News

POST TYPE

PERSPECTIVE

လမ်းပြကြယ် ကျောင်းသားလူငယ်လေးများ စိတ်ဒဏ်ရာ မခံစားရလေအောင်
ကျောင်းတံခါးကြီးတစ်ချပ်ကို ဖွင့်လှစ်လိုက်ခြင်းသည် အကျဉ်းထောင်တံခါး တစ်ချပ်ကို ပိတ်လိုက်နိုင်ခြင်းဖြစ်ပါသည်”ဟု စာရေးသူ ငယ်စဉ်က စာစီစာကုံးများတွင် ဖတ်ခဲ့ဖူးပါသည်။ ဆရာဟူသည် ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမား ဟူသော အနန္တဂိုဏ်းဝင် ရတနာငါးပါးတွင် တစ်ပါးအပါအဝင်ဖြစ်သည်။ ဗုဒ္ဓမြတ်စွာ၏ ဘုရားသားတော် သံဃာတော်များသည် ဝိနည်းတော်များနှင့်အညီ ကျင့်ကြံအားထုတ်နေထိုင်ရသလို အနာဂတ် လမ်းပြကြယ် ကျောင်းသား၊ ကျောင်းသူလေးများ၏ ပဲ့ကိုင်ရှင် ဆရာသမားများတွင်လည်း ဆရာကျင့်ဝတ်များ ရှိကြပါသည်။

“အတတ်လည်းသင်၊ ပဲပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့၊ ဆရာတို့၊ ကျင့်ဖို့ ဝတ်ငါးဖြာ”ဟူသည် ဆရာသမားများ၏ ကျင့်ဝတ်များပင် ဖြစ်ပါသည်။ ထို့ကြောင့်လည်း ရတနာငါးပါးဂိုဏ်းဝင် ကန်တော့ခံ လူတန်းစား စာရင်းဝင် ဆရာသမားများအား “အာစရိယ ဂုဏော အနန္တော”ဟူ၍ ဂုဏ်ပေးတင်စားကြခြင်း ဖြစ်ပါသည်။

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာ အရင်းအမြစ်သည် အဓိက အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ နိုင်ငံအနှံ့ စာသင်ကျောင်း အသီးသီးရှိ ကျောင်းသား ကျောင်းသူလေးများသည် ပညာအရင်းအမြစ် ပိုင်ရှင်လေးများ ဖြစ်ကြသည်။ ပဲ့ကိုင်ရှင် ဆရာသမားတို့အနေနှင့် မိမိတို့ထံ ပညာလာရောက်ဆည်းပူးနေသော လူ့စွမ်းအား အရင်းအမြစ် ပိုင်ရှင်လေးများအား ပညာသင်ကြား ဆုံးမရာတွင် စည်းကမ်းနည်းလမ်းများသည် စံနမူနာဖြစ်ဖို့ အရေးကြီးလာပါသည်။ “အမျိုးသား စည်းကမ်းအစ စာသင်ကျောင်းက”ဆိုသည့်ဆောင်ပုဒ်သည် ပညာရေး လောကသားတို့ လိုက်နာ စံထားရမည့်အချက်ကို မီးမောင်းထိုးပြနေပေသည်။

ကမ္ဘာပေါ်ရှိ တရုတ်နိုင်ငံ၊ မြောက်ကိုရီးယားနိုင်ငံ၊ ရုရှားနိုင်ငံ၊ ကျူးဘားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ စသည့် ကွန်မြူနစ်ဝါဒကို ကျင့်သုံးနေကြသည့် တိုင်းပြည်များတွင် ကျောင်းဆရာ၊ ဆရာမများသည် တပည့်များအား အပြစ်ပေး ဆုံးမရာတွင် အလွန် ခက်ထန်ကြမ်းတမ်းလှသည်ကို သတိပြုမိပါသည်။ မကြာသေးမီက အိမ်နီးချင်း တရုတ်နိုင်ငံတွင် ဆရာမ၏ ရိုက်နှက်ဆုံးမှုကြောင့် ကျောင်းသားလေး သေဆုံးခဲ့ရပါသည်။ အနောက်နိုင်ငံများတွင် ဆရာ၊ ဆရာမများ မဆိုထားဘိ၊ ကလေးမိဘများသည်ပင် မိမိတို့ သားသမီးရင်းချာများကို ရိုက်နှက် ဆုံးမခြင်း မပြုရန် ဥပဒေဖြင့် အခိုင်အမာ သတိပေး တားမြစ်ထားပေသည်။

သို့သော် စာရေးသူတို့နိုင်ငံတွင် အခြေခံပညာ ဦးစီးဌာနလက်အောက်ရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းဆရာ၊ ဆရာမများသည် ဆယ်စုနှစ်ပေါင်းစွာ မလျော်ကန်သည့် နည်းလမ်းများနှင့် ဆုံးမ အပြစ်ပေးနေပါသည်။ ဥပမာ တင်ပြရလျှင် (၁) တင်ပါးကို အရှိုးရာထင်အောင်၊ သွေးခြည်ဥအောင် ရိုက်နှက် ဆုံးမနေခြင်း၊ (၂) စာသင်ခုံပေါ် မှောက်ခိုင်းကာ တင်ပါးကို ကြိမ်လုံး သို့မဟုတ် ဝါးခြမ်းပြား နှစ်ပြား ပူးပြီး ရိုက်နှက် ဆုံးမနေခြင်း၊ (၃) စာမရသည့် ကျောင်းသား၊ ကျောင်းသူများကို စာသင်ခန်းများအတွင်း၊ ကျောင်းဝင်းအတွင်း ပတ်ပြေးခိုင်းကာ ဆုံးမခြင်း၊ (၄) Assembly ကွင်းပြင်ထဲ ထွက်ခိုင်းကာ အရှိုးရာထပ်နေအောင် ရိုက်နှက် အပြစ်ပေးခြင်း၊ (၅) စာသင်ချိန်ကုန်တဲ့အထိ အတန်းထဲမှာ လက်မြှောက်ခိုင်းခြင်း၊ (၆) စာရသည့် ကျောင်းသားက စာမရသည့် ကျောင်းသူကိုလည်းကောင်း၊ စာရသည့်ကျောင်းသူက စာမရသည့် ကျောင်းသားကိုလည်းကောင်း နားရွက်ဆွဲစေခြင်း စသည့်နည်းလမ်းမျိုးစုံဖြင့် ယနေ့ခေတ် အခါသမယနှင့် သဟဇာတ မဖြစ်စွာ လိမ္မာပါးနပ်စွာ ပြောဆိုဆုံးမခြင်း မရှိသူက အတော် များပြားနေပေသည်။ 

ထို့ကြောင့်လည်း ပြီးခဲ့တဲ့ဩဂုတ်လက ပညာရေးဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက “အခြေခံ ပညာကျောင်းများတွင် စာသင်ကြားနေသော ဆရာ၊ ဆရာမများအနေနှင့် မိမိတို့ တပည့်များအား ရိုက်နှက်ပြီး အပြစ်ပေး ဆုံးမခြင်း မပြုရန်” သတိပေး လမ်းညွှန်ခဲ့ပါသည်။ သို့သော်လည်း လူတိုင်း၏ အဓိက ရန်သူကြီးဖြစ်သည့် အတ္တနှင့်ဒေါသကို ထိန်းချုပ်နိုင်စွမ်း မရှိသည့်အတွက် မကြာသေးမီက ဟိုးလေးတကျော်ဖြစ်သွားခဲ့ရသည့် ပညာရေးလောကမှ ဖြစ်စဉ်လေးတစ်ခုကို စာရေးသူ တင်ပြချင်ပါသည်။

စက်တင်ဘာလ ၂၂ ရက်နေ့က ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ကူးတို့ဆိပ်ကျေးရွာ မူလတန်းလွန်ကျောင်းတွင် အသက် ၇ နှစ်ခန့်ရှိ စာမရသည့် ဒုတိယတန်း ကျောင်းသူ ၂ ကျောင်းဦးနှင့် ကျောင်းသား ၃ ဦးအား ကျောင်းသား၊ ကျောင်းသူများ၏ အတန်းရှေ့ဆုံးသို့ ထွက်ခိုင်းပြီး ဆရာမ ဖြစ်သူ ဒေါ်သန္တာဆွေက ကလေးငယ်များ၏ စကတ်နှင့် ဘောင်းဘီများ ချွတ်ခိုင်းကာ အချိန်အတန်ကြာ မတ်တတ်ရပ်ခိုင်း၍ အပြစ်ပေးခဲ့ပါသည်။ ထို့ကြောင့် ပညာရေး တာဝန်ရှိသူများက ထိုဆရာမအား စာသင်ကြားမှု ရပ်ဆိုင်းစေပြီး ခရိုင်ပညာရေးမှူး ဦးဆောင်သည့် စုံခုံအဖွဲ့ စစ်ဆေးလျက်ရှိကြောင်း ရေတာရှည်မြို့နယ် ဒုတိယပညာရေးမှူး ဦးသက်တင်က ပြောကြားခဲ့ပေသည်။ “ကလေးတွေကလည်း ကျောင်းတက်ရမှာကို စိုးရိမ်ထိတ်လန့်နေပါတယ်။ ဒဏ်ပေးခံရတဲ့ ကျောင်းသား၊ ကျောင်းသူလေးများရဲ့ မိဘတွေနဲ့ဆရာမ ထိပ်တိုက် မတွေ့မိအောင် ရှောင်ရှားလိုတာကြောင့် ထိုဆရာမအား မြို့နယ် ပညာရေးမှူးရုံးမှာ ရုံးဝန်ထမ်းအနေနဲ့ တာဝန်ပေးထားကြောင်း” သိရပါတယ်။ 

“အဆိုပါ လုပ်ရပ်ကြောင့် ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်သည်အထိ အရေးယူနိုင်ကြောင်း” အခြေခံပညာဦးစီးဌာန ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်နိုင်စိုးက ပြောကြားခဲ့ပါသည်။ 

အချို့သော ဆရာ၊ ဆရာမများသည် စိတ်မကြည်လျှင် မကြည်သလို ကျောင်းစာသင်ခန်းအတွင်း မရောက်ခင် လူမှုရေး၊ စီးပွားရေးကဏ္ဍ အသီးသီးတွင် ရင်ဆိုင်ဖြတ်သန်းရင်း ကြုံတွေ့ခဲ့ရသော အခက်အခဲ အကျပ်အတည်း ပြဿနာမျိုးစုံ၊ မကျေနပ်မှုမျိုးစုံတို့ကို စာသင်ခန်းပြင်ပတွင် ထားရစ်ရမည့်အစား စာသင်ခန်းအတွင်း ယူဆောင်လာသောအခါ “စေတနာ၊ ဝါသနာ၊ အနစ်နာ” “နာသုံးနာဂုဏ်” ပျောက်ကွယ်ကာ ယခုလို ဖြစ်ရပ်ဆိုးများနှင့် ရင်ဆိုင်ကြုံတွေ့နေရတော့သည်။ 

အချို့ ဆရာ၊ ဆရာများသည် ရိက္ခာနှင့်သိက္ခာ လဲလှယ်ကြသည့် ဖြစ်စဉ်များလည်း ရှိပါသည်။ မိမိတို့ထံ လစဉ် အခပေး ကျူရှင်တက်နေသူများကို မျက်နှာသာ ပေး၍ ဆက်ဆံခြင်း၊ အသားအရောင်၊ လူမျိုး၊ ဘာသာ၊ ရာထူးဂုဏ်ဝါ အရှိန် ဩဇာအာဏာရှိမှု နောက်ခံကိုကြည့်၍ ကျောင်းသား၊ ကျောင်းသူများကို ဆက်ဆံနေခြင်း၊ တံစိုးလက်ဆောင် အမြဲတမ်းပေးနေသူများအား ဦးစားပေးကာ ဆက်ဆံနေခြင်း စသည်တို့သည် ဆရာ့ကျင့်ဝတ်များနှင့် ပြဒါးတစ်လမ်း သံတစ်လမ်း ဆရာကျင့်ဝတ်များနှင့် လားလားမျှ မအပ်စပ်သော အရာများဖြစ်၍ ရှောင်ရှားသင့်ကြပေသည်။ 

မည်သို့ပင်ဆိုစေ ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် မူလတန်းလွန်ကျောင်း ဆရာမ လုပ်ရပ်ကြောင့် အရှက်ခွဲ အပြစ်ပေး ခံရသည့်ကလေးများမှာ စိတ်ဒဏ်ရာ ရသွားနိုင်ပါသည်။ အပြစ်ပေး ဆုံးမတတ်သည့် ဆရာမအား နာကြည်း စိတ်ဝင်သွားကာ ပညာရေးကို ကျောခိုင်းခဲ့ပါက ကာယကံရှင် ကလေးများနှင့် နိုင်ငံအတွက် များစွာ ထိခိုက်နစ်နာပါသည်။

ထို့ကြောင့် စာသင်သက် ၃၀ ဖြတ်သန်းခဲ့သည့် စာရေးသူ အနေနှင့် အကြံပြုလိုသည်မှာ စာသင်သားတပည့်များအား ဥပမာများသုံး၍ နှိုင်းယှဉ်သင်ကြားပေးခြင်း၊ အတုယူစရာများ ပြော၍ သင်ကြားပေးခြင်း၊ အခွင့်အလမ်းများ ပြောပြခြင်း၊ ကလေးများစိတ်ကို တိုက်တွန်းဆွဲခေါ် လှုံ့ဆော်အားပေးခြင်းတို့ဖြင့် ပညာသားပါပါ သင်ကြားဖို့ အချိန်တန်ပေပြီ။ ထို့အပြင် စာသင်သားကလေးများအား အတန်းလိုက် အလှည့်ကျစီ အပြိုင်အဆိုင် စာဆိုစေခြင်း၊ အုပ်စုလိုက် ယှဉ်ပြိုင်စေခြင်း၊ အားကျစိတ်များ ဖြစ်အောင် လှုံ့ဆော် သင်ကြားခြင်းတို့ဖြင့် တိုင်းပြည်၏ အနာဂတ်လမ်းပြ ကြယ်လေးများဘဝကို ပိုမို ထွန်းတောက်အောင် အရောင်တင်ပေးဖို့ လိုနေပြီဖြစ်ပါသည်။

မည်သို့သော အခြေအနေအကြောင်း အမျိုးမျိုးကြောင့်ဖြစ်စေ ဆုံးမပဲ့ပြင်ရာတွင် တပည့်များ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာများကို ထိခိုက်နာကျင် ခံစားသွားအောင် မလုပ်မိစေရေးသည် အလွန်ကြီးလေးသော တာဝန်ကြီး တစ်ရပ်ဖြစ်ပါကြောင်း အကြံပြုအပ်ပါသည်။ 

ဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှုတက္ကသိုလ်)