News

POST TYPE

OPINION

မြန်မာတွေ ရင်ဆိုင်နေရသည့် အမှုကိစ္စ (Daily, Vol-7/No-209)
11-Dec-2019
နိုင်ငံတကာတရားရုံး (အိုင်စီဂျေ-ICJ) တွင် အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက် ရေးအဖွဲ့ (OIC) နိုင်ငံများကိုယ်စား ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုထားမှုအား ရင်ဆိုင်ရန် နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့သို့ မြန်မာနိုင်ငံ၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိနေသည့် သတင်းကို နိုင်ငံတကာသတင်းမီဒီယာများ၏ စာမျက်နှာများ အားလုံးနီးပါးတွင် တွေ့မြင်ရသည်။ 

မြန်မာ့ဒီမိုကရေစီသမိုင်းကြောင်း၏ အထင်ကရပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အတွက် နောက်ထပ်သမိုင်းမှတ်တိုင်တစ်ခုကို စိုက်ထူလိုက် ခြင်းလည်းဖြစ်သည်။ သည်ဟိဂ်သို့ ကိုယ်တိုင်သွားရောက်ကာ နိုင်ငံတော်၏အကျိုးစီးပွားကို ကာကွယ်မည်ဟု ဆိုလိုက်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို အားလုံးက အံ့အားသင့်ခဲ့ကြသည်။ 

NLD ၏ ကိုထောက်ခံသူများရော၊ NLD ၏ ပြိုင်ဘက်နိုင်ငံရေးအင်အားစုများရော၊ အမျိုးသားရေးအင်အားစုဆိုသူများပါ အံ့အားသင့်သွားကြသည်။ ဝေဖန်ရေးဆရာအချို့ကဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်သည် သူမကိုဆန့်ကျင်သည့်၊ သူမကိုမလိုလားသည့် နိုင်ငံရေးပြိုင်ဘက်ကြီးတွေကို အကာအကွယ်ပေးနေရသည့် အခြေအနေထဲသို့ရောက်ရှိနေသည်ဟုပင် ဆိုကြပါသည်။ 

နိုင်ငံတကာသတင်းမီဒီယာအချို့ကမူ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်တစ်ဦး နောက်ဆုံးတွင် သည်ဟိဂ်သို့ရောက်ရရှာသည်ဟု သရော်သည့်သဘောမျိုးဖြင့် ရေးသားကြပေသည်။ အချို့သော နိုင်ငံတကာသတင်းမီဒီယာများ၏ အရေးအသားဆိုလျှင် မြန်မာကို ဂျီနိုဆိုက်နှင့်တွဲမြင်မိရန် ပုံဖော်နေသကဲ့သို့ရှိပေသည်။ 

အိုင်စီဂျေတွင် တရားလိုမှာ OIC ကိုယ်စားပြု ဂမ်ဘီယာနိုင်ငံဖြစ်ပြီး တရားစွဲဆိုခံရသူမှာ မြန်မာနိုင်ငံဖြစ်သည်။ လူတစ်ဦးတစ်ယောက်ကို စွဲဆိုခြင်းမျိုးမဟုတ်ဘဲ နိုင်ငံကိုစွဲဆိုခြင်းဖြစ်ရာ နိုင်ငံသားအားလုံးနှင့်ဆိုင်သော အမှုဖြစ်ပါသည်။ ဤအမှုကြောင့် မြန်မာတွေ ညီညီညွတ်ညွတ်ဖြစ်လာမည်ဆိုလျှင် အတော့်ကိုနေရာကျပေမည်။ 

တကယ်တော့ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုအနေနှင့် ယခုလိုနိုင်ငံတကာတရားရုံးတွင် တရားစွဲဆိုခံရသည်အထိဖြစ်စေခဲ့သော အကြောင်းအရင်းများကို ပြန်လည်ဆန်းစစ်ကြည့်မည်ဆိုလျှင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်အကျပ်ဆိုက်ရန် ရည်ရွယ်ချက်ရှိရှိမွှေးခဲ့သည့် လူမျိုးရေးနှင့် ဘာသာရေးအဓိကရုဏ်းဆိုသော မီးစကအခရာဖြစ်သည်ဟု ယေဘုယျဆိုနိုင်ပေသည်။ 

ယင်းမီးက ဂျီနိုဆိုက်ဆိုသော လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်သည့် နိုင်ငံအဖြစ် အိုင်စီဂျေတွင် တရားစွဲဆိုခံရသည်အထိဖြစ်လာသည်မှာ ဝမ်းနည်းစရာပင်။ 

ပြည်ပမီဒီယာများနှင့်တွေ့ဆုံခန်း (အင်တာဗျူး) များတွင် ဖြေကြားချက်အရ မြန်မာနိုင်ငံ၌ ဂျီနိုဆိုက်ရှိသည်ဆိုသောကိစ္စကို ဒေါ်အောင်ဆန်းစုကြည်က အယုံအကြည်မရှိပေ။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနှင့် ရခိုင်ပြည်နယ်အရေးကိစ္စအပေါ် နားလည်မှုလွဲမှားနေခြင်း သို့မဟုတ် ပကတိတရားများကို အလေးစိုက်နိုင်မှုမရှိခြင်းတို့သာဖြစ်သည်ဟူသော သဘောမျိုးပြောဆိုထားပါသည်။ 

မည်သို့ပင်ဖြစ်စေ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော ဒီမိုကရေစီအစိုးရအနေနှင့် အိုင်စီဂျေအမှုနှင့်အတူ နိုင်ငံတကာ၏ ဖိအားပေးမှုများနှင့် ရင်ဆိုင်လာရမည်ဖြစ်ရာ ရခိုင်ပြည်နယ်တစ်ခုတည်းသာမဟုတ်ဘဲ မြန်မာတစ်ပြည်လုံးတွင် လူ့အခွင့်အရေးအခြေအနေများ ပိုမိုတိုးတက်ကောင်းမွန်အောင်ဆောင်ရွက်ပြရမည်ဖြစ်သလို ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကိုလည်း အရှိန်မြှင့်တင်ပြရမည် ဖြစ်ပေသည်။ 

ဒီဇင်ဘာလ ၁၀ ရက်နေ့ အိုင်စီဂျေကြားနာစစ်ဆေးမှုကို မီဒီယာအချို့က တိုက်ရိုက်ထုတ်လွှင့်ပြပြီး နောက်ခံမြန်မာဘာသာဖြင့် ဘာသာပြန်ဆိုပေးရာ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံသူနှင့် ဆန့်ကျင်သူများအပါအဝင် မြန်မာပြည်သူအားလုံးကြည့်ရှုခွင့်ရကြပါသည်။ ဒေါ်အောင်ဆန်းစုကြည် အောင်မြင်စေရန် ဆုမွန်ကောင်းများ တောင်းကြသည်။ အချိန်ကာလကြာမြင့်ဖွယ်ရှိသည့် အိုင်စီဂျေအမှုတွင် မြန်မာနိုင်မည်၊ ရှုံးမည်ကို ပြောရန်ခက်မည်ဖြစ်သည်။ သို့သော်ယင်းအမှုကိုအကြောင်းပြု၍ နိုင်ငံရေးတွင် အရေးပါသည့် အင်အားစုများ တစုတစည်းတည်းဖြစ်ရန် ကြိုးပမ်းရမည်ဖြစ်ကြောင်း ဖော်ပြလိုရင်းဖြစ်ပါသည်။ 

အယ်ဒီတာ  (၁၀ - ၁၂ - ၂၀၁၉ )