News

POST TYPE

OPINION

ဂမ်ဘီယာပေးသော Digital Literacy သင်ခန်းစာ
12-Dec-2019


ဒစ်ဂျစ်တယ် စာတတ်မြောက်မှု (Digital Literacy) ဆို သည်မှာ ဒစ်ဂျစ်တယ်ခေတ်၏ အကြီးမားဆုံး စည်းဘောင်တစ်ခုဖြစ်သည်။ အထိန်းအကွပ်တစ်ခုဖြစ်သည်။ သို့သော် လူမှုကွန်ရက်ကို ထမင်းစားရေသောက် အသုံးပြုနေကြသည့် မြန်မာ များနှင့် အလှမ်းဝေးလွန်းလှသည့် စကားစုတစ်ခုလည်း ဖြစ်နေပြန်သည်။ 

ဒစ်ဂျစ်တယ် စာတတ်မြောက်မှု (Digital Literacy) ဆိုတာ ဘာလဲ၊ ဒစ်ဂျစ်တယ် စာတတ်မြောက်မှုဟုဆိုသည်မှာ လူသုံးများလှသည့် အင်တာနက်၊ ဂျီမေးလ်၊ ဖေ့စ်ဘွတ်ခ်၊ အင်စတာဂရမ်၊ တွစ်တာ ယူကျု့(တ်) စသည့်အရာများအပြင် ကွန်ပျူတာ၊ ဖုန်း စသည်တို့ကို တစ်ကိုယ်ရေတစ်ကာယ နားလည်တတ်ကျွမ်းစွာ အသုံးချနိုင်မှုဟု ယေဘုယျ ဖွင့်ဆိုရမည်ဖြစ်သည်။ များပြားလှသော ဒစ်ဂျစ်တယ် ပလက်ဖောင်းများတွင် အသုံးပြုနိုင်စွမ်း၊ ရှာဖွေနိုင်စွမ်းနှင့် အသုံးချနိုင်စွမ်းများအပြင် ချင့်ချိန်အကဲဖြတ်နိုင်စွမ်းနှင့် ဖန်တီးနိုင်စွမ်းများကိုပါ ခေါ်ဆိုခြင်းဟု မှတ်ယူနိုင်သည်။

အမေရိကန် စာကြည့်တိုက်အသင်း၏ ဖွင့်ဆိုချက်တွင်တော့ ဒစ်ဂျစ်တယ် စာတတ်မြောက်မှုသည် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများကို ရှာဖွေခြင်း၊ အသုံးချခြင်း၊ ဖန်တီးခြင်း၊ သိရှိခြင်းနှင့် နားလည်ခြင်း အရည်အသွေးများဟုဆိုသည်။ 

ပြောရမည်ဆိုလျှင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ICJ တွင် တရားစွဲဆိုသည့်အခါ Digital Literacy ဆိုတာကြီးက မသိလိုက်ဘာသာ ရှေ့တန်းရောက်လာခဲ့ပြီး ကိုယ့်လည်ပင်းကိုယ် ကြိုးဆွဲချမည့်ကိစ္စကြီး ဖြစ်လာခဲ့သည်။ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အချက်အလက်များကို ICJ တွင် တင်ပြရာတွင် ထူးခြားသည်ပဲဆိုဆို စနစ်တကျ ပြုစုလေ့လာနိုင်သည်ပဲပြောပြော သူတို့၏ စွဲဆိုချက်များတွင် မြန်မာနိုင်ငံမှ ပြည်သူများ၏ လူမှုကွန်ရက်ပေါ်မှ အပြုအမူများကိုပါ သက်သေအဖြစ် တင်ပြသွားခဲ့သည်။ အထူးသဖြင့် မြန်မာနိုင်ငံသားများ လူမှုကွန်ရက်မှတစ်ဆင့် နယ်စပ်ဖြတ်ကျော် ဘင်္ဂါလီများနှင့် သူတို့နှင့်ဆက်စပ်သည့် အမှုအခင်းများအပေါ် မည်သို့မည်ပုံ တုံ့ပြန်သည်ဆိုသည်များကို သက်သေအဖြစ် ရယူသွားခဲ့ခြင်းဖြစ်လေသည်။ 

ယခုချိန်အထိ Media Literacy ကို ဘာမှန်းမသိသော မြန်မာ များအနေနှင့် မိမိတို့ ဘာတွေပြောဆို ကျူးလွန်ခဲ့သည်ဆိုသည်ကိုပင် သေချာမှတ်မိလှသည်မဟုတ်ပါ။ သို့သော် ဖေ့စ်ဘွတ်ခ်ကြီးက အရာရာကို မှတ်တမ်းတင်ထားသလို ပြည်ပတိုင်းပြည်ကလည်း အဆိုပါအချက်ကို ထိထိမိမိ အသုံးချသွားခဲ့သည်။ ဂမ်ဘီယာ၏တင်ပြချက်ကြောင့် မြန်မာနိုင်ငံသားများသည် အမုန်းစကားများကို ထမင်းစားရေသောက် ပြောဆိုကြပြီး စိတ်ဓာတ်အောက်တန်းကျသော အမျိုးသားရေးဝါဒီများအဖြစ် ပုံဖော်ခံလိုက်ရသည်။ နိုင်ငံတကာခုံရုံးအဆင့်တွင် အလိုအလျောက်ပင် အစွန်းရောက် အမျိုးသားရေးဝါဒီများ ဖြစ်သွားခဲ့သည်။ 

လူမှုကွန်ရက်ပေါ်မှ ပြောဆိုချက်များသည် ပြောဆိုခဲ့သူများအတွက် တစ်ခဏတာ စိတ်ခံစားချက်ကြောင့် ဖွင့်ဟခဲ့ကြသည်များဖြစ်နိုင်သော်လည်း ယခုတစ်ခါတွင်တော့ နိုင်ငံတကာအဆင့် သက်သေများဖြစ်လာခဲ့ပြီ ဖြစ်သည်။ မြန်မာများသည် ဖေ့စ်ဘွတ်ခ်တွင် အမုန်းစကား (Hate Speech) များ အလွန်အမင်းပြောဆိုခဲ့ကြကြောင်း ဂမ်ဘီယာဘက်က ဖောဖောသီသီထောက်ပြသွားခဲ့သည်။ ယင်းသက်သေများကြောင့် နိုင်ငံ့ခေါင်းဆောင်သာမက မြန်မာဆိုသည့် တိုင်းပြည်တစ်ခုလုံးစာအတွက်ပါ ကမ္ဘာ့အလယ်မှာ မျက်နှာငယ်စရာ အခြေအနေတစ်ရပ်ကို ဖန်တီးမိသွားခဲ့ပြီဖြစ်သည်။ 

လူမှုကွန်ရက်တွင် လူမျိုးရေး၊ ဘာသာရေးမှိုင်းတိုက်မှုများ၊ အမုန်း စကားပြောဆိုမှုများ၊ လိင်ပိုင်းဆိုင်ရာအကြောင်းအရာများ ပိုမိုများပြား လာသောကြောင့် ကွန်တန့်ထိန်းချုပ်မှုစည်းမျဉ်း (Content Regulation) သတ်မှတ်ရန်၊ ဆမ်းမ်ကတ်များကို တိကျမှန်ကန်စွာ မှတ်ပုံတင်ရန် (Sim Registration)၊ ပြည်တွင်း ဒစ်ဂျစ်တယ်နယ်ပယ်ကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်မည့် Cyber Law ကို အလျင်အမြန်အတည်ပြုရန်နှင့် လူတစ်ဦးချင်း၏ ဒစ်ဂျစ်တယ် စာတတ်မြောက်မှု (Digital Literacy) ကို မြှင့်တင်ရန် ပညာရှင်များက တိုက်တွန်းမှုများ မပြတ်ပြုလုပ်ခဲ့သော်လည်း အစိုးရအဆက်ဆက် အလေးအနက်ထားကိုင်တွယ်ခဲ့ခြင်းမရှိခဲ့ပါ။ ယခုအချိန်တွင် အဆိုပါ မျက်ကွယ်ပြုမှု၏ အကျိုးဆက်ကို စတင်ခံစားလာနေရပြီဖြစ်သည်။

သို့သည့်တိုင် တိုင်းပြည်၏ အပေါ်ထပ်အဆောက်အဦမှ လူများအနေနှင့် ယင်းအချက်များ၏ အရေးပါမှုကို တွေးတောမိဟန် မရှိသေးပါ။ ထို့ကြောင့်လည်း အွန်လိုင်းပေါ်ရှိ ပို့စ်များ၊ ဖိုရမ်များ၊ ကွန်မန့်ပေးမှုများ၊ မိုက်ခရို ဘလော့ဂ်များနှင့် ချက်တင် အက်ပလီကေးရှင်းများမှ အချက်အလက်များကို စစ်ထုတ်နိုင်မည့် ကွန်တန့်ထိန်းချုပ်မှုစည်းမျဉ်း (Content Regulation) မရှိသည့် မြန်မာပြည်အနေနှင့် နိုင်ငံတကာတရားခုံရုံးတွင် လူထု၏ မှတ်ချက်များကို သက်သေအဖြစ် အသုံးချခံရသည်မှာ ဆန်းကြယ်လှသည့် ကိစ္စတော့မဟုတ်ပေ။ 

ဥပမာအားဖြင့်ပြောရမည်ဆိုလျှင် တရုတ်၊ ဗီယက်နမ် စသည့် နိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံအတော်များများတွင် လူမှုကွန်ရက်များနှင့် အင်တာနက်ပေါ်မှ လူထု၏ အသုံးအနှုန်းများနှင့် ပြောဆိုဆွေးနွေးမှုများကို Content Regulation ဖြင့် ကြပ်ကြပ်မတ်မတ် ထိန်းချုပ်ထားကြသည်။ ထို့ကြောင့် အွန်လိုင်းပေါ်မှ လူမျိုးရေး၊ ဘာသာရေးပြဿနာများကို ကောင်းကောင်းတားဆီးထားနိုင်ကြသည်။ ထို့အပြင် အနောက်နိုင်ငံများတွင် ကလေးငယ်များကို စာသင်ကျောင်းများမှစတင်၍ Digital Literacy ဆိုင်ရာ အသိပညာများကို သင်ကြားပေးထားကြသည်။ 

မိမိတို့တိုင်းပြည်တွင်မူ ကွန်တန့်ထိန်းချုပ်မှုစည်းမျဉ်း မရှိရသည့်အထဲ Digital Literacy အပိုင်းတွင်ပါ ဘာမှမသိကြသောအခါ အထိန်းအကွပ် စည်းဘောင်လုံးဝမရှိသည့် လူမှုကွန်ရက်အသုံးပြုမှုများ ပိုမိုများပြားလာခဲ့ပြီး ပြဿနာများကို မီးလောင်ရာလေပင့်စေသည့် အခြေအနေကို ဦးတည်စေခဲ့ခြင်းဖြစ်သည်။ 

တကယ်တမ်းအားဖြင့် ဒစ်ဂျစ်တယ် စာတတ်မြောက်မှုသည် ဒစ်ဂျစ်တယ်နိုင်ငံသားဖြစ်မှု၏ တစ်စိတ်တစ်ဒေသဖြစ်ပြီး လူသားတစ်ယောက်အနေနှင့် နည်းပညာကို တာဝန်ယူမှုရှိစွာဖြင့် မည်မျှအကျိုးရှိရှိအသုံးချ နိုင်စွမ်းသည်ဆိုသည်ကို ဖော်ပြသည်။ ၎င်းကြောင့် ယနေ့ကမ္ဘာပေါ် ရှိ မိမိတို့ မိတ်ဆွေသူငယ်ချင်းများနှင့် မိသားစုဝင်များအပေါ် တင်းကျပ်စွာ ချုပ်နှောင်ထားသည့်အလုပ်နှင့် ပတ်ဝန်းကျင်ဖိစီးမှုများကိုကျော်လွန်ပြီး ဆက်သွယ်မှု၊ အပြန်အလှန်အကျိုးရှိစွာ ဆက်ဆံမှုများပြုလုပ်နိုင်စေလိမ့်မည်။ ထို့ကြောင့်ပင် ဒစ်ဂျစ်တယ် စာတတ်မြောက်မှုသည် လူသားတို့အတွက် အထူးတလည် အရေးကြီးရခြင်းဖြစ်သည်။

ထိုအရေးကြီးမှုကို မိမိတို့တိုင်းပြည်မှ ပြည်သူများ အပြည့်အဝနားလည်တတ်ကျွမ်းဖို့ လိုအပ်သည်။ ယင်းသို့ အပြည့်အဝ နားလည်မှုမရှိခြင်းကြောင့်ပင် ICJ တွင် မြန်မာပြည် ချောင်ပိတ်အရိုက်ခံခဲ့ရခြင်းမဟုတ်ပါလော။ 

အနည်းဆုံးတော့ ဂမ်ဘီယာနိုင်ငံသည် ကျွန်တော်တို့ကို သင်ခန်းစာ တစ်ခုပေးအပ်သွားခဲ့သည်။ ကျွန်တော်တို့ နိုင်ငံသားများ ဒစ်ဂျစ်တယ် စာတတ်မြောက်မှုအပိုင်းတွင် မည်မျှအားနည်းနေသည်ဆိုသည်နှင့် နိုင်ငံတော်က ဦးဆောင်သည့် ကွန်တန့်ထိန်းချုပ်မှုစည်းမျဉ်းမရှိမှု၏ ယိုပေါက်များကိုဖြစ်ပေသည်။ 

အဆိုပါ သင်ခန်းစာကို ကောင်းမွန်စွာ ပြန်လည်တုံ့ပြန်နိုင်ဖို့ လိုအပ်ပါသည်။ ဒစ်ဂျစ်တယ်ခေတ်တွင် နိုင်ငံတကာနှင့် အကြိမ်ဖန်များစွာ ဆက်ဆံကြရဦးမည်ဖြစ်ပါသည်။ နောက်နောင်အခါကာလများတွင် မြန်မာ့ဒစ်ဂျစ်တယ် အသုံးပြုမှုသည် တိုင်းပြည်ကို ချောက်ထဲဆွဲချမည့် သက်သေမျိုးဖြစ်မလာစေဖို့ ကိုယ့်အားကိုယ်ကိုး၍ ကြိုတင်ပြင်ဆင်ထားကြရမည် မဟုတ်ပါလား။ 

မောင်မိုးဇွန်