News

POST TYPE

OPINION

ICJ ကိုအရင်းပြု၍
11-Dec-2019


အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၌ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်နေ့က မြန်မာနိုင်ငံအပေါ် ပုဒ်မရှစ်ခုဖြင့်တရားစွဲဆိုထားမှုကို နှစ်ဖက်စလုံးက နှုတ်ဖြင့် လျှောက်လဲချက်တင်သွင်းခြင်းများကို ဒီဇင်ဘာလ ၁၀ ရက်၊ ၁၁ ရက်နှင့် ၁၂ ရက်နေ့များတွင် ဆောင်ရွက်ကြတော့မည်ဖြစ်သည်။ ထိုအမှုနှင့် ပတ်သက်၍ တုံ့ပြန်ဖြေရှင်းရန်  မြန်မာနိုင်ငံဘက်မှ ကျွမ်းကျင်သည့် ဥပဒေပညာရှင်ကြီးများကို ငှားရမ်းထားပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ အတိုင်ပင်ခံရုံးဝန်ကြီးဌာနဝန်ကြီး၊ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာနဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့မှ တာဝန်ရှိသူများ ဒီဇင်ဘာလ ၈ ရက်နေ့နံနက်တွင် ICJ တရားရုံးစိုက်ရာ နယ်သာလန်နိုင်ငံ The Hague မြို့သို့ ထွက်ခွာသွားကြပြီဖြစ်သည်။ 

International Court of Justice (ICJ) နိုင်ငံတကာ တရားရုံးတွင် ကြားနာချိန်များအဖြစ် ပထမအကျော့ ဒီဇင်ဘာလ ၁၀ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲမှ ညနေ ၆ နာရီခွဲ ထိုအချိန်တွင် ဂမ်ဘီယာ သမ္မတနိုင်ငံဘက်ကလည်းကောင်း၊ ဒီဇင်ဘာလ ၁၁ ရက်နေ့ ညနေ ၃ နာရီခွဲ မှ ညနေ ၆ နာရီခွဲချိန်အထိကို မြန်မာနိုင်ငံဘက်ကလည်းကောင်း နှုတ်ဖြင့်အသီးသီး လျှောက်လဲချက်တင်သွင်းကြရမည်ဖြစ်ပြီး၊ ဒုတိယအကျော့ နှုတ်ဖြင့်ကြားနာချိန်အဖြစ် ဒီဇင်ဘာလ ၁၂ ရက်နေ့ မြန်မာ စံတော်ချိန် ညနေ ၃ နာရီခွဲ မှ ညနေ ၅ နာရီအထိကို ဂမ်ဘီယာနိုင်ငံဘက်သို့ သတ်မှတ်ထားပြီး  ည ၁၀ နာရီ မှ ည ၁၁ နာရီခွဲအထိကိုမူ မြန်မာနိုင်ငံဘက်က တင်သွင်းကြရမည်ဖြစ်ကြောင်း သိရသည်။ ထိုနှစ်နိုင်ငံဘက် လျှောက်လဲတင်သွင်းမှု အခြေအနေများကို ICJ ဝက်ဘ်ဆိုက်နှင့် ကုလသမဂ္ဂ အင်တာနက်အွန်လိုင်းရုပ်သံ UN Web TV တို့တွင် အင်္ဂလိပ်၊ ပြင်သစ်ဘာသာစကား ၂ မျိုး ဖြင့်   တိုက်ရိုက်ထုတ်လွှင့်သွား မည်ဖြစ်ကြောင်းလည်း သိရသည်။   ICJ တွင်မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားမှု၊ ထိုအမှုအသွားအလာနှင့် ဖြစ်စဉ်ဖြစ်ရပ်များအပေါ် သုံးသပ်ချက်များ၊ ICC၊ ICJ တို့နှင့်ပတ်သက်သည့် အကြောင်းအရာ အတော်များများကို စတင်တရားစွဲဆိုသည့်ရက်ပိုင်းမှစ၍ ယခုရက်ပိုင်းအထိ နေ့စဉ်ထုတ်သတင်းစာများ၊ အပတ်စဉ်ထုတ်ဂျာနယ်များ၊ လူမှုကွန်ရက် အင်တာနက်စာမျက်နှာများတွင် ခပ်စိပ်စိပ်ရေးသားဖော်ပြခဲ့ကြသည့်အတွက် အတော်များများကို သိပြီးသားဖြစ်ကြပြီးဖြစ်မည်ဟုထင်သည်။ သို့အတွက်စာရေးသူအနေနှင့် ထိုအကြောင်းအရာများကို ပြန်လည်ရေးသားခြင်းမျိုးမပြုတော့ဘဲ ယခုလက်ရှိအခြေအနေများအပေါ်တွင် သာအကောင်းဘက်မှရှုမြင်ပြီးအပြုသဘောထောက်ရှုရေးသား တင်ပြသွားမည်ဖြစ်ပါသည်။

ထိုသို့မသွားရောက်မီ ICJ တွင် တရားစွဲဆိုမှုအပေါ် တုံ့ပြန်ရှင်းလင်းရန်နှင့်ပတ်သက်ပြီး လေ့လာကြည့်ပါက နိုဝင်ဘာလ ၂၃ ရက် နေ့တွင် အစိုးရမှထိပ်တန်းခေါင်းဆောင်များ၊ တပ်မတော်ခေါင်းဆောင်များ ပထမဦးဆုံးအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ သာမန်အားဖြင့် ICJ တွင် ရင်ဆိုင်ဖြေရှင်းရာ၌  သက်ဆိုင်ရာနိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီးများကို ကိုယ်စားလှယ်အဖြစ် ခန့်အပ်ဆောင်ရွက်လေ့မရှိဘဲ တရားသူကြီးချုပ်၊ ရှေ့နေချုပ်များကိုသာ စေလွှတ်ရင်ဆိုင်ဖြေရှင်းခြင်းများ ဆောင်ရွက်လေ့ရှိသည်။ အမှုစွဲဆိုထားသည့် ဂမ်ဘီယာနိုင်ငံအနေနှင့်ပင် ထိုအမှုကို လျှောက်လဲတင်သွင်းရန် ၎င်းတို့၏ တရားရေးဝန်ကြီးနှင့် ရှေ့နေချုပ်တို့ကို ကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားကြောင်းသိရသည်။ သို့သော် ယခုအမှုတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်သွား ရောက်ဖြေရှင်းခြင်းသည်  အလွန်ထူးခြားသည့်ကိစ္စအဖြစ် သုံးသပ်၍ ရသည်။ ၎င်းအနေနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် မဟုတ်ဘဲ နိုင်ငံခြားရေးဝန်ကြီးအဖြစ်ပင်ဆိုသော်ငြား ၂၀၁၇ ခုနှစ်မှစပြီး နိုင်ငံတကာ၏ ဖိအား၊ မဟုတ်မမှန်သည့် စွပ်စွဲချက်များအပေါ် ယခုအမှုကို ခုတုံးလုပ်ပြီး ကမ္ဘာသိအောင် ကမ္ဘာ့မီဒီယာများအလယ်တွင် ၎င်းကိုင်တိုင် အချက်အလက်၊ သက်သေစုံလင်စွာဖြင့် တစ်ချက်ခုတ်နှစ်ချက်ပြတ်ဖြစ်စေရန် ရှင်းလင်းမည့်သဘော ရည်ရွယ်ထားပုံရသည်။ အမှန်ဆိုလျှင် ယခုအမှု မပေါ်ပေါက်ပါက နိုင်ငံအပေါ် ထိုးနှက်နေသည့် ထို OIC နိုင်ငံများ၏ စွပ်စွဲချက်များကို ကမ္ဘာကို ရှင်းပြခွင့်ကြုံချင်မှ ကြုံပေမည်ဖြစ်သော်လည်း ယခုမူအခါ အခွင့်သင့်သည့် အချိန်ဖြစ်လာသည်ဟု စာရေးသူက ရှုမြင်သည်။ အခန့်သင့်ရင် အဖြစ်မှန်ကို ကမ္ဘာကသိပြီး နိုင်ငံ့အနာဂတ်အတွက် သားရွှေအိုးထမ်းရကိန်းပင် မြင်မိသည်။ ထိုသို့ဖြစ်လာရန်လည်း စာရေးသူက နိုင်ငံ၏ ကိုယ်စားဆုတောင်းမိသည်။

OIC နိုင်ငံများကိုယ်စား ဂမ်ဘီယာနိုင်ငံအနေနှင့် မြန်မာနိုင်ငံ အပေါ်စွဲဆိုထားသည့်ပြစ်မှုများကို လေ့လာကြည့်သည့်အခါ အပြည်ပြည် ဆိုင်ရာတရားရုံး၏ ဥပဒေပုဒ်မ ၃၊ အပိုဒ်ခွဲ (က) အရ  လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခြင်း၊ ပုဒ်မ ၃၊ အပိုဒ်ခွဲ(ခ)အရ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ရန် လျှို့ဝှက်ကြံစည်ခြင်း၊ ပုဒ်မ ၃၊ အပိုဒ်ခွဲ(ဂ) အရ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ရန်လှုံ့ဆော်ခြင်းနှင့် စီမံညွှန်ကြားခြင်း၊ ပုဒ်မ ၃၊ အပိုဒ်ခွဲ( ဃ) အရ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ရန်ကြံစည်ခြင်း၊ ပုဒ်မ ၃၊ အပိုဒ်ခွဲ (င) အား ချိုးဖောက်၍ လူမျိုးတုံးသတ်ဖြတ်မှုကို ပါဝင်ကျူးလွန်ခြင်း၊ ပုဒ်မ ၁ အရ လူမျိုးတုံးသတ်ဖြတ်မှုအား တားမြစ်ရန် ပျက်ကွက်ခြင်း၊ ပုဒ်မ ၁၊ ပုဒ်မ ၄ နှင့် ပုဒ်မ ၆ တို့အရ လူမျိုးတုံးသတ်ဖြတ်မှုအား အပြစ်ပေးရန် ပျက်ကွက်ခြင်း၊ ပုဒ်မ ၅ အရ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သူများ (သို့မဟုတ်) ပုဒ်မ ၃ တွင် ပြဋ္ဌာန်းထားသော ပြစ်မှုများကို ကျူးလွန်သူများအား ထိရောက်သည့် ပြစ်ဒဏ်ချမှတ်နိုင်ရန် လိုအပ်သောပြဋ္ဌာန်းထားမှုမရှိခြင်းတို့ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲထားသည်ကို တွေ့ရသည်။

ဥပဒေရှုထောင့်အရကြည့်လျှင် ယခု OIC နိုင်ငံများကိုယ်စား ဂမ်ဘီယာနိုင်ငံက ICJ တွင် တရားစွဲဆိုထားသည့် အမှုမှာ ပြစ်မှုမြောက်၊ မမြောက်ဆိုသည်ကိုသာ နှစ်ဖက်လျှောက်လဲချက်များအပေါ် ကြားနာပြီး  ICJ တရားသူကြီးများက ဆင်ခြင်တုံတရားဖြင့် ဥပဒေများဖြင့် ဆုံးဖြတ်မည့်ကိစ္စသာဖြစ်သည်။ ၎င်း ICJ တရားရုံးမှာ တရားရုံးဟု ဆိုသော်ငြား အမှန်တွင် ပြစ်မှုကြောင်းအရ ပြစ်ဒဏ်ချမှတ်နိုင်သည့် ICC လို တရားရုံးအမျိုးအစား မဟုတ်ပေ။ အနီးစပ်ဆုံးအနေနှင့်ပြောရလျှင် စာရေးသူတို့နိုင်ငံတွင် ရှိသည့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး (Constitutional Tribunal) ၏ တရားစီရင်ရေးလုပ်ထုံးလုပ်နည်းများနှင့် တူသည်။ 

ထိုဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအနေနှင့် နိုင်ငံသားအားလုံးနှင့်ဌာနဆိုင်ရာအားလုံးက လိုက်နာကြရမည့် ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ကျော်လွန်လုပ်ဆောင်ခြင်း၊ ချိုးဖောက်ခြင်းများ ကိစ္စအပေါ် ခုံရုံးသို့တင်သွင်းလာမှုများရှိပါက တင်သွင်းလာသည့်အပေါ် နှစ်ဖက်စလုံးမှ နှုတ်ဖြင့်လျှောက်လဲချက်များကို ကြားနာပြီး ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ၈ ဦး ပေါင်း ၉ဦးပါ စုံညီခုံရုံးက အမိန့်ချမှတ်ကြရသည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး ပြီးခဲ့သည့် ၃၊ ၄ လက  အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုင်းဆိုင်ကျောက်ဆမ်ပါ ၂၅ ဦးက ပြည်ထောင်စုလွှတ်တော်တွင် “ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းလုပ်ဆောင်နေခြင်းသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း (၁၂) ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်း ရှိ၊ မရှိ သဘောထား ရယူပေးရန်” ဟု ဖော်ပြထားသော တင်သွင်းလွှာကို တင်သွင်းခဲ့ပြီး နှစ်ဖက်လျှောက်လဲချက်များကို ခုံရုံးကကြားနာခဲ့ပြီး ညီညွတ်ခြင်းရှိ၊မရှိ အဆုံးအဖြတ်ပေးခဲ့ရဖူးသည့် ဖြစ်စဉ်ရှိခဲ့ဖူးသည်။ ဆိုလိုသည်မှာ ယခု ICJ တွင် ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံတို့ နှစ်ဖက်လျှောက်လဲချက်တင်ပြီးပါက ခုံရုံးအနေနှင့် မြန်မာနိုင်ငံသည် ကမ္ဘာ့ ကုလသမဂ္ဂတွင် သဘောတူညီခဲ့ကြသည့် ပဋိညာဉ်နှင့် ငြိစွန်းခဲ့ခြင်းရှိ ၊ မရှိဆိုသည်ကိုသာ အဆုံးအဖြတ်ပေးရမည့် စုံညီခုံရုံးသဘောသာ ဖြစ်သည်ကို ဆိုလိုရင်းဖြစ်သည်။ 

ဂမ်ဘီယာဘက်က မြန်မာနိုင်ငံကို ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ တွင် တရားစွဲဆိုထားသည့်အမှုမှာ လူမျိုးတုံးသတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ခိုင်လုံသည့် သက်သေအထောက်အထားများ ရှိ၊ မရှိ ဆိုသည်ကို ၎င်းတို့ငှားရမ်းထားသည့် Foley Hoag အဖွဲ့က ရှေ့နေ ပေါရိုက်ခလာကို RFA က နိုဝင်ဘာလ ၂၁ ရက်နေ့တွင်  မေးမြန်းခဲ့ရာတွင် “ဒါနဲ့ပက်သက်ပြီး သက်သေအထောက်အထားတွေ အမြောက်အမြား ရှိနေပါတယ်။ အချက်အလက်ရှာဖွေရေးအဖွဲ့တွေ၊ ကုလအထူးကိုယ်စားလှယ်တွေ၊ လူ့အခွင့်အရေးအဖွဲ့တွေက ထုတ်ထားတဲ့ အစီရင်ခံစာတွေ အများကြီး ရှိပါတယ်။ ဂြိုဟ်တုက ရိုက်ထားတဲ့ဓာတ်ပုံတွေ အထောက်အထားတွေ အများကြီး ရှိပါတယ်။ 

ဒါ့အပြင် မြန်မာ့တပ်မတော်နဲ့ အစိုးရတာဝန်ရှိသူအချို့ရဲ့ ပြောဆိုချက် တော်တော်များများအရလည်း မြန်မာနိုင်ငံရဲ့ ရည်ရွယ်ချက်ဟာ ရိုဟင်ဂျာတွေကို လူမျိုးစုတစ်ခုလုံး ဒါမှမဟုတ် တစ်စိတ်တစ်ပိုင်းကို ဖျက်ဆီးပစ်ဖို့ ဖြစ်တဲ့အကြောင်း ထင်ရှားပါတယ်။ ဒီအထောက်အထားတွေဟာ အလွန်မှပဲ ခိုင်မာတဲ့အတွက် ဂမ်ဘီယာနိုင်ငံရဲ့ စွပ်စွဲချက် ကို ICJ တရားရုံးအနေနဲ့ လက်ခံလိမ့်မယ်လို့ ယုံကြည်ပါတယ်”ဟု ဆိုထားသည်။ ထိုအဖွဲ့သည် အမေရိကန်နိုင်ငံ၊ ဘော်စတွန်မြို့တွင် အခြေစိုက်ပြီး နိုင်ငံတကာဥပဒေအရ အချုပ်အခြာအာဏာပိုင်နိုင်ငံများအကြား အငြင်းပွားမှုများအတွက် အဓိကထားဆောင်ရွက်နေသည့် ဥပဒေ အကျိုးဆောင်လုပ်ငန်းတစ်ခုလည်းဖြစ်သည့်အပြင် ၎င်းအဖွဲ့ သည် ၂၀၁၂ ခုနှစ်က မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား ရေပိုင်နက် အငြင်းပွားသည့်အမှုတွင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ကိုယ်စားပြု လျှောက်လဲချက်ပေးခဲ့သည့် ကုမ္ပဏီဖြစ်သည်ကို တွေ့ရသည်။ 

ဂမ်ဘီယာနိုင်ငံသည် အစ္စလာမ္မစ်နိုင်ငံများအဖွဲ့ (OIC) ကိုယ်စား မြန်မာနိုင်ငံအား တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ဖြစ်ပွားခဲ့သည့် ပဋိပက္ခများမှာ ဂမ်ဘီယာနိုင်ငံအပေါ် တိုက်ရိုက်သက်ရောက်ခဲ့ခြင်းမရှိပေ၊ အစ္စလာမ် ဘာသာဝင်များအရေးနှင့် ပတ်သက်လျှင် ဂမ်ဘီယာနိုင်ငံသည် OIC အတွင်း တက်ကြွစွာပါဝင်ခဲ့ ပြီး  ရခိုင်အရေးကိစ္စကို ဖြေရှင်းရေးအတွက် OIC က ယမန်နှစ် မေလအတွင်း ဒါကာမြို့တွင် ကျင်းပခဲ့သည့် OIC နိုင်ငံခြားရေးဝန်ကြီးများကောင်စီ အစည်းအဝေးတွင် ဖွဲ့စည်းခဲ့သည့် ဝန်ကြီးအဆင့် ကော်မတီတစ်ရပ်ကို ဂမ်ဘီယာနိုင်ငံက ဦးဆောင်ခဲ့သည်။  ဂမ်ဘီယာနိုင်ငံသည် မြန်မာနိုင်ငံနှင့် ၁၃-၁-၂၀၁၁ ရက်နေ့တွင် သံတမန်ဆက်ဆံမှု တည်ထောင်ထားသည်မှအပ နှစ်နိုင်ငံဆက်သွယ်မှု မရှိသလောက် နည်းပါးသည့်နိုင်ငံဖြစ်သည်။

အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် သွားရောက်တရားရင်ဆိုင်မည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည့် လူထုလှုပ်ရှားမှုများကိုလည်း ယခုရက်ပိုင်းတွင် ခပ်စိပ်စိပ် ပြုလုပ်လာကြသည်ကို တွေ့ရသည်။ ၎င်းအပြင်နယ်သာလန် နိုင်ငံ၊ The Hague  မြို့ရှိ နိုင်ငံတကာတရားရုံး(ICJ)တွင် မြန်မာနိုင်ငံအခြေအနေများကို လာရောက်တင်ပြမည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ကြိုဆိုရန် နယ်သာလန်ရောက် မြန်မာများကလည်း လာရောက်ကြိုဆိုခဲ့ကြသည့်သတင်းများကို မြင်ရသည်။

သို့အတွက်အချုပ်အားဖြင့်တင်ပြရလျှင် ICJ တွင် တရားစွဲဆို ထားခြင်းသည်အစိုးရကိုလည်းမဟုတ်၊ တပ်မတော်ကိုလည်းမဟုတ်ဘဲ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးကို တရားစွဲဆိုခြင်းဖြစ်ရာ ကျွနု်ပ်တို့နိုင်ငံသားများအနေနှင့် မည်သည့်လူမျိုး၊ မည်သည့်ပါတီဝင်၊ မည်သည့်ဘာသာဝင်၊ မည်သည့်အဖွဲ့အစည်းပင်ဖြစ်စေ ယခုကိစ္စသည် တစ်မျိုးသားလုံး၏ အကျိုးစီးပွားနှင့် သက်ဆိုင်နေသည်ကို သတိချပ်ကြစေချင်ပါသည်။ ယခုအချိန်သည်နိုင်ငံသားအားလုံး  သွေးကွဲနေရမည့် အချိန်မဟုတ်သလို  ပုဂ္ဂလိကခံစားမှုများကို ရှေ့တန်းတင်ပြီး အချင်းချင်း မသင့်မမြတ်ဖြစ်ကာ ရန်စောင်နေရမည့် ကာလမဟုတ်တော့ပါ။ Facebook ပေါ်တက် Group တွေဖွဲ့ပြီး တပ်မတော်ဘက်က ဘာဖြစ်သည်၊ NLD ကဘာဖြစ်သည်၊ ကျန်တဲ့ပါတီများကမည်သို့ဖြစ်သည်ဆိုသည့် Hate Speech များ ရေးသားဖြန့်ဝေနေရမည့် အရေးမဟုတ်တော့ပါ။ တရားရင်ဆိုင်ရမည့် ဒီဇင်ဘာ ၁၀၊ ၁၁၊ ၁၂ရက်များတွင် တရားခွင်မှာ ဂမ်ဘီယာနိုင်ငံဘက်က လျှောက်လဲချက်များကို နားထောင်၊ ကြည့်ရှုပြီး ညစ်ညမ်းသည့် အသုံးအနှုန်းများ ရေးသားခြင်းများကို ရှောင်ရှားကြရမည်ဖြစ်သည်။ နောက်အရေး အကြီးဆုံးတစ်ချက်မှာ သတင်းတုများထုတ်လွှင့်ခြင်းများ ရှောင်ရှားကြရန်လည်း အထူးလိုအပ်ပါသည်။ 

ယခုအချိန်နိုင်ငံသားအားလုံး၊ ပြဿနာကိုဖြေရှင်းနေသည့် နိုင်ငံ့ခေါင်းဆောင်များအားလုံး တူညီစွာထားရှိရမည့် စိတ်ထားမှာ ယခု ICJ တွင် တရားရင်ဆိုင်ရမည့်ကိစ္စကို အရင်းပြု၍ တရားရင်ဆိုင်နေရသည့် ပြဿနာဟုမမြင်ဘဲ စိန်ခေါ်မှု (Challenge) ဟုမြင်ကာ ကမ္ဘာ့နိုင်ငံ အများစုက အမြင်စောင်းနေသည့် မိမိတို့နိုင်ငံ၏ ပုံရိပ်ကို တစ်ဖန်ပြန် လည်မြှင့်တင်နိုင်မည့်ပွဲ၊ အချက်အလက်စုံစုံလင်လင် (Oral & Document & Digital Evidence) များဖြင့် တင်ပြလျှောက်လဲချက်ပေးရတော့ မည့်ပွဲအဖြစ်အားလုံးက သဘောပိုက်ပြီးရရှိလာသည့် အခွင့်အလမ်းတစ်ရပ် လို့ရှုမြင်ပြီး မှန်ကန်စွာ အသုံးချကျော်လွှားကြမည်ဆိုလျှင် မိမိတို့နိုင်ငံအတွက် သားရွှေအိုးထမ်းကိန်းအဖြစ် အကျိုးအမြတ်များစွာရမည့်ပွဲအဖြစ် ရှုမြင်ကာ စုပေါင်းကျော်လွှားကြစေလိုပါကြောင်း စိတ်စေတနာကောင်းဖြင့် ရေးသားတင်ပြလိုက်ရပါသည်ဗျား။ 
 
 သန်းဖြိုးနိုင်


  • VIA