News

POST TYPE

OPINION

မြန်မာ့အားကစား ရွာကို လွှမ်းရမည်
12-Dec-2019


ဒေသတွင်း အဆင့်မြင့် အားကစားပြိုင်ပွဲတစ်ခုဖြစ်သည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးကား ပြီး ဆုံးသွားခဲ့ပြီဖြစ်သည်။ ယင်းပြိုင်ပွဲတွင်အိမ်ရှင်ဖိလစ်ပိုင်နိုင်ငံက ရွှေတံဆိပ် ၁၄၉ ခု၊ ငွေတံဆိပ် ၁၁၇ ခု၊ ကြေးတံဆိပ် ၁၁၉ ခုနှင့် နိုင်ငံ အလိုက် ပထမရရှိကာ ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် စင်ကာပူတို့က ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်အနည်းအများအလိုက် နိုင်ငံအလိုက် အစဉ်လိုက်ရပ်တည်ခဲ့ကြပြီး မြန်မာနိုင်ငံက ရွှေတံဆိပ် ၄ ခု၊ ငွေတံဆိပ် ၁၈ ခုနှင့် ကြေးတံဆိပ် ၅၁ ခုဖြင့် စင်ကာပူနိုင်ငံ၏နောက်တွင် သတ္တမနေရာ၌ ရပ်တည်ခဲ့သည်။ မြန်မာနိုင်ငံ၏အောက်တွင် ဘရူနိုင်း၊ လာအိုနှင့် တီမောလက်စ်တေနိုင်ငံတို့သာရှိသည်။

မြန်မာနိုင်ငံသည် တစ်ချိ်န်က အရှေ့တောင်အာရှ(ကျွန်းဆွယ်)အားကစားပြိုင်ပွဲများတွင် ရွှေရောင်လွှမ်းခဲ့သည်။ မြန်မာဘောလုံး အသင်းသည်ပင် ပထမဆုငါးကြိမ်တိုင်တိုင်ရရှိခဲ့ပြီး ရွှေတံဆိပ်ဆုနှင့် အလှမ်း ဝေးခဲ့ရာမှ ၁၉၉၃ ခုနှစ်တွင် ငွေတံဆိပ်ဆုရရှိပြီးနောက်ပိုင်း ရွှေ၊ ငွေ တံဆိပ်များနှင့် ဝေးကွာခဲ့သည်။ ယခုအကြိမ်တွင်မူ တတိယကြေးတံဆိပ် ဆုရရှိခဲ့ပြီး အမျိုးသမီးဘောလုံးအသင်းသည်လည်း တတိယကြေး တံဆိပ်ဆုရရှိခဲ့သည်။ အရှေ့တောင်အာရှ (ကျွန်းဆွယ်)အားကစား ပြိုင်ပွဲကို ၁၉၅၉ ခုနှစ်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ၌ စတင်ကျင်းပခဲ့ရာ မြန်မာနိုင်ငံက ရွှေတံဆိပ် ၂၁ ခုဖြင့် ဒုတိယ ရရှိခဲ့ပါသည်။ ထို့နောက် ဒုတိယအကြိမ်ကို ၁၉၆၁ ခုနှစ်တွင် အိမ်ရှင်အဖြစ်ကျင်းပခွင့်ရရှိခဲ့ရာ ရွှေတံဆိပ် ၃၅ ခုဖြင့် ပထမရရှိခဲ့ပြီ်း၊ ၁၉၆၉ ခုနှစ်တွင် အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခဲ့သည့် ၅ ကြိမ်မြောက်တွင်လည်း ရွှေတံဆိပ် ၅၇ ခုဖြင့် ပထမဆု ရရှိခဲ့ပြန်ပါသည်။ ထို့နောက် ၁၉၇၅ နှင့် ၁၉၇၉ ခုနှစ်များတွင် ရွှေတံဆိပ် ၂၈ ခုနှင့် ၂၆ ခုစသည်ဖြင့်ရရှိခဲ့သော်လည်း မြန်မာနိုင်ငံသည် တတိယ အဆင့်တွင်သာ ရပ်တည်နိုင်ခဲ့ပါသည်။ ထို့နောက် ၁၉၇၉ ခုနှစ်နောက် ပိုင်းမှစ၍ မြန်မာနိုင်ငံသည်ရွှေတံဆိပ်တစ်ခုမှ မရရှိတော့ဘဲ အောင်ပွဲနှင့် အလှမ်းဝေးခဲ့သည်။ အိမ်ရှင်နိုင်ငံအဖြစ်ပြန်လည်ကျင်းပခွင့်ရသည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ထိုင်းနိုင်ငံ အောက်ရွှေတံဆိပ် ၂၁ ခုလျော့နည်း၍ ၈၆ ခုဖြင့် နိုင်ငံအလိုက်တွင် ဒုတိယ ရရှိခဲ့ပါသည်။ သို့ရာတွင် မြန်မာလူမျိုးတို့၏ အသည်းစွဲဖြစ်ပြီး အားထား ရသော ဘောလုံးအားကစားနည်းမှာ မျှော်မှန်းခဲ့သလိုဖြစ်မလာဘဲ ရွှေဆုနှင့် လွဲခဲ့ရပြန်သည်။

ပြေးခုန်ပစ်အားကစားနည်းတွင်လည်း အရှေ့တောင်အာရှတွင် သာမက အာရှတွင်ပါ အောင်မြင်မှုရခဲ့သည့် ရှင်ဗွေဂန်းနှင့် မြီတုန်းနော် တို့လို မာရသွန် အပြေးသမားကြီးများ ပြန်လည်မပေါ်ပေါက်လာသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခြဲ့ပီဖြစ်ပါသည်။ အလားတူ မီတာ ၈၀၀ အပြေး ပြိုင်ပွဲတွင် အာရှစံချိန်တင်ခဲ့သည့် တာလတ်ချန်ပီယံ ဂျင်မီခရမ်တန် လိုလူမျိုး၊ အရှေ့တောင်အာရှတွင်သာမက အာရှတွင်ပါ သရဖူဆောင်းခဲ့သည့် ဂျနီဖာတင်လေးနှင့် တာတိုအပြေးမယ် သန်းသန်း အပါအဝင် ကျောင်းသားပွဲတော်များမှ ထွန်းပေါက်လာခဲ့သည့် ပေါရွှေ(သံလုံး/ သံပြား)၊ အေးရွှေ၊ နုနုရီ (တာလတ်)၊ စန်းစန်းအေး (တန်းကျော်ပြေး)၊ ပပ(တာဝေး) စသူတို့မှာလည်း ဂရေစီကား၊ မခင်ပုတို့ကဲ့သို့ပင် အရှေ့ တောင်အာရှ အားကစား ပြေးခုန်ပစ်ပြိုင်ပွဲများတွင် အောင်မြင်မှုများ ရရှိခဲ့ကြပါသည်။ အလားတူ အမျိုးသားများထဲတွင်လည်း တာတိုအပြေး သမားများဖြစ်ကြသည့် စိုးဝင်း၊ ခင်မောင်လွင်၊ ခင်မောင်တင့်၊ အောင် သန်း(တာဝေး)၊ ဘုန်းမြင့် (တန်းကျော်ပြေး)၊ သိန်းဝင်း (သံလုံး/ သံပြား)၊ စသူတို့မှာလည်း အထိုက်အလျောက် အောင်မြင်မှုရရှိခဲ့ကြသူများ ဖြစ်ကြပါသည်။ (မှတ်မိသမျှ ဖော်ပြရသည်ဖြစ်၍ အချို့ကျန်ခဲ့နိုင်ပါသည်)။

အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် တစ်ချိန်က ရွှေတွဲလဲ၊ ငွေတွဲလဲ ဖြစ်ခဲ့ကြရခြင်းမှာ ထိုစဉ်က ကျောင်းသားပွဲတော်များစဉ်ဆက် မပြတ်ကျင်းပခဲ့ပြီး အားကစားနည်းပေါင်းစုံမှ ထူးချွန်သူများ ပေါ်ထွက်လာကြခြင်း ဖြစ်ပါသည်။ ယနေ့အထိ အားကစားလောကနှင့် မကင်းကွာသေးသော ဦးအေးမောင်ကြီးဆိုလျှင် ၁၉၆၆ ခုနှစ် ကျောင်းသားပွဲတော်မှ စင်တင်ပေးလိုက်သူဖြစ်ပါသည်။ ဘော်လီဘောမှ ထွန်းလင်း၊ ဂျွန်တူးတူး တို့နှင့် စမ်းစမ်းကြည်၊ အေးအေးသင်း (လားရှိုးမြို့လွတ်လပ်ရေးနေ့ အားကစားပြိုင်ပွဲတွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ထိမှန်၍ ကွယ်လွန်သူ) တို့သည်လည်း အလားတူပင်ဖြစ်ပါသည်။

နိုင်ငံတကာ အားကစားပြိုင်ပွဲများအတွက် အားကစားမျိုးဆက်သစ်များမွေးထုတ်ပေးသည့် ကျောင်းသားပွဲတော်များကို လုံခြုံရေးအကြောင်း ပြချက်ဖြင့် ရပ်ဆိုင်းခဲ့ရာမှ မြန်မာ့အားကစားလည်း သိသာစွာကျဆင်း ခဲ့ရပါသည်။ နောက်ပိုင်းတွင် ကျောင်းသားအားကစားပွဲတော်အမည်ဖြင့် ပြန်လည်ကျင်းပခဲ့သော်လည်း တိုင်းနှင့်ပြည်နယ်များ၌ လှည့်လည်ကျင်းပခဲ့ပြီး ပကာသနဖက်လွန်းသဖြင့်အောင်မြင်မှုမရရှိခဲ့ပါ။ ကုန်ကျစရိတ်ငွေကို ကျောင်းသားမိဘများအပါအဝင် နည်းလမ်းမျိုးစုံသုံး၍ ရှာဖွေခဲ့သည့်အတွက် ပြည်သူများဝန်ပိခဲ့ရပါသည်။ ကျွန်တော်ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် တာဝန်ထမ်းဆောင်စဉ်က စစ်တွေတွင်ကျင်းပ မည့် ကျောင်းသားအားကစားပွဲတော်အတွက် ပြည်သူများထံမှ ကောက်ခံသည့် အလှူငွေ (ရန်ပုံငွေ) သိန်းပေါင်းများစွာ ထည့်ဝင်ခဲ့ရပြီး အားကစားကွင်း၊ ပွဲကြည့်စင် တည်ဆောက်ရန်နှင့် တည်းခိုသူများအတွက် ခုတင်များပြုလုပ်ရန် သစ်မာတန်ချိန်များစွာ တင်ပို့ခဲ့ရဖူးပါသည်။ ကျောင်းသား အားကစားပွဲတော်များသည် ကျောင်းသားများ ယှဉ်ပြိုင်သည့် ပွဲများဖြစ် မလာဘဲ တိုင်းမှူးများစွမ်းဆောင်ရည်ပြိုင်သည့်ပွဲများဖြစ်ခဲ့ရပါသည်။

ထို့ကြောင့် ကျောင်းသားများအတွက်အမှန်တကယ်အကျိုးရှိပြီး နိုင်ငံအတွက် မျိုးဆက်သစ်များ ထွက်ပေါ်လာမည့် ပကာသနမဖက်သည့် အားကစားပြိုင်ပွဲများကို ပြန်လည်ကျင်းပပြုလုပ်သင့်ပါသည်။ အလားတူလုံခြုံရေးအကြောင်းပြချက်ဖြင့် တိုင်း/ပြည်နယ်များသို့ အလှည့်ကျ ကျင်းပစေခဲ့သည့် ဘောလုံးပြိုင်ပွဲကြီးများကိုလည်း ပြန်လည်ကျင်းပ သင့်ပါသည်။ ယခုပြုလုပ်လျက်ရှိသည့် သက်တမ်းအလိုက်ပြိုင်ပွဲများမှာ လူရွေးချယ်ရန်သက်သက်အတွက်သာ ကျင်းပသည့် ပြိုင်ပွဲများသဖွယ် ဖြစ်နေပါသည်။ ပရိသတ်များ တစ်ခဲနက်ပါဝင်အားပေးသောပြိုင်ပွဲများ မဟုတ်ပါ။ အနုပညာနှင့် အားကစားလောကတွင် နှုတ်/ပါးစပ်က မည်သို့ပင်ပြောပြော အမှန်တကယ်တော့ အောင်မြင်မှုနှင့် ကျော်ကြားမှု ကိုလိုချင်သူချည်းသာဖြစ်ပါသည်။ ကမ္ဘာပေါ်တွင်လည်း အနုပညာရှင် များ၊ အားကစားသမားများမှာ အောင်မြင်ကျော်ကြားမှုနောက်သို့သာ လိုက်နေသူများဖြစ်ကြပါသည်။ ထို့ကြောင့်ပြိုင်ပွဲများသည် ပရိသတ် ရှိဖို့လိုပါသည်၊ လူကြည့်များဖို့လိုပါသည်။ သို့မှသာလျှင် အခြားသူ များလည်း အားကျပြီး အားကစားကို လေ့လာလိုက်စားလိုစိတ်ပေါ် လာပါမည်။ မိဘများကလည်း မိမိသား၊ သမီး အားကစားလိုက်စားသည်ကို မတားမြစ်ဘဲ အားပေးလာကြပါမည်။ ပညာရေးစနစ်၊ စီးပွားရေးစနစ်နှင့် နိုင်ငံရေးစနစ်သည်လည်း အားကစားကို ဝါသနာပါသူများ အချိန်ပေး လေ့ကျင့်နိုင်သည့် စနစ်မျိုးဖြစ်ရန်လိုပါသည်။ အားကစားပြိုင်ပွဲ ဟုဆိုရာတွင် အားကစားနည်းမျိုးစုံကိုဆိုလိုပါသည်။ ယခင်က နှစ်စဉ် ဧပြီလဆန်းသင်္ကြန်မကျမီအချိန် ပြည်နယ်နှင့်တိုင်း ပြေးခုန်ပစ် ပြိုင်ပွဲများ ကိုကျင်းပပါသည်။ ထိုပြိုင်ပွဲများပြီးနောက် ဝန်ကြီးဌာနအလိုက် ပြိုင်ပွဲများကိုဆက်လက်ကျင်းပပါသည်။ ၎င်းပြိုင်ပွဲများမှ ထူးချွန်သူများသည် မြန်မာ့လက်ရွေးစင် ပြေးခုန်ပစ်မောင်မယ်များဖြစ်လာကြပါသည်။ ယခင်က လွတ်လပ်ရေးနေ့အားကစားပြိုင်ပွဲများမှသည် အညာဘုရားပွဲများအထိ မပါမဖြစ်ပါဝင်သော အားကစားနည်းကား ဘော်လီဘော ကစားနည်းပင်ဖြစ်ပါသည်။ ရပ်ကွက်/ကျေးရွာများမှ ဒေသခံများအပြင် မြန်မာ့ လက်ရွေးစင်ဟောင်းများပါ ပါဝင်ကစားကြသည့်အတွက် အထူးစည်ကားလှပြီး ပြိုင်ဆိုင်မှုပြင်းထန်လှပါသည်။

အနိုင်ရသောအသင်းမှာ ထိုခေတ်က ငွေကြေးတန်ဖိုးဖြင့်ပင် အတော်များများရပါသည်။ ဘော်လီဘောမှာ အာရှအထိ တက်လှမ်းနိုင်ခြင်းမရှိသော်လည်း အရှေ့တောင်အာရှ အဆင့်တွင်မျက်နှာမငယ်ခဲ့ပါ။ ထို့ကြောင့် ဘောလုံးကွင်းတစ်ကွင်းထက်များစွာသေးငယ်သည့် ဘော်လီဘော ကွင်းများကို မြို့နယ်၊ ရပ်ကွက်များတွင် ပြန်လည်ဖော်ထုတ်စေပြီး ယခု အခါ ရှားပါးနေပြီဖြစ်သည့် ဘော်လီဘောဘောလုံးများ၊ ဘော်လီဘော ပိုက်များကို အဖွဲ့ ချုပ်က ဖြည့်ဆည်းပေးသင့်ပါသည်။ ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ခြင်းလုံးအားကစားမှ ရွှေဆုများရယူနိုင်ခဲ့ခြင်းမှာ ရပ်ကွက်/ကျေးရွာတိုင်းတွင် ခြင်းလုံးကစားရန်နေရာရှိခြင်းနှင့် ခြင်းလုံး တစ်လုံး၏တန်ဖိုးမှာ လူတိုင်းလက်လှမ်းမီသောတန်ဖိုး ဖြစ်နေခြင်းကြောင့် ပင်ဖြစ်ပါသည်။

ယခုအခါ မြန်မာနိုင်ငံတွင် ပြိုင်ပွဲများသိပ်မရှိတော့သည့် ရေကူး အားကစားနည်းမှာ တစ်ချိန်က အာရှအထိပါတက်လှမ်းနိုင်ခဲ့ကြပါသည်။ ရေကူးချန်ပီယံ တင်မောင်နီ၊ နန္ဒကျော်စွာ၊ ပေါ်လီဘစန်း၊ အာသာဝတီကျော် တို့သည်လည်း ရေကူးအားကစားတွင် အောင်မြင်သူများ ဖြစ်ခဲ့ကြသည်။ ယခင်က ရန်ကုန်၊ မန္တလေးလို မြို့ကြီးများတွင်သာရှိခဲ့ပြီး ဈေးသက်သာ စွာကူးနိုင်သည့် ရေကူးကန်များမှာယခုအခါ သာမန်လူများ အနားသို့ မကပ်နိုင်တော့ပါ။ ကျွန်တော်တို့ငယ်စဉ်က မန္တလေးနန်းတွင်း ရေကူးကန် နှင့် ဘီတီဘရားသား ရေကူးကန်တို့မှာ မည်သူမဆို ဈေးနှုန်း သက်သာစွာ နှင့် ကူးနိုင်သောနေရာများဖြစ်ပါသည်။ ရန်ကုန်တွင်လည်း တက္ကသိုလ် များရေကူးကန်၊ အမျိုးသားရေကူးကန်နှင့် ကုက္ကိုင်းရေကူးကန်တို့မှာ တစ်ချိန်ကရေကူးသင်တန်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဖွင့်လှစ် ပေးခဲ့သော်လည်း ယခုအခါ သာမန်လူများ အနားသို့ပင်မကပ်နိုင်တော့ပါ။ တစ်ချိန်ကကျင်းပခဲ့သည့် အင်းလျားကန်နှင့် ကန်တော်ကြီးဖြတ်ရေကူးပြိုင်ပွဲများကို ယခုလူငယ်များ ကြားဖူးကြမည် မထင်ပါ။ တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် ရေကူးကန်တစ်ခုစီတည်ဆောက်ပေးလိုက်မည်ဆိုလျှင် ရေပေါ်တွင် ပြန်၍ရွှေရောင်လွှမ်းနိုင်မည်ဟု မျှော်လင့်ရပါသည်။

ရေကူးထက် အခြေအနေဆိုးသည့် အားကစားနည်းကား တင်းနစ်အားကစားနည်းပင်ဖြစ်ပါသည်။ ၎င်းအားကစားနည်းတွင် မြန်မာတို့တစ်ချိန်က အောက်တန်းမကျခဲ့ပါ။ ဝင်းထွဋ်၊ သန်းငွေ၊ ခင်မောင်လေး(အပုလေး)နှင့် သန်းထွဋ်တို့ တစ်ခေတ်တွင် ဒေသတွင်း ပြိုင်ပွဲများ၌ ပွဲတိုးခဲ့ပါသည် (မည်သည့်ဆုတံဆိပ်များ ရရှိခဲ့ကြောင်း မှတ်တမ်းများလက်လှမ်းမမီ၍ မဖော်ပြနိုင်ပါ)။ တစ်ချိန်က ဂေါက်သီးကစားခြင်းကို ဘူဇွာ (သူဌေး) ကစားနည်း၊ တင်းနစ်ကစားခြင်းကို လူလတ်တန်းစားကစားနည်းဟူ၍ ခေါ်ဆိုသမှုပြုခဲ့ကြသော်လည်း မြန်မာနိုင်ငံတွင် လူလတ်တန်းစားများ ပျောက်ဆုံးသွားခြင်းနှင့်အတူ တင်းနစ်အားကစားလည်း ပျောက်ကွယ်ခဲ့ရပါသည်။ မြို့နယ်အချို့ရှိ နဂို ရှိရင်းစွဲ ဌာနဆိုင်ရာကွင်းအချို့နှင့် အားကာပိုင်ကွင်းအချို့မှာ ပေါက်ပြဲ၊ ပျက်စီးပြီး မည်သည့် ဌာနကမျှ တင်းနစ်ကွင်းတစ်ကွင်းကို ငွေကုန်ခံ၍ မပြင်ဆင်နိုင်ဘဲ အချို့နေရာများတွင် တင်းနစ်ကွင်းဟူ၍ပင် မသိသာတော့ဘဲ အမှိုက်ပုံသာသာ အဆင့်ရှိနေသည်ကို ဝမ်းနည်းကြေကွဲဖွယ်ရာ တွေ့ မြင်ရပါသည်။ တစ်ခါက လူငယ်အချို့ ညနေစောင်းအချိန်များတွင် တင်းနစ်ရက်ကတ်ကလေးကိုင်၍ စတိုင်ဖြင့် သွားလာကြသောမြင်ကွင်း ကိုမတွေ့ ကြသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါပြီ။

တစ်ချိန်က ဒီဇင်ဘာအားကစားလ လှုပ်ရှားမှုများတွင် အမျိုးသမီးများ အများဆုံးပါဝင်ယှဉ်ပြိုင်ကြသော အားကစားနည်းတစ်ခုမှာ ကြက်တောင် ရိုက်ကစားနည်းဖြစ်ပါသည်။ ကြက်တောင်ကွင်းတစ်ကွင်းအတွက် မြေနေရာသိပ်မလိုသည့်အပြင် ကြက်တောင်နှင့်ဘက်တံမှာလည်း ဈေးသိပ်မကြီး၍ လူတိုင်းကစားနိုင်ကြပါသည်။ ယခုသော်ထိုမြင်ကွင်းမျိုး လည်းပျောက်ကွယ်ခဲ့ပါပြီ၊ ကြက်တောင်ချန်ပီယံ ကြည်ညွန့်၊ မြင့်မြင့်ခင်၊ ဒေါက်တာမြလေးစိန်(ယခု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး) တို့ကား တစ်ချိန်က မြန်မာ့ဂုဏ်ကိုဆောင်ခဲ့ကြသူများ ဖြစ်ကြပါသည်။

ခြုံ၍သုံးသပ်ရပါလျှင် အဆိုပါအားကစားနည်းများမှာ တစ်ချိန်က အောင်မြင်မှုများရရှိခဲ့သော်လည်း ယခု မအောင်မြင်ရခြင်းမှာ အောက်ပါအချက်များကြောင့်ဟု ကျွန်တော်တစ်ဦးတည်း၏ အမြင်ဖြင့်ရိုးသားစွာ ရှုမြင်သုံး သပ်တင်ပြအပ်ပါသည်။ 

(၁) အားကစားမျိုးဆက်ပြတ်သွားခြင်း၊

(၂) အခြေခံကျသော အားကစားကွင်းများ၊ အားကစားပစ္စည်းများ ရှားပါးသွားခြင်း၊

(၃) နိုင်ငံတော်အဆင့် အားကစားပြိုင်ပွဲများကို အားပေးမှုမြင့်မားပြီး တစ်ပြည်လုံးမှကြည့်ရှုနိုင်မည့့် မြို့တော်တွင် ကျင်းပရမည့်အစား တိုင်း/ပြည်နယ်များတွင် ပြောင်းရွှေ့ကျင်းပခဲ့သည့်အတွက် ဒေသဆိုင်ရာပြိုင်ပွဲများသဖွယ် ဖြစ်သွားပြီး ပြည်သူများ စိတ်ဝင်စားအားပေးမှုလျော့ကျသွားခြင်း၊

(၄) အားကစားတိုးတက်မှု၏ အခြေခံဖြစ်သော ရပ်ကွက်နှင့် ကျေးရွာအုပ်စုအလိုက်ပြိုင်ပွဲများ၊ မရှိသလောက် ဖြစ်သွားပြီး၊ မြို့နယ် အလိုက်အားကစားပြိုင်ပွဲများလည်း လျော့ပါးသွားခြင်း၊

(၅) ဒေသအလိုက် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းပေါင်းစုံပြိုင်ပွဲမှသည် နိုင်ငံအဆင့် ကျောင်းသား အားကစားပြိုင်ပွဲများ၊ တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲများကို ထိရောက်စွာ နှင့်ကျယ်ပြန့်စွာ မဆောင်ရွက်နိုင်ခြင်း၊

(၆) နိုင်ငံတော်အစိုးရ၏ ပညာရေးမူဝါဒနှင့်ကျောင်းသားအားကစား အပေါ်ထားရှိသည့်အမြင်ကြောင့် မိဘ၊ ဆရာ၊ ကျောင်းသားများ၏ အားကစားနှင့် ပညာရေးအပေါ် ရှုမြင်မှုပြောင်းလဲသွားခြင်း၊

(၇) အရာရာကိုလုံခြုံရေးအမြင်တစ်ခုတည်းဖြင့်သာကြည့်၍ ဆုံးဖြတ်သောကြောင့် လူစုလူဝေး (ပရိသတ်) ကိုအားကိုးအားထားပြု ကျင်းပရသော အားကစားပြိုင်ပွဲများ ပျောက်ဆုံးခဲ့ရခြင်း စသည့်အချက်များအပြင် အားကစားပြိုင်ပွဲများကျင်းပချိန်နီးမှ ဖုတ်ပူမီးတိုက် အားကစားသမားရှာဖွေ၊ ရွေးချယ်၊ လေ့ကျင့်စေပြီးမှသာ ပြိုင်ပွဲကို ဝင်စေခဲ့ခြင်း စသည့်အချက်များကြောင့်ဖြစ်ပါသည်။ မည်သည့်အားကစားမဆို ငယ်စဉ်ကပင် ပြုစု၊ ပျိုးထောင်၊ လေ့ကျင့်မှသာလျှင် နိုင်ငံတကာ အားကစားပြိုင်ပွဲတစ်ရပ်ကို အဆင့်မီမီ ပါဝင်ယှဉ်ပြိုင် အနိုင်ရမည်သာဖြစ်ပါသည်။ လူသားတစ်ယောက်၏ ခန္ဓာကိုယြွ်ကက်သားဖွဲ့စည်းပုံသည် အားကစား နည်းအမျိုးအစားအလိုက် ကွာခြားမှုရှိပါသည်။ ထိုသို့လိုအပ်သော ခန္ဓာကိုယ်ဖွဲ့စည်းပုံကိုရရှိစေရန် ငယ်စဉ်မှစ၍ နှစ်ရှည်လများ လေ့ကျင့်ရပါသည်။ လေးငါးနှစ်မျှလောက်နှင့် နိုင်ငံတကာအဆင့် အားကစားသမား တစ်ယောက်ဖြစ်မလာနိုင်ပါ။

ထို့ကြောင့် အချုပ်အားဖြင့် အကြံပြုတင်ပြရပါလျှင် ယခုရရှိခဲ့သောအရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အတွေ့အကြုံများမှတစ်ဆင့် ရှုံးခဲ့/နိုင်ခဲ့သော အားကစားနည်းအားလုံးကို ပြန်လည်သုံးသပ်ပြီးလျှင် ကျေးရွာတိုင်း အားကစားကွင်းဖောက်၍ အားကစားပစ္စည်းအရောက်ပို့နိုင်ရေးအပြင် ရေတို၊ ရေရှည်စီမံချက်များချမှတ်ကာ နိုင်ငံတော်၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ နိုင်ငံရေးစနစ်များနှင့် လိုက်လျော ညီထွေစွာပြုကျင့်ဆောင်ရွက်နိုင်ကြမှသာလျှင် ပွဲပြီးမီးသေ၊ ကောက်ရိုးမီး လိုမဖြစ်ဘဲ ဒေသတွင်းနိုင်ငံများက ခန့်ညားလေးစားရသည့် ဘက်စုံဖွံ့ ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုအဖြစ် ရောက်ရှိလာမည်ဖြစ်ပါသည်။

သိန်းထက်အောင်