News

POST TYPE

OPINION

ဒီမိုကရေစီ အချိန်စီးပါစေ
11-Dec-2019


စာ‌ရေးသူတို့ ပတ်ဝန်းကျင်တွင် ပြောဆိုနေသည့် စကားပုံဆန်ဆန် စကားတစ်ခုရှိပါသည်။ အသက်ကြီးပေမယ့် အချိန်မစီးဘူးဆိုသည့် စကားပင်ဖြစ်ပါသည်။ လူပုဂ္ဂိုလ်တစ်ဦးသည် ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ အသက်အရွယ်နှင့် အသိပညာ၊ ဆင်ခြင်တုံတရား၊ တွေးခေါ်မြော်မြင်နိုင်စွမ်းတို့ ဟန်ချက်မညီသောအခါ ထိုစကားကို ပြောတတ်ကြပါသည်။ 

ပိုရှင်းအောင်ပြောရလျှင် အသက်အစိတ်တွင် ရှိရမည့် လူတစ်ဦး၏ အသိပညာမှာ ဆယ့်ငါးနှစ်သားအတွေးအခေါ်သာ ရှိနေသေးလျှင် ဆယ်စုနှစ် တစ်ခုခန့် အချိန်မစီးဟု ဆိုနိုင်ပေမည်။ သူ့အရွယ်နှင့် သူ့အသိမျှတစွာ ရှိနေလျှင် အချိန်စီးသည်ဟု ဆိုရမည်ဖြစ်သော်လည်း အရွယ်ထက် အသိက နောက်ကျနေလျှင် အချိန်မစီးသောသူဟု ဆိုနိုင်မည်ထင်ပါသည်။ 
ဤသို့ဆို၍ လူ့အဖွဲ့အစည်းတွင် မည်သည့်အသက်အရွယ်၌ မည်သို့သောအတွေးအခေါ် ရှိရမည်ဟု သတ်မှတ်ပြဋ္ဌာန်းထားခြင်း ရှိသည်တော့ မဟုတ်ပေ။ ထိုသို့ တစ်သမတ်တည်း သတ်မှတ်ကန့်သတ်ရန်လည်း ဖြစ်နိုင်မည် မဟုတ်ပေ။ ကိုယ်စီကိုယ်စီ ဖြတ်သန်းလာရသည့် မတူညီသော ဘဝနောက်ခံ အကြောင်းတရားအပေါ်မူတည်၍ ရင့်ကျက်မှု၊ ဆင်ခြင်တုံတရားနှင့် ကိုယ်ကျင့်တရားတို့မှာ တစ်ဦးနှင့်တစ်ဦး တန်းညှိရန် ခဲယဉ်းလှပေသည်။ 

အချို့က အသက်ကြီးသော်လည်း သူ့အသက်အရွယ်တွင် ရှိရမည့် အသိပညာမှာ မဖွံ့ဖြိုးလာသည့်အခြေအနေရှိနိုင်သလို အချို့ အသက်ငယ်သော်လည်း သူ၏လေ့လာဆည်းပူးမှု၊ ကြိုးစားအားထုတ်မှုကြောင့် အရွယ်ထက်ကျော်လွန်၍ အသိပညာရှိနေတတ်ပေသည်။ အသက်အရွယ်ထက် ပညာဆည်းပူးလိုက်စားမှုက လူကြီးနှင့်လူငယ်ကို ပိုင်းခြားသတ်မှတ်ရန် ခက်ခဲလှသည့် အခြေအနေတွင် အတွေ့အကြုံပိုင်း၌ လူကြီးက တစ်ပန်းသာ၍ ပညာဆည်းပူးနိုင်မှုအပိုင်းတွင် လူငယ်တို့လည်း ခေလှသည်တော့ မဟုတ်ပေ။

အသက်အရွယ်အပေါ် အချိန်မစီးရခြင်းသည် အတန်းပညာတတ်ခြင်း မတတ်ခြင်း၊ ဆင်ခြင်တုံတရား ရှိခြင်း မရှိခြင်းအပေါ်တွင်လည်း တစ်နည်းတစ်ဖုံ ဆက်စပ်နေသည်မှာ သေချာပါသည်။ သို့ရာတွင် အတန်းပညာတတ် တိုင်းပညာရှိအပြုအမူ၊ အပြောအဆို ဖြစ်နိုင်သည်တော့ မဟုတ်ပေ။ အတန်းပညာနှင့် ကိုယ်တွင်းအသိပညာ၊ ကျင့်ကြံသောအကျင့်တရားတို့မှာ အမြဲတမ်း အချိုးကျနေသည်တော့ မဟုတ်ပေ။ ထို့အတူ အတန်းပညာမတတ်သော်လည်း ပတ်ဝန်းကျင်၏ နှိုးဆော်မှု၊ ပတ်ဝန်းကျင်အပေါ် သတိမူတတ်မှုကြောင့် အတုမြင် အတတ်သင်ရာကနေ ယဉ်ကျေးသောအပြုအမူတို့ ကူးစက်လာသည်လည်း ရှိပါသည်။

စာရေးသူ တင်ပြလိုသည့် အဓိကအကြောင်းအရာမှာ အသက်အရွယ်အလိုက် အချိန်စီးခြင်း မစီးခြင်းကို ဆိုလိုခြင်းမဟုတ်ပါ။ စာရေးသူတို့၏ လက်ရှိမြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ခြေချရောက်ရှိလာသည်မှာ အစိုးရသက်တမ်းနှစ်ခုစာ ဆယ်စုနှစ်တစ်ခုခန့်သို့ ရောက်ရှိလာပေတော့မည်။ 

ဤအချိန်ကာလတွင် နိုင်ငံတွင်းနေထိုင်သည့် နိုင်ငံသားများမှာ ဒီမိုကရေစီအမူအကျင့်၊ အပြုအမူ၊ အတွေးအခေါ်များ ရင့်သန်လာကြသလားဟု မေးခွန်းထုတ်ချင်သည်။ ၈ နှစ်တာ ဒီမိုကရေစီဖြတ်သန်းမှုထဲတွင် လူထုက မည်ကဲ့သို့ မည်သည့်အတိုင်းအတာအထိ ပြောင်းလဲလာကြသနည်း။ သေချာစွာ သုတေသနပြုလုပ်ထားခြင်း မဟုတ်သော်လည်း ဆက်စပ်နေသည့် ပတ်ဝန်းကျင်များကို လေ့လာရသလောက် ပြောနိုင်သည်တစ်ခုက အစိုးရဆောင်ရွက်ချက်တိုင်းကို အပြစ်ပြော ဝေဖန်နေသူတွေ ယခင်ထက် လျော့နည်းလာသည့် တိုးတက်မှုကို သတိပြုမိပါသည်။ တစ်ဖက်ပိတ် ဝေဖန်မှုများထက် အကျိုးသင့် အကြောင်းသင့် သုံးသပ်ထောက်ပြမှုများကို တွေ့လာနေရပါသည်။

ဒီမိုကရေစီ ကူးပြောင်းစကာလမှာတုန်းကလို ထိခနဲရှိ မကောင်းပြော မယ်ဆိုသည့် ဝေဖန်ရေးသမားများ၏နေရာတွင် အကျိုးအကြောင်း ဆက်စပ်၍ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ကို တွေးခေါ်နှိုင်းဆ သုံးသပ်တတ်လာသူများလာပြီး အပြုသဘောဝေဖန်သူများ၊ ထောက်ပြသူများကို တစ်စထက်တစ်စ တွေ့လာနေရပါသည်။ ဤပြောင်းလဲမှုမှာ ကောင်းသောပြောင်းလဲမှုဟု ဝမ်းပန်းတသာ ဆီးကြိုရမည်လည်း ဖြစ်ပါသည်။ သို့ရာတွင် ဤအချက် တစ်ချက်တည်းကိုကြည့်၍ ဒီမိုကရေစီအချိန်စီးမှုသည် ထင်သလောက် ခရီးပေါက်နေပြီဟု ပြောရန်မှာလည်း စောလွန်းပါသည်။

စောလွန်းသည်ဟုဆိုရခြင်းမှာ အကြောင်းရှိပါသည်။ သာမန်လက်လုပ်လက်စား လူတန်းစားအစ ပညာတတ်လူတန်းစားအလယ် တိုင်းပြုပြည်ပြုလွှတ်တော်အဆုံး ဒီမိုကရေစီမဆန်သော အပြုအမူ၊ အပြောအဆိုများကို တွေ့မြင်နေရ၍ ဖြစ်ပါသည်။ 

တစ်လောက လွှတ်တော်ထဲတွင် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်၍ မတူညီသောရပ်တည်ချက်၊ မတူညီသောချဉ်းကပ်မှုမှတစ်ဆင့် မတူညီသော ဆွေးနွေးမှုများရှိသည်ကို လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိသော ဒီမိုကရေစီအယူအဆ ပေတံအောက်တွင် လက်ခံနိုင်သော်လည်း ဘက်တစ်ဖက်မှ ဘက်တစ်ဖက်သို့ မထိတထိပုတ်ခတ်ပြောဆိုတာ၊ ထိုးနှက်တိုက်ခိုက်တာ ယုတ်စွအဆုံး အကြီးအမှူးဖြစ်သူကို ရိုသေလေးစားမှုမရှိတော့ဘဲ ဆွေးနွေးချင်တာ ဆွေးနွေးမယ်ဆိုသည့် တွေးခေါ်ချက်များကိုကြည့်လျှင် မြန်မာ့ဒီမို ကရေစီ၏အရည်အသွေးကို အကဲခတ်နိုင်ပါသည်။ တိုင်းပြုပြည်ပြု အရေးကြီးနေရာတစ်ခုတွင်မှ ထိုသို့သောအမူအကျင့်၊ စဉ်းစားချက်များ ရှိနေလျှင် အခြားသောနေရာများတွင် ဆိုဖွယ်မရှိတော့ပေ။ ဒီမိုကရေစီအချိန်မစီး သည့်လက္ခဏာအချို့ကို တွင်တွင်တွေ့နေရသည်မှာ ဝမ်းနည်းဖွယ်ရာ ဖြစ်ပါသည်။

လူမှုကွန်ရက်တွင်လည်း ဖြစ်စဉ်ဖြစ်ရပ်တစ်ခုအပေါ် သဘောထား ကွဲလွဲရာမှ အမုန်းစကားများ ဖောဖောသီသီ ဖြစ်ပေါ်လျက်ရှိနေသည်ကို သတိထားမိကြမည် ထင်ပါသည်။ အရုပ်ဆိုး အကျည်းတန်လှသည်။ အမြင်သဘောထားမတူညီသည်ကို လက်ခံရမည်ဖြစ်သော်ငြားလည်း ယုတ်ညံ့သောစကားလုံးများကို အလွယ်တကူတွေ့နေရခြင်းမှာ နိုင်ငံ့အနာဂတ်အတွက် အပေါင်းလက္ခဏာမဆောင်ပေ။ ဒီမိုကရေစီခေတ်ရေစီးကြောင်း နှင့် မည်သည့်နည်းနှင့်မျှ မအပ်စပ်သလို ယဉ်ကျေးလှသော မြန်မာလူမျိုးတို့ သည် ဒီမိုကရေစီ၏ အနှစ်သာရအောက်မှာ ပိုမိုသိမ်မွေ့လာရမည့်အစား ရုန့်ရင်းကြမ်းတမ်းလာခြင်းမှာ စိုးရိမ်စရာကောင်းလှပါသည်။

မကြာသေးမီက ယောမင်းကြီးစကားဝိုင်း ထုတ်လွှင့်ချက်ကို လူမှုကွန်ရက်မှတစ်ဆင့် နားထောင်ရသည်။ ထိုစကားဝိုင်းတွင် ပင်တိုင်ဆွေးနွေးသူ ကိုမင်းဇင်ပြောခဲ့သည့်စကားကို အလေးအနက် စဉ်းစားမိသည်။ အစိုးရကို ပြည်သူစိတ်ပေါက်အောင် လုပ်ဖို့လိုသလို ပြည်သူကို အစိုးရစိတ်ပေါက် အောင် လုပ်ဖို့လိုသည်ဟူ၍ ဖြစ်ပါသည်။ ဤအတွေးအခေါ်မှာ နက်နက်ရှိုင်းရှိုင်း တွေးလျှင် သတိပြုရမည့် နောက်ခံအကြောင်းတရားများစွာ ရှိနေပေသည်။ နှစ်ဦးနှစ်ဖက် ပြောင်းလဲရမည့် အခင်းအကျင်းတစ်ရပ်ဆိုလျှင် မှားမည်မထင်။

ဒီမိုကရေစီ၏ အစကနဦးကိုပြန်ကောက်ရလျှင် ဒီမိုကရေစီထီးရိပ် ကို မရောက်မီကတည်းက စာရေးသူတို့သည် တိုးတက်မှုကို အလျင်အမြန် မြင်ရဖို့ ဆန္ဒစောနေခဲ့ကြသည်။ နိုင်ငံတိုးတက်ချင်သည်။ အလုပ်အကိုင် အဆင်ပြေချင်ကြသည်။ ဝင်ငွေကောင်းချင်သည်။ အခြေခံအဆောက်အဦးတွေ ကောင်းစေချင်သည်၊ ကျန်းမာရေးဝန်ဆောင်မှု ကောင်းစေချင်သည်၊ ပညာရေးစနစ် ကောင်းစေချင်သည် စသည်ဖြင့် အကောင်းဘက်ကိုပဲ တွေးထားခဲ့ကြသည်။ ဒီမိုကရေစီရပြီဆိုလျှင် မိမိတို့ လူနေမှုအဆင့်အတန်းများ ပါ လိုက်ပါပြောင်းလဲသွားမည်ဟု လှေနံဓားထစ် ယုံကြည်ခဲ့ကြသည်ဟု ဆိုရပေမည်။ ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုကိုသာ ဆန္ဒစောစွာ မျှော်လင့်ခဲ့ကြသော်လည်း စိတ်ပိုင်းဆိုင်ရာ ဖြည့်ဆည်းရမည့် တာဝန်၊ ဝတ္တရားများကိုမူ မေ့လျော့ နေခဲ့ကြဟန်တူပါသည်။

တိုးတက်မှုများ ဆောင်ကြဉ်းပေးလာမည်ဟု ဒီမိုကရေစီကို ယုံကြည် စိတ်ကြီးမားခဲ့သည်ကိုလည်း အပြစ်ဆိုစရာမဟုတ်ပေ။ ဆင်းရဲတွင်းထဲ ဆယ်စုနှစ်များစွာချီ၍ နေထိုင်ခဲ့ကြသူများအဖို့ ဒီမိုကရေစီနှင့်တိုးတက်မှု (Development) ကို မျက်စိထဲ တွဲမြင်စေသည့် နောက်ခံအကြောင်းတရားများ ရှိခဲ့သည်မှာ အရှိတရား ဖြစ်ပါသည်။ မည်သူမဆို ဆင်းရဲတွင်းမှ လွတ်မြောက်ချင်ကြသည်။ မလွတ်လပ်မှုမှ လွတ်လပ်မှုသို့ တောင့်တကြသည်မှာ သဘာဝဖြစ်ပါသည်။

ဒီမိုကရေစီကို အဓိပ္ပာယ်ဖော် နားလည်ဘာသာပြန်ဆိုရာတွင် တိုးတက်မှုကို မည်မျှထိ မျှော်လင့်ခဲ့ကြသနည်းဆိုလျှင် အလျဉ်းသင့်လို့ ၂၀၀၀ ဝန်းကျင်က အဖြစ်အပျက်တစ်ခုကို သတိရမိပါသည်။ 
စာရေးသူတို့ရွာမှာ အကြွေးထူသည့် မုဆိုးမတစ်ယောက် ရှိသည်။ သူက အိမ်တကာလှည့်ပတ်ပြီး ငွေချေးတတ်သည်။ တစ်ယောက်ဆီက ယူထားသည့်ငွေကို ချေးထားသူက လာတောင်းလျှင် အခြားတစ်အိမ်က ချေးပြီးဆပ်သည်။ သည်လိုနှင့် မုဆိုးမဖြစ်သည့် သူ့ခမျာ အကြွေးသံသရာထဲ လည်နေသည်။ သို့သော် သူက ကတိတည်သည်။ ထို့ကြောင့်လည်း ရွာကလူများမှာ မုဆိုးမဖြစ်နေတာရယ် ကတိတည်တာရယ်ကြောင့် သူပိုက်ဆံလာ ချေးရင် ရှောရှောရှူရှူချေးကြသည်။ ရွာမှာဆိုသည့်အခါ တစ်ယောက်မျက်နှာ တစ်ယောက်ထောက်ပြီး ကူညီသည့်သဘောလည်းဖြစ်သည်။ တစ်နေ့က သူ့ဆီကရရန်ရှိသော အကြွေးကို အတောင်းခံရသောအခါ သူပြောသည့် စကားကို နားထဲကြားယောင်မိပါသည်။ “ခဏခဏ လာမတောင်းကြနဲ့ဟေ့၊ ဒီမိုကရေစီရရင် အကြွေးတွေ အကုန်ရှင်းမှာ၊ ခုမရသေးလို့ ခဏတော့ သည်းခံပြီး စောင့်ကြပေါ့၊ မဟုတ်ဘူးလား” ဟူ၍ ဖြစ်ပါသည်။

ဒီမိုကရေစီကို ရပိုင်ခွင့်နှင့် ပြည့်စုံမှုများ ယူဆောင်လာမည်ဟု ယုံကြည်ခဲ့ကြသည်။ ဒီမိုကရေစီသည် မှော်အတတ်ပညာများဖြင့် ဥုံဖွမန်းပြီး တိုးတက်ပြောင်းလဲသွားမည်ဟု စိတ်ကူးယဉ်ခဲ့ကြသည်။ ဒီမိုကရေစီအဝန်းအဝိုင်းတွင် လိုက်နာရမည့်စည်းကမ်း၊ စောင့်ထိန်းရမည့်ဝတ္တရားများကိုမူ တွေးထားခဲ့ကြပုံမပေါ်ပေ။ ထိုသို့တွေးခေါ်တတ်အောင်လည်း တာဝန်ရှိသူများက ကြိုတင်ခင်းကျင်းပြသမှု၊ အသိပေးနှိုးဆော်မှုများမရှိခဲ့သလို ကာယကံရှင်များ ကိုယ်တိုင်ကလည်း လုံ့လထုတ်ခဲ့ကြသည်တော့ မဟုတ်ပေ။ အများပြော၍ လိုက်ပြောသည့်၊ အများယုံ၍ လိုက်ယုံခဲ့ကြသူများလားဟု သံသယဖြစ်စရာကောင်းပါသည်။ အဘယ်ကြောင့်ဆိုသော် ရပိုင်ခွင့်တစ်ခုတည်းကိုသာ မြင်နေကြပြီး ထမ်းဆောင်ရမည့်တာဝန်များကို မေ့လျော့နေသည်ကို တွေ့မြင်နေရ၍ ဖြစ်ပါသည်။

နေထိုင်သည့်မြို့ မသန့်မရှင်း ညစ်ပတ်လိုက်တာဟု အာပေါင်အာ ရင်းသန်သန်ပြောနေသူက ချောမွေ့သန့်ရှင်းနေသည့် လမ်းမကြီးပေါ် ကွမ်းတံတွေး ထွေးလိုကထွေး၊ စည်းမဲ့ကမ်းမဲ့ အမှိုက်ပစ်လိုကပစ်နှင့် အပြောနှင့်အလုပ် မကိုက်ညီသည်များလည်း တွေ့နေရပေသည်။ စိတ်ကူးထဲက သန့်ရှင်းသာယာသည့် မြို့တော်မှာ နေထိုင်လိုလျှင် လက်တွေ့အားဖြင့်လည်း မိမိဆောင်ရွက်လိုက်သည့် အပြုအမူများသည် စည်းကမ်းရှိဖို့ လိုအပ်သည်ဟု ယူဆမိပါသည်။

မည်သူမှ ပြောဆိုတိုက်တွန်းစရာမလိုဘဲ မိမိ၏ ကိုယ်တွင်းအသိစိတ်ဖြင့် လိုက်နာ၍ ဆောင်ရွက်ခြင်းမှာ စည်းကမ်းပြည့်ဝသော လူ့အဖွဲ့အစည်း ဖြစ်ထွန်းလာစေရေးအတွက် အဖိုးတန်လှပါသည်။ ဒီမိုကရက်တစ် လူမှုပတ်ဝန်းကျင်အတွက် ကိုယ်ပိုင်အသိစိတ်ဓာတ်ဖြင့် ယဉ်ကျေးစွာ၊ စည်းကမ်း ရှိစွာနေထိုင်ပြီး ဘေးပတ်ဝန်းကျင်လူများအတွက် စိတ်အနှောင့်အယှက် မဖြစ်စေရန်မှာ အရေးတကြီးလိုအပ်သည့် လူမှုတာဝန်သိမှုလည်း ဖြစ်ပေသည်။ မတူကွဲပြားမှုကို နားလည်လက်ခံတတ်သော လူ့အဖွဲ့အစည်းဖြစ်လာအောင် ဝိုင်းဝန်းတည်ဆောက်ကြရမည်သာ။ 

မြန်မာနိုင်ငံတွင် မတူကွဲပြားမှု များစွာကြောင့် မြစ်ဖျားခံ ဖြစ်တည်နေသည့် ပြဿနာများမှာလည်း ဒီမိုကရေစီသာ အမြစ်တွယ်ရှင်သန်ဖွံ့ဖြိုးလာလျှင် ပြေလည်လာနိုင်ပါသည်။
ဘာသာရေးကိုခေါင်းစဉ်တပ်ပြီး လိုအပ်သည်ထက် ပိုမို၍ အသံချဲ့စက်ဖွင့်ခြင်းအပါအဝင် အများနှင့်သဟဇာတဖြစ်အောင် နေထိုင်မှုမရှိခြင်း တို့မှာ ဆယ်နှစ်တာ ဒီမိုကရေစီဖြတ်သန်းမှုတွင် ပြုပြင်ပြောင်းလဲရမည့် အချက်များဖြစ်သည်ဟု ယူဆမိပါသည်။ စနစ်တစ်ခုမှတစ်ခုသို့သာ ပြောင်းလဲ လာသည့်တိုင် ထိုစနစ်အောက်ရှင်သန်နေထိုင်သူများမှာ စိတ်ပိုင်းဆိုင်ရာ၊ စည်းကမ်းပိုင်း၊ တာဝန်သိမှု၊ တာဝန်ခံမှုပိုင်းဆိုင်ရာတွင် ယခင်ကအတိုင်း ဒုံရင်းမှာဒုံရင်းဆိုလျှင် အချိန်မစီးသောလူနှင့် ဘာမှခြားနားမည် မဟုတ်ပေ။
 
သားညိုထွေး



  • VIA