ရတယ်။ ပြဿနာက NCA ပါ။ NCA ကို လက်မှတ်ထိုးဖို့ မလိုဘူးလို့ခံယူထားတဲ့ UWSA နဲ့ KIA/KIO, TNLA အစရှိတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ FPNCC က ငြိမ်းချမ်းရေး စားပွဲဝိုင်းကို ပေါ်ပေါ်တင်တင် ရောက်မလာသေးဘူး။ စီးပွားရေးစင်္ကြံ တည်ဆောက်ဖို့ မဟာဗျူဟာချထားတဲ့ တရုတ်ကလည်း သူတို့နယ်စပ်မှာ ခုလိုမျိုး ပစ်ခတ်တိုက်ခိုက်နေကြတာကို မလိုလားဘူး။ တရုတ်ဟာ FPNCC ကို ခေါ်တွေ့တယ်။ မြန်မာအစိုးရ၊ တပ်မတော် ခေါင်းဆောင်တွေနဲ့တွေ့တယ်။ မြန်မာ့ငြိမ်းချမ်းရေးဟာ တရုတ်လက်ထဲမှာ ရှိသလိုဖြစ်နေတယ်။ အခုထိ ကချင်မှာ တိုက်ပွဲတွေ ဖြစ်နေတုန်းပဲ။ NCA ကို မြန်မာ့ငြိမ်းချမ်းရေးရဲ့ Goal တစ်ခုလို အသေဆုပ်ကိုင်ထားတဲ့အတွက် FPNCC နဲ့ အဆင်မပြေတာလို့ ယူဆရတယ်။ တတိယအကြိမ် ညီလာခံကို တရုတ်က တက်ပါလို့ တိုက်တွန်းရင် ဒုတိယအကြိမ်လိုပဲ လာတက်ကောင်းလာတက်မယ်။ လိပ်ခဲတည်းလည်း ပြဿနာတွေကို Stakeholders တွေက ဉာဏ်အမြော်အမြင်ရှိရှိ ညှိနှိုင်းတိုင်ပင်မှ အဖြေထွက်မယ်။ ဦးဇော်ဌေးကတော့ NCA က ပြင်ဖို့ခက်တယ်။ မလွယ်တော့ဘူးလို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားတယ်။ မလွယ်တာကို ကျားကန်ထားရင်တော့ အဖြေမရနိုင်ဘူး။ NCA ထိုးထားတဲ့ အဖွဲ့တွေထဲမှာတောင် နိုင်ငံရေး ဆွေးနွေးပွဲကိစ္စတွေ မရှင်းမရှင်း ဖြစ်နေတာ တွေ့ရတယ်။

ဒီကြားထဲမှာ ကံကောင်းတာတစ်ခုက ဟိုအရင်ကတည်းက လက်မှတ်ထိုးဖို့ ဟန်တပြင်ပြင်ဖြစ်နေတဲ့ မွန်ပြည်သစ် MNSP နဲ့ လားဟူ LDU အဖွဲ့နှစ်ဖွဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ မှာ NCA ထိုးလိုက်ကြတာပါပဲ။ သွားနေတဲ့ ငြိမ်းချမ်းရေးခရီးက အတော်ရှည်လှပြီ။ တိုင်းပြည်မှာ ပြည်တွင်းစစ်ကြောင့် နှစ်ဖက်ဆုံးရှုံးနေတဲ့ ငွေကြေးရော၊ Infrastructure ရော၊ အသက် အိုးအိမ်ရော၊ အိုးမဲ့အိမ်မဲ့ အတိဒုက္ခ ရောက်နေကြသူတွေရော မနည်းတော့ဘူး။ ဒါတွေ ပြီးဆုံးသွားသင့်ပြီ။

တစ်လောက နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဦးဇော်ဌေးက ၂၁ ရာစုပင်လုံ၊ တတိယ အစည်းအဝေးကို လာမယ့် ဇွန်လအတွင်း ကျင်းပနိုင်အောင် ကြိုးစားနေတယ်ဆိုတဲ့စကား ကြားရတဲ့အခါ ခုရက်ထဲ ထရမ့်နဲ့ ကင်ဂျုံအန်းတို့ရဲ့ စင်ကာပူ ထိပ်သီးဆွေးနွေးပွဲ ဖြစ်စဉ်ကို သတိရလိုက်မိတယ်။ အခု မလုပ်တော့ဘူး။ အခုလုပ်မယ်။ အခုမတွေ့တော့ဘူး။ အခုတွေ့မယ်။ ခုတစ်မျိုး တော်ကြာတစ်မျိုး။ ၂၁ ရာစုပင်လုံ တတိယ ညီလာခံကလည်း ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလကတည်းက လျာထားခဲ့တာ တော်ကြာ ဖေဖော်ဝါရီဖြစ်လိုက်၊ တော်ကြာ မတ်ဖြစ်လိုက်၊ တော်ကြာ မေဖြစ်လိုက်နဲ့ ရွှေ့လာခဲ့တာ ခုတော့ ဇွန်မှာ ဖြစ်မယ်လို့ ပြောနေကြပြန်ပြီ။

နိုင်ငံရေးရဲ့သဘောက တစ်ခဏအတွင်း အလှည့်အပြောင်းလေးတွေ ဖြစ်တတ်တော့ ဒီတစ်ခါမှာ Stakeholders တွေအားလုံး ညီညီညွတ်ညွတ်နဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ခု မချမှတ်နိုင်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။

ချစ်ဝင်းမောင် (၂၉-၅-၂၀၁၈)