News

POST TYPE

PERSPECTIVE

ဂျိုဟိုး ရေလက်ကြားကို ဖြတ်သန်းခြင်း
25-Sep-2017 tagged as နယ်စပ်

ကွာလာလမ်ပူ-စင်ကာပူ အဝေးပြေးလမ်းမပေါ်မှာ ကျွန်တော် သဘောအကျဆုံးကတော့ စိမ်းလန်းနေသော သစ်တောများ ဖြစ်သည်။ များသောအားဖြင့် ဆီအုန်းပင်တွေ ဖြစ်သော်လည်း လမ်းဘေးဝဲယာက သစ်ပင်များက တောက်တောက်ပြောင်ပြောင် စိမ်းလန်းနေခြင်း ဖြစ်သည်။ ငယ်ငယ်တုန်းက ကျောင်းသင်ခန်းစာထဲမှာ သင်ကြားခဲ့ရသည့် ‘အမြဲစိမ်း သစ်တော’ ဆိုသည်မှာ ဒါမျိုးကို ခေါ်တာ ဖြစ်လိမ့်မည်။ အီကွေတာ ရာသီဥတု၏ သဘောသဘာဝအရ သစ်ပင်သစ်တောတွေမှာ ရွက်ခြွေရာသီ သီးသန့်မရှိ။ မြန်မာပြည်လို မုတ်သုံမိုးရွာသွန်းပြီး နွေ မိုး ဆောင်း သုံးရာသီ အလှည့်ကျရှိသောနိုင်ငံမှာ သစ်ပင်တွေ အရွက်ခြွေသော နွေကာလမျိုး ရှိသော်လည်း အီကွေတာ ရာသီဥတုမှာတော့ တစ်နှစ်ပတ်လုံး မိုးရွာလိုက်၊ နေပူလိုက် နှစ်မျိုးတည်းသာ ရှိသည်။ အီကွေတာဒေသ သစ်တောများက အတော်ကို စိမ်းစိမ်းလန်းလန်း ရှိသလို မိုးမရွာသည့် အချိန်များမှာ အတော်ပင် ကြည်ကြည်လင်လင် သာသာယာယာ ရှိလှသည်။ အီကွေတာနှင့်နီးသော မာလာယုကျွန်းဆွယ် တစ်ခုလုံး အီကွေတာ ရာသီဥတု ရရှိသည်။

အမှန်တော့ ဒီခရီးကို စူးစမ်းချင်ရုံသက်သက်နှင့် လာခဲ့ခြင်း ဖြစ်သည်။ ပတ်စ်ပို့ပေါ်မှာ မာလ်တီဗီဇာ ထုပေးထားသည့် အတွက်လည်း စင်ကာပူရှိ သမီးထံ အသွားအပြန်တစ်ရက် အလည်သွားခြင်း ဖြစ်သည်။ ကွာလာလမ်ပူ မြို့လယ်၊ တိုင်းစကွဲယား ရှော့ပင်းမောလ်အရှေ့မှာ ဂိတ်ထိုးသော ကွာလာလမ်ပူ-စင်ကာပူ အဝေးပြေးကားကို ရင်းဂစ် ၆၀ ပေး တက်စီးလိုက်ရုံပဲ ဖြစ်သည်။ ဈေးကသက်သာသလို လွယ်ကူလှသည်။ မွန်းလွဲ ၁ နာရီ ထွက်မည့် ကားကို တစ်နာရီကြို လက်မှတ်ဝယ်ပြီး ကားလာထိုးသည်နှင့် တက်လိုက်သွားရုံပင်။ မြန်မာငွေနှင့်ဆို ကျပ်နှစ်သောင်းပင်မရှိ။ ငါးနာရီလောက်စီးလိုက်လျှင် စင်ကာပူရောက်ပြီ ဆိုတော့ ရန်ကုန်-နေပြည်တော်သာသာပဲ ရှိသည်။ အဝေးပြေးကားကတော့ ရန်ကုန်-မန္တလေး အဆင့်မြင့် ဟိုက်ဝေးကားတွေလိုပါ။ လမ်းတွေကောင်းတာကတော့ အကျယ်ချဲ့ပြောစရာ မရှိ။ ခရီးသွားရတာကို နှစ်သက်သလို ထိုခရီးအတွင်း မတူညီသောလူတွေ၊ ပတ်ဝန်းကျင်တွေ၊ သဘာဝတွေကို စူးစမ်းကြည့်ရှုရတာကို နှစ်ခြိုက်သည်။ ယခုလို အဝေးပြေးကားနှင့် ခရီးသွားရတော့ သူတို့တိုင်းပြည်ရဲ့ ရေမြေတောတောင်တွေကိုလည်း ကြည့်ခွင့်ရသည်ပေါ့။ ကားပေါ်မှာ ခရီးသည်တွေက စင်ကာပူ တရုတ်တွေလား၊ မလေးတရုတ်တွေလားမသိ၊ အတော်များပြီး တမီလ် သုံးလေးဦး ပါသည်။ ကားထွက်သည်နှင့် ပြတင်းလိုက်ကာချပြီး အားလုံးအိပ်ကုန်ကြသည်။ ကိုယ်ကတော့ လိုက်ကာဖွင့်ပြီး တစ်ချိန်လုံး အပြင်ကိုငေးပြီး လိုက်ပါလာခဲ့သည်။

ညနေလေးနာရီကျော်ကျော်မှာ ခရီးတစ်ဝက်ကျိုးပြီး ယာဉ်ရပ်စခန်း တစ်ခုမှာ ခဏဝင်နားသည်။ နေပြည်တော်လမ်းပေါ်က ၁၁၅ မိုင် ယာဉ်ရပ်စခန်းလိုတော့ မဟုတ်ပါ။ ဈေးဆိုင်တွေအားလုံး တန်းလျားကြီးတစ်ခုနှင့်တူသော အဆောက်အအုံထဲမှာရှိပြီး အဝေးပြေးကားတွေက အပြင်ဘက်မှာ စီစီရီရီလေး ရပ်ကြသည်။ အထဲမှာ အိမ်သာရှိသည်။ စားသောက်ဆိုင်မျိုးစုံ၊ ကော်ဖီဆိုင်၊ အမှတ်တရပစ္စည်းဆိုင်၊ ဒေသထွက်မုန့်မျိုးစုံ၊ သရေစာမျိုးစုံ ရောင်းချသည်။ တစ်ခုသတိထားမိသည်က ယခုတစ်ဈေးလုံး တရုတ်တွေချည်း ဖြစ်နေတာ ဖြစ်သည်။ စင်ကာပူနှင့် အတန်အသင့် နီးလာပြီဆိုတော့ တရုတ်တွေကို ပိုတွေ့ရတာပဲဟု ထင်သည်။ ပေါက်စီနှင့် မုန့်များ ရောင်းသော တရုတ်ဆိုင်တစ်ဆိုင်မှာ ဆိုင်ရှင်အမျိုးသမီးကို အင်္ဂလိပ်လို မေးရာတွင် ပြန်မဖြေတတ်။ ဒါဆိုလျှင် ဒီနေရာမှာ တရုတ်အသိုက်အဝန်းတစ်ခု အခိုင်အမာ ရှိနေလိမ့်မည်။

ညနေ ၆ နာရီမှာ မာလာယုကျွန်းဆွယ်၏ တောင်ဘက်အစွန်ဆုံးမြို့ ဂျိုဟိုးကို ရောက်သည်။ ဂျိုဟိုးနှင့် စင်ကာပူကြား ရေလက်ကြားတံတားကို ကျော်လိုက်သည်နှင့် စင်ကာပူရောက်ပြီ။ မတူညီသော နိုင်ငံနှစ်ခု၏ နယ် နိမိတ်မျဉ်းကို ကုန်းလမ်းခရီးဖြင့် စတင်ဖြတ်သန်းခြင်း ဖြစ်သဖြင့် နည်းနည်းတော့ စိတ်လှုပ်ရှားမိသည်။ ကားဒရိုင်ဘာက အားလုံးကားပေါ်က ဆင်းကြပါဟု ပြောသည်။ စင်ကာပူကိုဝင်ဖို့ မလေးရှား လူဝင်မှုကြီးကြပ်ရေး ကောင်တာတွေကို ဖြတ်ရဦးမည်။ ကားပေါ်မတက်ခင်ကတည်းက ဖြည့်ထားပြီး ဖြစ်သည့် စာရွက်ကိုကိုင်ပြီး နိုင်ငံခြားသားများလိုင်းမှာ ဝင်တန်းစီရသည်။ အဝေးပြေးကား အသီးသီးပေါ်က ဆင်းလာကြသည့် ခရီးသည်တွေ မလေးရှား လူဝင်မှုဂိတ် ခန်းမဆောင်ကြီးထဲမှာ ပြည့်ကျပ်နေသည်။ စင်ကာပူကို ဝင်ကြမည့်သူများ လေဆိပ်ဆိုက်ရောက် ခန်းမဆောင်တစ်ခုလို ခရီးသည်တွေ ပြည့်နေသည်။ ရေလက်ကြားတစ်ခုသာ ခြားထားသော နိုင်ငံနှစ်ခုကြား ဝင်ထွက်သွားလာနေကြသူတွေက ပျားပန်းခပ် များပြားလှသည်။ မလေးရှား အထွက်တံဆိပ်တုံး ထုပြီးတော့ ရပ်ထားသော ကားဆီကိုပြန်သွားရသည်။ မှောင်နေပြီမို့ လျှပ်စစ်မီးရောင်တွေ၊ ကားမီးအလင်းရောင်တွေ ရောထွေးနေပြီး ကိုယ်စီးခဲ့သည့်ကားကို မနည်းပြန်ရှာရသည်။ မလေးလူဝင်မှုဂိတ်ကို ကျော်ဖြတ်ပြီးနောက် မကြာခင် ဂျိုဟိုးရေလက်ကြားတံတားကို စတင်ဖြတ်သန်းသည်။ ဒီတံတားကို အလွန်ရှည်လျားလိမ့်မည် ထင်ခဲ့သည်။ မလေးရှားနှင့် စင်ကာပူကြား ပင်လယ်ပြင်ကျယ်ကြီးတစ်ခုကို ဖြတ်ရလိမ့်မည် ထင်ခဲ့သည်။ ထင်သလိုမဟုတ်။ ငါးမိနစ်ကျော်ကျော်လောက် ဖြတ်ပြီးသည်နှင့် စင်ကာပူရောက်ပြီ။

ဂျိုဟိုးစထရိတ်ဟု ခေါ်သည့် ဂျိုဟိုးရေလက်ကြား ကျဉ်းကျဉ်းလေးက စင်ကာပူနှင့် မလေးရှားအကြား နယ်နိမိတ်အဖြစ် စည်းခြားထားသည်။ ၁၉၆၅ ခုနှစ် စင်ကာပူ လွတ်လပ်ရေးမရခင် အချိန်ထိတော့ ဂျိုဟိုးနှင့် စင်ကာပူက တစ်နိုင်ငံတည်း ဖြစ်သည်။ လီကွမ်ယူးက စင်ကာပူနိုင်ငံ ထူထောင်ကြောင်း ကြေညာပြီးချိန်ကစ၍ သီးခြားစီ ဖြစ်သွားခြင်း ဖြစ်သည်။ သမိုင်းကြောင်းအရတော့ လွန်ခဲ့သည့် နှစ်ပေါင်း ၁၅၀ ဝန်းကျင်က စင်ကာပူရော၊ ဂျိုဟိုးပါ တံငါရွာလေးတွေပဲ ဖြစ်သည်။ ယခုတော့ ဟိုဘက်ကမ်းက မီးထိန်ထိန်၊ ဒီဘက်ကမ်းက မီးထိန်ထိန် ဆိုသလို ဂျိုဟိုးရော စင်ကာပူပါ မိုးမျှော်တိုက်ကြီးတွေ မီးရောင်စုံ တလက်လက်နှင့် ဖြစ်နေပြီ။

စင်ကာပူဘက်ခြမ်း ရောက်တော့ ကားပေါ်က တစ်ခါဆင်းရပြန်သည်။ စင်ကာပူ လူဝင်မှုကြီးကြပ်ရေးဂိတ်ကို ဖြတ်ကြရခြင်း ဖြစ်သည်။ လေဆိပ်ဆိုက်ရောက် ခန်းမကြီး တစ်ခုလိုပါပဲ။ မလေးရှားဘက်အခြမ်းက ဝင်လာသည့် လူပေါင်းစုံ ခန်းမထဲ တန်းစီကြရသည်။ နက်ဖြန် ရုံးဖွင့်ရက် ဖြစ်သောကြောင့် အချို့မလေးဘက်ခြမ်းမှာ နေသူတွေ ပြန်ဝင်လာကြတာလည်း ပါသည်။ နှစ်နိုင်ငံကြား နေ့စဉ်လူတွေ ထောင်ချီပြီး ဖြတ်သန်းနေကြသည်။ ကူးသန်းသွားလာနေကြသည်။ နိုင်ငံတစ်ခု၏ ဝင်ပေါက် ထွက်ပေါက်ဆိုတော့ နှစ်နိုင်ငံစလုံးက စနစ်တကျ စစ်ဆေးပြီးမှ ဖြတ်သန်းခွင့်ပြုတာ ဖြစ်သည်။ စင်ကာပူ ဝုဒ်လန်းဘက် ရောက်တော့ အတော့်ကို မှောင်နေပါပြီ။ ဘာပဲဖြစ်ဖြစ် နိုင်ငံတစ်ခုမှ အခြားနိုင်ငံတစ်ခုသို့ ကုန်းလမ်းမှ ဝင်ရောက်ဖူးသည့် အတွေ့အကြုံသစ် တစ်ခုတော့ ရလိုက်သည်။

ဒါ သိပ်အဆန်းတကြယ်တော့ မဟုတ်ပါ။ နိုင်ငံတွေအချင်းချင်း နယ်နိမိတ်မျဉ်းများ ထိစပ်နေကြရာတွင် ဆိုးကျိုးတွေ ရှိသလို ကောင်းကျိုးတွေလည်း အများကြီးရှိသည်။ အထူးသဖြင့် ကုန်သွယ်ရေး၊ စီးပွားရေး။ ကုန်သွယ်ရေးကောင်းသဖြင့် နှစ်ဖက်စလုံး အကျိုးရှိသည်။ နယ်နိမိတ်မျဉ်းများ အကြောင်း စဉ်းစားသည့်အခါ နယ်နိမိတ်တိုင်း ခြံစည်းရိုးအမြင့်ကြီး ကာထားကြတာ မဟုတ်။ တစ်ခါတုန်းက ထိုင်းနိုင်ငံနယ်စပ် မဲဆောက်မြို့ ချစ်ကြည်ရေးတံတားထိပ်မှ မြန်မာနိုင်ငံဘက်သို့ လှမ်းကြည့်ဖူးသည်။ အားလုံးသိကြသည့်အတိုင်း သောင်ရင်းမြစ်ကို ဘောကွင်းပေါ် တက်စီးပြီး ကူးလိုက်သည်နှင့် တစ်ဖက်နိုင်ငံက ရောက်သွားသည်။ တရားဝင်တော့ မဟုတ်။ ဒီလိုပဲ တာချီလိတ်မှာ၊ မူဆယ်မှာ နယ်ခြားဂိတ်တွေရှိသည်။ လူတွေ ကူးသန်းသွားလာနေကြသည်။ ကားတွေ ကူးသန်းသွားလာနေကြသည်။ နယ်စပ်ကုန်သွယ်ရေး တစ်နည်းမဟုတ် တစ်နည်း ဖြစ်ထွန်းသည်။ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ပြဿနာမရှိကြဘူး ဆိုလျှင် နေပျော်စရာ ကောင်းလှသည်။ ခြံစည်းရိုး အမြင့်ကြီးတွေ မလိုအပ်။ လာအိုနိုင်ငံ ဗီယန်ကျန်းမြို့က မဲခေါင်မြစ်ကမ်းပေါ်မှာ မေးတင်ထားသောမြို့ ဖြစ်သည်။ တစ်ဖက်ခြမ်းမှာ ထိုင်း။ ဗီယန်ကျန်းမြို့ မဲခေါင်မြစ်ကမ်းပါးပေါ်ကကြည့်လျှင် ထိုင်းနိုင်ငံ မြို့ရွာတွေကို လှမ်းမြင်နေရသည်။ နယ်နိမိတ်မျဉ်းသည် မဲခေါင်မြစ်သာ ဖြစ်သည်။ ပြီးခဲ့သည့် ဆယ်စုနှစ်လောက်ကစပြီး ဗီယင်ကျန်းနှင့် ထိုင်းဘက်ခြမ်းကို တံတားထိုးထားပြီဖြစ်၍ ကုန်းတွင်းပိတ် လာအိုအတွက် ကုန်သွယ်ရေးထွက်ပေါက် ဖြစ်သွားသည်။

နိုင်ငံနယ်နိမိတ်မျဉ်းများ ဆက်စပ်နေကြရာတွင် စည်းရိုးမလို၊ တံတိုင်းမလိုသော နိုင်ငံတွေ ရှိသလို ပဋိပက္ခ မီးတောက်တွေကြောင့် တံတိုင်းအမြင့်ကြီး ကာထားရသည့် နိုင်ငံတွေလည်း ရှိသည်။ အစ္စရေးနှင့် ပါလက်စတိုင်းကြား အနောက်ဘက်ကမ်းဒေသမှာ တံတိုင်းကြီးတွေ ကာထားရသည်။ အာရပ်စစ်သွေးကြွများရန်ကို ကာကွယ်ဖို့၊ ခိုးဝင်လာသူတွေမရှိဖို့။ တောင်နှင့်မြောက်ကိုရီးယား ပန်မွန်ဂျုံမှာကျတော့ စစ်အေးခေတ်လက်ကျန် ခြံစည်းရိုးကြီး ကာထားရပြန်သည်။ ဒါကျတော့ ခိုးဝင်လာသူတွေကြောင့် မဟုတ်တော့။ အိုင်ဒီယော်လော်ဂျီကြောင့် နှစ်ခြမ်းကွဲနေသော နေရာ။ အလယ် အမေရိက မက္ကဆီကိုနှင့် အမေရိကန်ကြားမှာလည်း ခြံစည်းရိုး ကာထားရသည်။ ဒါကျတော့ ခိုးဝင်လာသူတွေကို ဟန့်တားဖို့။ ဒေါ်နယ်ထရမ့် တက်လာတော့ အုတ်တံတိုင်းပင် ခတ်မည်ဟု ကြုံးဝါးခဲ့သည်။ မက္ကဆီကို-အမေရိကန် နယ်နိမိတ်ကျတော့ တစ်ဖက်က ဆင်းရဲပြီး တစ်ဖက်က ချမ်းသာသောကြောင့် ဆင်းရဲသည့်ဘက်က လူတွေ စီးဝင်လာတာ ဖြစ်သည်။ migration ဟုခေါ်သည့် လူအများ စီးဝင်ပြောင်းရွှေ့မှုက ဖွံ့ဖြိုးမှုနှင့် တိုက်ရိုက်သက်ဆိုင်သည်။ ပြီးခဲ့သည့်နှစ်က အာဖရိကမြောက်ပိုင်း၊ အရှေ့အလယ်ပိုင်းနှင့် ဆီးရီးယား၊ အာဖဂန်တို့မှ ဒုက္ခသည် ထောင်ပေါင်းများစွာတို့ အရှေ့ဥရောပကို ဖြတ်ကျော်ဝင်ရောက်ခဲ့ရာ နောက်ဆုံး ဥရောပနိုင်ငံတွေက နယ်စပ်တွေကို ပိတ်ထားလိုက်ရသည့် အခြေအနေ ဆိုက်ခဲ့သည်။ အာဖရိကမြောက်ပိုင်းက မြေထဲပင်လယ်ကို ဖြတ်ကျော်ရင်း လှေနစ်မြုပ်သဖြင့် သေဆုံးသွားကြသည့် ဒုက္ခသည်တွေ ရှိခဲ့သည်။ ယခုထိလည်း ရလျှင်ရသလို ခိုးဝင်ဖို့ ကြိုးစားနေကြ၍ ဥရောပနိုင်ငံတွေ နယ်နိမိတ်ကို အမြဲစောင့်ကြည့်နေရသည်။

နယ်နိမိတ်ချင်း ထိစပ်နေသည့် နိုင်ငံများအကြောင်း စဉ်းစားသည့်အခါ ပါကစ္စတန်-အိန္ဒိယ နယ်စပ်မျဉ်း၏ ဟိုဘက်ခြမ်း၊ ဒီဘက်ခြမ်းမှာ ညနေတိုင်း ကျင်းပလေ့ရှိသည့် အလံချ အခမ်းအနားတစ်ခုအကြောင်း ပြန်တွေးမိသည်။ တစ်ခါတုန်းက ပါကစ္စတန်သို့ ရောက်ရှိစဉ် ပန်ဂျပ်နယ်၊ လာဟိုးမြို့ အရှေ့ဘက် ၂၄ ကီလိုမီတာမှာရှိသော ဝါဂါနယ်စပ်ရွာသို့ လေ့လာရေး ရောက်ဖြစ်ခဲ့သည်။ တစ်ဖက်ခြမ်းက အိန္ဒိယနိုင်ငံ ကက်ရှ်မီးယားပြည်နယ်။ ဒီဘက်ခြမ်းက ပါကစ္စတန် ပန်ဂျပ်ပြည်နယ်။ နှစ်နိုင်ငံကြား ဂိတ်တံခါးတစ်ခုသာ ခြားထားပြီး ညနေတိုင်း ထိုနေရာမှာ နှစ်နိုင်ငံ အလံချ အခမ်းအနားကို အပြိုင်အဆိုင် ကျင်းပလေ့ ရှိသည်။ ပါကစ္စတန် ရိမ်းဂျားတပ်ဖွဲ့ဝင်များက စစ်ရေးပြ ပုံသဏ္ဌာန်မျိုးစုံကို သီချင်းသံနှင့်အတူ ညီညီညာညာ လုပ်ပြသလို တစ်ဖက်ခြမ်းမှာလည်း အိန္ဒိယ နယ်ခြားစောင့်တပ် စစ်ရေးပြအဖွဲ့ကလည်း ယူနီဖောင်းအပြည့်နှင့် စစ်ရေးပြကြသည်။ ထိုအလံချစစ်ရေးပြ အခမ်းအနားကို ပရိသတ်တွေက စင်မြင့်ပေါ်က ကြည့်ခွင့်ရကြသည်။ နှစ်ဖက်စလုံး အိန္ဒိယ သီချင်းတွေ အကျယ်ကြီးဖွင့်ထားပြီး မာန်ပါပါစစ်ရေးပြနေပုံက ယခုပဲ စစ်တိုက်ကြတော့မည့် အသွင်သဏ္ဌာန်မျိုး။ တကယ်တော့လည်း ဝါဂါနယ်ခြားဂိတ်က ပါကစ္စတန်နှင့် အိန္ဒိယ ၁၉၄၇ ခုနှစ်မှာ ခွဲလိုက်ကြကတည်းက အိန္ဒိယတိုက်ငယ်မှ မွတ်ဆလင်တွေ ထောင်သောင်းချီ ပြောင်းရွှေ့ခဲ့သော လမ်းမကြီး ဖြစ်သည်။ ယခုချိန်ထိလည်း နှစ်နိုင်ငံ ထိုနေရာမှတစ်ဆင့် ကူးလူးသွားလာနေကြဆဲ ဖြစ်သည်။

ဂျိုဟိုးရေလက်ကြားကို ဖြတ်သန်းရင်း နယ်နိမိတ်မျဉ်းချင်း ထိစပ်နေကြသော နိုင်ငံတွေအကြောင်း အတွေးနယ်ချဲ့နေမိခြင်း ဖြစ်သည်။ နယ်မြေရှိလျှင် ပြဿနာတော့ရှိသည်။ နိုင်ငံတိုင်း ပြဿနာမရှိဘဲ အမြဲတမ်း အေးအေးချမ်းချမ်း ကူးလူးဆက်ဆံနိုင်ကြလျှင် ဘယ်လောက်ကောင်းလိုက်ပါ့မလဲ...။

ချစ်ဝင်းမောင်