News

POST TYPE

OPINION

စည်းကမ်းတွေ အသက်ဝင်ဖို့ဆိုရင်
12-Dec-2019


(၁)

လွန်ခဲ့တဲ့တစ်နှစ်လောက်က ကျွန်တော် အစည်းအဝေးတစ်ခု တက်ရတယ်။ အဆောင်မှူးမအားလို့ တွဲဖက်အဆောင်မှူးဖြစ်တဲ့ ကျွန်တော်က ကိုယ်စားတက်ပေးရတာပါ။ လှိုင်တက္ကသိုလ်နယ်မြေအတွင်းရှိ ကျောင်းဆောင် အဆောင်မှူးတွေအားလုံး တက်ရတာပါ။ လှိုင်တက္ကသိုလ်နယ်မြေအတွင်းရှိ ထမင်းဆိုင်များငှားရမ်းဖို့ အိတ်ဖွင့်တင်ဒါဖွင့်ဖောက် စိစစ်ရွေး ချယ်ရေးအခမ်းအနားဖြစ်ပါတယ်။ မွန်းတည့် ၁၂ နာရီလောက်မှာ အဆောင်မှူးတွေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေ တွေ့ဖြစ်ကြပါတယ်။ 

ဆိုင်ခန်းလျှောက်ထားသူတွေ မရောက်မီ အစည်းအဝေးကို ကြိုတင်လုပ်ပါတယ်။ ဆိုင်ခန်းဈေးအပြောင်းအလဲ လုပ်မလား မလုပ်ဘူးလားဆိုတာ ကြိုတင်ညှိနှိုင်းကြပါတယ်။ နောက်ပြီး အစားအသောက်ဈေးနှုန်း။ သန့်ရှင်းသပ်ရပ်မှုနဲ့ စည်းကမ်းချက်တွေကို တက်ရောက်လာကြသူတွေက တင်ပြဆွေးနွေးကြရတယ်။ ကျောင်းသားတွေအတွက် အစားအသောက်ဈေးတက်မှာစိုးလို့ ဆိုင်ခန်းဈေးကိုတော့ အပြောင်းအလဲမလုပ်ကြပါဘူး။ အဲ့ဒီအစည်းအဝေးမှာ သန့်ရှင်းသပ်ရပ်မှုရှိဖို့ ဆွေးနွေးခဲ့ကြတယ်။ အဲ့ဒီအစည်းအဝေးမှာ ထမင်းဆိုင်ထိုင်ဖြစ်လေ့ရှိတဲ့ ကျွန်တော်က “ဆေးလိပ်” ရောင်းချ ခြင်းမပြုဖို့ တင်ပြခဲ့တယ်။

မွန်းလွဲ ၁ နာရီလောက်ရောက်တော့ ဆိုင်ခန်းလျှောက်ထားကြသူတွေ ရောက်လာကြပါတယ်။ သူတို့ရဲ့ ဆိုင်ခန်းတင်ဒါလျှောက်လွှာတွေကို ဖွင့်ဖောက်ကြေညာပေးကြတယ်။ ယခင်ဆိုင်ခန်း ယခင်ဈေးအတိုင်းပါပဲ။ အစားအသောက်နဲ့ဆိုင်ခန်းတွေ သန့်ရှင်းသပ်ရပ်မှုရှိဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောကြပါတယ်။ ရောင်းချပေးရမယ့် အစားအသောက်ဈေးနှုန်းတွေကိုလည်း တစ်ပါတည်း သတ်မှတ်ပေးလိုက်ကြပါတယ်။ “ဆေးလိပ်” မရောင်းချဖို့၊ ဆိုင်ခန်းအတွင်း ဆေးလိပ်သောက်ခြင်း ခွင့်မပြုဖို့လည်း သဘောတူညီမှုရှိခဲ့ကြပါတယ်။ 

တစ်လခန့်ကြာသော်။ 

ကျောင်းတွေပြန်ဖွင့်ပြီ။ ကျောင်းသား ကျောင်းသူတွေနဲ့ ဆိုင်ခန်း တွေက စည်ကားလာပြီ။ ကျွန်တော် ထမင်းဆိုင်ခန်းတွေဘက် ရောက်ဖြစ်ပါ တယ်။ အသိမိတ်ဆွေ စာရေးဆရာတချို့နဲ့ ဆိုင်ထိုင်ဖို့ပါ။ ညနေအေးအေး၊ လေပြည်သွေးသွေး။ စာအကြောင်း ပေအကြောင်းပြောရင်း အချိန်တွေ ကုန်မှန်း မသိအောင်ပါပဲ။ ဒါပေမဲ့ နှာခေါင်းထဲကို တိုးတိုက်တဲ့အနံ့တစ်ခုကြောင့် ကျွန်တော် ဘေးဘီကို ကဲကြည့်လိုက်မိတယ်။ ဆေးလိပ်ကို လက်ကြားညှပ် ထားတဲ့ကျောင်းသားတစ်စု။ ပတ်ဝန်းကျင်ကို မေ့လျော့နေကြတဲ့ တိုင်းပြည် အနာဂတ် လူငယ်တစ်စု။ ဆေးလိပ်ငွေ့တွေပျံ့နှံ့လို့ ထမင်းစားနေကြသူ တချို့က လက်ဖြင့် လေကို ဖယ်ရှားလို့၊ နှာခေါင်းတွေ ရှုံ့လို့။ တကယ်တော့ ဒါတွေကို သူတို့ မမြင်ဘဲမနေပါဘူး။ ကိုယ့်ကြောင့် သူတစ်ပါး ဒုက္ခရောက်မှာ ကို မစိုးရိမ်တတ်တဲ့လူငယ်တွေ များလာရင် တိုင်းပြည်အနာဂတ်က စိုးရိမ် ရေမှတ်ကို ကျော်လွန်သွားမှာပါပဲ။ ဒါနဲ့ ကျွန်တော်လည်း မနေနိုင်လို့ ဆိုင်ရှင်ကို ပြောမိတယ်။

“ဆေးလိပ် မရောင်းပါနဲ့လားဗျာ။ အစည်းအဝေးမှာလည်း သေချာမှာထားတယ်လေ”

“ဆရာ ကျွန်တော့်တစ်ဆိုင်တည်း ရောင်းနေတာမဟုတ်ဘူး။ ဆိုင်တွေ အားလုံး ရောင်းနေကြတာ။ ကိုယ့်ဆီက မရောင်းပေးလို့ သူတို့မှာတဲ့အချိန် မရရင် မကျေနပ်ကြဘူး။ နောက် ဆိုင်လာမထိုင်မှာလည်း စိုးလို့ပါဆရာ။ တချို့က အပြင်က သောက်လာတာရှိတယ်။ အဲ့ဒါကို ဆိုင်ထဲ မသောက်နဲ့လို့ ပြောမထွက်ဘူးလေ။ ဆရာတို့ တကယ်အရေးယူမယ်ဆို ရောင်းတဲ့ဆိုင်တွေကို ကျွန်တော်ကိုယ်တိုင် လိုက်ပြပေးမယ်”

ကျွန်တော် ဘာထပ်ပြောရမှန်း မသိတော့ပေ။ ဆိုင်ခန်းကြီးကြပ်ရေး ကော်မတီဝင်များက ဆိုင်ခန်းတွေဘက် အသွားအလာနည်းပါးလှတယ်။ ဆိုတော့ စည်းကမ်းတွေက စာရွက်ထဲမှာပဲ အသက်ဝင်နေပြီး လက်တွေ့ဘဝမှာ အသက်ငင်နေပါတော့တယ်။ တရားဝင် စည်းကမ်းထုတ်ထားပေမယ့် တကယ်ကြပ်ကြပ်မတ်မတ် အရေးယူဆောင်ရွက်ခြင်းမရှိတဲ့အတွက် ဘယ်သူမှ စည်းကမ်းကို အရေးတယူ လိုက်နာခြင်း မရှိကြတော့ပေ။ 

(၂)

ကျွန်တော်တို့ပတ်ဝန်းကျင်မှာ စည်းကမ်းတွေဟာ စာရွက်တွေပေါ်၊ ဆိုင်းဘုတ်တွေပေါ်မှာပဲ အသက်ဝင်နေကြတာ တွေ့ရလေ့ရှိတတ်ပါတယ်။ “အမှိုက်မပစ်ရ” တဲ့။ “တွေ့ရှိက ဒဏ်ငွေ ၁၀၀၀၀ ကျပ်” တဲ့။ အဲ့ဒီဆိုင်းဘုတ် အောက်တည့်တည့်မှာကိုပဲ အမှိုက်တွေက မြင်မကောင်းအောင်ပါပဲ။ “လူကူး မျဉ်းကျားကကူးပါ”၊ “ရှေ့မှာ ကျောင်းရှိသည်။ ဖြည်းဖြည်းမောင်းပါ”​စတဲ့ ဆိုင်းဘုတ်တွေ၊ သတိပေးစာတွေကို အမြဲတွေ့ရပါတယ်။ ဘယ်လိုစာကပ် ကပ် လူကူးမျဉ်းကျားက အရှိန်မလျှော့ဘဲ မောင်းနေတဲ့ကားတွေနဲ့ လူကူး မျဉ်းကျားမဟုတ်တဲ့နေရာက ကူးလူးသွားလာ ဖြတ်သန်းနေကြသူတွေကတော့ ရန်ကုန်မြို့ရဲ့ လမ်းမတွေပေါ်မှာ တွေ့နေရဆဲ ဖြစ်ပါတယ်။ “ဆိုင်ကယ် ဦးထုပ်ဆောင်းပါ”၊ “ကားမောင်းရင်း ဖုန်းမပြောရ”၊ “ကားမောင်းရင် ထိုင်ခုံ ခါးပတ်ပတ်ပါ” စတဲ့ စည်းကမ်းဥပဒေတွေဟာ တကယ်ကောအသက်ဝင်နေပြီလား။ ရှောင်တခွင်စစ်ဆေးမှု Suprised Check လုပ်စရာမလိုဘဲ စည်းကမ်းကို လိုက်နာနိုင်ကြပြီလား။ မော်တော်ပီကယ်ရဲရှိမှ ဆိုင်ကယ်ဦးထုပ်စောင်းမယ်ဆိုရင်တော့ ကျွန်တော်တို့ဟာ စည်းကမ်းကို အမှန်တကယ် လေးစားလိုက်နာနိုင်ပြီလို့ ဆိုမရသေးပါဘူး။ မော်တော်ပီကယ် မရှိတဲ့တစ်နေ့ နဂိုအသွင် နဂိုမူအတိုင်းပဲ ရှိနေကြဦးမှာပါ။ စည်းကမ်းတွေကို မျက်ကွယ်ပြုနေကြဦးမှာပါ။

“မင်းတို့ ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်းပြည့်အောင် တက်ကြနော်။ မပြည့်ရင် စာမေးပွဲဖြေဆိုခွင့် ပိတ်မယ်”လို့ ကျွန်တော်တို့က စာသင်ခန်းထဲ ဘယ်လိုပဲပြောပြော ကျောင်းသားတချို့ကတော့ ကျောင်းပျက်နေဆဲ။ (ဒီနေရာ မှာ ကျောင်းသားတွေဘာကြောင့် ကျောင်းမတက်ချင်ရသလဲဆိုတဲ့ အကြောင်းရင်းကိုတော့ လေ့လာဖို့လိုပါလိမ့်မယ်။) “စာမကြိုးစားရင် ကျမယ်နော်” လို့ ဘယ်လောက်ပြောပြော လက်တွေ့အရေးယူ ဆောင်ရွက်မှုမရှိတဲ့အခါ ဆရာတွေရဲ့စကားဟာ ရယ်စရာပြက်လုံးတစ်ခုလိုပဲ ဖြစ်နေဦးမှာပါ။ “မြန်မာ့ရိုးရာ ယဉ်ကျေးမှုနဲ့အညီ ဝတ်စားဆင်ယင်ပါ” လို့ ဘယ်လောက်ပြောပြော ဆံပင်နီကြောင်ကျားတွေ၊ နားကပ်တွေ၊ ဆံပင်ရှည်တွေ၊ တက်တူးတွေနဲ့ ကျောင်းသားတွေကို တက္ကသိုလ်တွေမှာ မြင်နေရဆဲ။ ဘယ်လိုပဲ စည်းကမ်းချမှတ်ထားပါစေ လက်တွေ့အရေးယူဆောင်ရွက်မှု မရှိရင်တော့ စည်းကမ်းတွေကို အလေးထားလာဖို့ ခက်ခဲနေဦးမှာပဲ ဖြစ်ပါတယ်။

(၃)

ကျွန်တော်တို့ဟာ လူ့ဘောင်ကောင်းဖို့အတွက် စည်းကမ်းတွေ၊ ဥပဒေ တွေနဲ့ ကာရံထားရပါတယ်။ မဖြစ်သင့်တာ မဖြစ်အောင် ပိုမိုကောင်းမွန်တဲ့ အဝန်းအဝိုင်းလေးဖြစ်အောင် စည်းကမ်းဥပဒေတွေ ချမှတ်ပေးထားရပါတယ်။ တကယ်တော့ လောကရဲ့နေရာတိုင်းမှာ လိုက်နာရမယ့် စည်းကမ်းတွေရှိပါတယ်။ လူဟာ အဝန်းနဲ့ အဝိုင်းနဲ့နေကြရတာမို့ လူ့ဘောင်အဖွဲ့အစည်းက ချမှတ်ပေးထားတဲ့စည်းကမ်းတွေကို လိုက်နာရပါလိမ့်မယ်။ ဒါမှ လူပီသနိုင်မှာပဲ ဖြစ်ပါတယ်။

တကယ်တမ်းတော့ ချမှတ်လိုက်တဲ့စည်းကမ်းတွေ တကယ်အသက် ဝင်လာမှသာ ကောင်းမွန်တဲ့ လူ့ဘောင်ဖြစ်လာမှာပါ။ စာရွက်ပေါ်မှာပဲ အသက်ဝင်နေသမျှတော့ အသက်ငင်နေတဲ့ စည်းကမ်းတွေပဲ ဖြစ်နေပါလိမ့်မယ်။ စည်းကမ်းတွေဟာ စာရွက်ပေါ်မှာပဲ အသက်ဝင်နေလို့မရပါဘူး။ တကယ့် လက်တွေ့မှာ အသက်ဝင်လှုပ်ရှားတဲ့ စည်းကမ်းတွေဖြစ်မှသာ ကျွန်တော်တို့ဟာ နေပျော်တဲ့လူ့ဘောင်တစ်ခုကို ရရှိလာနိုင်မှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး ချမှတ်ထားတဲ့ စည်းကမ်းတွေကို တလေးတစား လိုက်နာနိုင်တဲ့တစ်နေ့ မြန်မာ့လူ့ဘောင်ဟာ ပိုမိုသာယာလှပလာမှာပဲ ဖြစ်ပါတယ်။ ။

ကိုကိုလင်း (အမေ့အိမ်)