News

POST TYPE

OPINION

ခေါင်းဆောင်ကောင်း နှင့် နူတ်မှုစွမ်းရည်
10-Dec-2019


စကားဆိုသောအရာကို လူတိုင်းပြောတတ်ကြပါသည်။ သို့သော် မိမိပြောဆိုလိုက်သည့်စကားကို တစ်ပါးသူလက်ခံလာစေရန်၊ ယုံကြည်လာစေရန်၊ နှစ်သက်သဘောကျလာစေရန် ပြောတတ်ဖို့လိုအပ်ပါသည်။ ဤသည်မှာ စကားပြောဆိုတတ်ခြင်း၏ နည်းပညာတစ်ခုပင်ဖြစ်သည်။ တစ်နည်းဆိုရလျှင် စကားပြောစွမ်းရည်၊ နှုတ်မှုစွမ်းရည်လည်း ဖြစ်သည်။ အထူးသဖြင့် လူအများရှေ့တွင် စကားပြောဆိုကြရသည့် လူတိုင်းနှုတ်မှုစွမ်းရည်ရှိဖို့လို ပါသည်။ သို့မှသာ လူအများက မိမိ၏ပြော စကားကို နှစ်သက်သဘောကျပြီး လက်ခံမည်ဖြစ်သည်။ နှုတ်မှုစွမ်းရည် မရှိဘဲ လူအများကိုစကားပြောရန် မလွယ်ကူပါ။ ထို့ပြင် အစိုးရအကြီးအကဲ ခေါင်းဆောင်များသည်လည်း နှုတ်မှုစွမ်းရည်ရှိရန်လိုပါသည်။ အကြောင်းမှာ အစိုးရခေါင်းဆောင်များ အချိန်မရွေး လူထုနှင့် တွေ့ဆုံစကားပြောဆိုနေရသောကြောင့် ဖြစ်သည်။ နှုတ်မှုစွမ်းရည်ရှိမှသာ ပြည်သူ၏ယုံကြည်မှု၊ လေးစားမှု၊ အားကိုးမှုကိုရနိုင်မည်ဖြစ်သည်။ ဤတွင် နှုတ်မှုစွမ်းရည်မှာ မမှန်မကန်စကားပြောခြင်း မဟုတ်ပါ။ မိမိပြုလုပ်ပေးနိုင်သလောက်ကို ပြော၍ပြောသလောက်ကို ပြုလုပ်ပေးနိုင်သော ကတိသစ္စာစကားမျိုးဖြစ်သည်။

နှုတ်မှုစွမ်းရည်မှာ စကား၏အတိမ်အနက်၊ အလေးအပေါ့ကို သတိထား၍ သိမ်မွေ့စွာ ချင့်ချိန်ပြောဆိုနိုင်စွမ်းဖြစ်သည်။ ထို့အပြင် စကား၏ ထူးကဲသော နည်းပရိယာယ်အသွယ်သွယ်နှင့် အကွေ့အကောက်များကို ဉာဏ်နှင့် ဆင်ခြင်၍ လိမ္မာပါးနပ်စွာ ပြောဆိုတတ်ခြင်းလည်း ဖြစ်သည်။ ထိုသို့သော အရည်အချင်းမျိုးကို အကြီးအကဲခေါင်းဆောင်များ၌ ရှိစေလိုသည်။ အချို့ သောကိစ္စများသည် လက်နက်ကိုအားကိုး၍ ဖြေရှင်းရခြင်းမျိုး မဟုတ်ပါ။ စကားချင်း ယှဉ်ပြိုင်စစ်ထိုး၍ ဖြေရှင်းရသည့်ကိစ္စမျိုးများ ရှိတတ်သည်။ ထိုသို့သော ကိစ္စမျိုးများတွင် လိမ္မာပါးနပ်စွာပြောဆိုတတ်မှသာ ပြေလည် နိုင်မည်ဖြစ်သည်။ အထူးသဖြင့် တရားခွင်များပင်ဖြစ်သည်။ တရားခွင်သည် နှုတ်မှုစွမ်းရည်ကိုအားကိုး၍ ချေပပြောဆိုလျှောက်လဲရခြင်းမျိုးဖြစ်သည်။

ယခုဆိုလျှင် စာရေးသူတို့နိုင်ငံအတွက် အရေးကြီးသော တရားခွင်ကြီးတစ်ခု ရင်ဆိုင်ရမည်ဖြစ်သည်။ ထိုတရားခွင်မှာ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၌ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုထားခြင်း ဖြစ်သည်။ လူပုဂ္ဂိုလ်တစ်ဦးကို စွဲဆိုခြင်းမဟုတ်ဘဲ နိုင်ငံကိုစွဲဆိုခြင်းဖြစ်သောကြောင့် အဓိကဖြေရှင်းရန်မှာ အစိုးရခေါင်းဆောင်များတွင် တာဝန်ရှိလေသည်။ သို့ဖြစ်၍လည်း စာရေးသူတို့၏ နိုင်ငံခေါင်းဆောင်တစ်ဦးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်သွားရောက်ဖြေရှင်းမည်ဖြစ်သည်။ ထိုတရားခွင်သည် နိုင်ငံခေါင်းဆောင်၏ နှုတ်မှုစွမ်းရည်ကို အပြည့်အဝ သိရှိရမည်ဖြစ်သည်။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးက စိတ်ဝင်စားနေမည့် တရားခွင်လည်းဖြစ်သည်။ ကာယကံရှင်ဖြစ်သည့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများက ပို၍ပင်စိတ်ဝင်စားလျက်ရှိနေသည်။ စာရေးသူ၏ ပုဂ္ဂလိကခံယူချက်အရဆိုရလျှင် ဒေါ်အောင်ဆန်းစုကြည်၏ နှုတ်မှုစွမ်းရည်ကို ယုံကြည်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် နှုတ်မှုစွမ်းရည်ပြည့်ဝသော ခေါင်းဆောင်တစ်ဦးဖြစ်ပြီး စကားပြောဆိုရာတွင်လည်း လိမ္မာပါးနပ်သူဖြစ်ကြောင်းကို အားလုံးသိကြသည်။ မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကိုကာကွယ်ရန်အတွက် လက်နက်အားကိုး၍မရသော နှုတ်မှုစွမ်းရည်တိုက်ပွဲတစ်ပွဲဖြစ်သည်ဟု ဆိုချင်ပါသည်။

ရှေးခေတ်က ဂရိနိုင်ငံတွင် နှုတ်မှုစွမ်းရည်ရှိမှသာ ပညာရှင်အဖြစ် သတ်မှတ်ကြသည်။ ခေါင်းဆောင်အဖြစ်မှတ်ယူကြသည်။ ထို့ပြင် ဂရိနိုင်ငံ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် လူမှုနယ်အသီးသီးတွင်လည်း နှုတ်မှုစွမ်းရည်ပြည့်ဝ၍ လိမ္မာပါးနပ်သူများသာ ဦးဆောင်ကြသည်။ မြန်မာဆိုရိုး စကားတွင် ‘နှုတ်ကောင်းလျှင်ပြည်စိုး’ ဟူသော ဆိုရိုးရှိသည်။ ထိုဆိုရိုးစကားအရ နှုတ်မှုစွမ်းရည်၏ အရေးပါသောအခန်းကဏ္ဍကို သိနိုင်သည်။ ထို့အပြင် ခေါင်းဆောင်ကောင်းတစ်ဦး၏ အရည်အချင်းတွင်လည်း နှုတ်မှုစွမ်းရည် ပြည့်ဝမှုကို ထည့်သွင်းနိုင်ပါသည်။ အုပ်ချုပ်ခံပြည်သူလူထု လက်ခံလိုက်နာအောင် စကားပြောဆိုတတ်ခြင်းသည် ခေါင်းဆောင်၏ အောင်မြင်မှုဟုလည်း ဆိုနိုင်သည်။

နှုတ်မှုစွမ်းရည်ကျွမ်းကျင်လိမ္မာမှုကြောင့် ကောင်းကျိုးရလဒ်များစွာ ရခဲ့သည့် သာဓကများရှိပါသည်။ နရသီဟပတေ့ (တရုတ်ပြေးမင်း) လက်ထက်တွင် မွန်ဂိုနှင့် စစ်ကြီးဖြစ်ကြသည်။ ထိုအခါ မြန်မာတို့ အရေးနိမ့်၍ နရသီဟပတေ့မင်း ပုဂံပြည်ကြီးကို ပစ်ပြေးခဲ့ရသည်။ ထို့နောက် ပြည်မြို့သို့ ရောက်ရှိခဲ့ပြီး စကားအရာ၌ ကျွမ်းကျင်သော အရှင်ဒိသာပါမောက္ခအား ငြိမ်းချမ်းရေးသံတမန်အဖြစ် စေလွှတ်ကာ ပြောကြားစေခဲ့သဖြင့် ငြိမ်းချမ်းရေးရခဲ့သည့် သာဓကဖြစ်ရပ်ရှိပါသည်။ အနီးကပ်ဆုံး သာဓကအနေနှင့် ပြရလျှင် ဗိုလ်ချုပ်အောင်ဆန်းသည်လည်း နှုတ်မှုစွမ်းရည်ပြည့်ဝသည့် ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်သည်။ မြန်မာပြည် လွတ်လပ်ရေးအပြည့်အဝရရှိရန်အတွက် စားပွဲခုံပေါ်တွင် နှုတ်မှုစွမ်းရည်ဖြင့် ဆွေးနွေးညှိနှိုင်းပြီး အရယူပေးခဲ့သည်။
အောင်ဆန်း-အက်တလီစာချုပ်ကို ချုပ်ဆိုနိုင်ရေးအတွက် ကြိုးစားခဲ့ရသည့် ဗိုလ်ချုပ်၏ အဓိကစွမ်းရည်မှာ နှုတ်မှုစွမ်းရည်ပင်ဖြစ်သည်။ ဗိုလ်ချုပ်သည် လန်ဒန်မြို့ကိုသွားရောက်ပြီး မြန်မာပြည်လွတ်လပ်ရေးအတွက် နှုတ်မှုစွမ်းရည်ကို အားကိုး၍ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

စကားအရာကျွမ်းကျင်လိမ္မာသူများသည် ‘သစ္စာ၊ ပီယ၊ ဓမ္မ၊ သုဘာသိတ’ ဟူသည့် စကားအရာ အင်္ဂါလေးတန်ကို ကျင့်သုံးတတ်ကြသည်။ ပြောဆိုရမည့်စကား၏ အတိုင်းအဆ၊ ပြောဆိုရမည့်ကာလ၊ ပြောဆိုရမည့်နေရာဒေသကို သေချာခွဲခြား၍ လိုက်နာကျင့်သုံးတတ်ကြသည်။

‘အပြောမတတ်လျှင် ဆဲသည်နှင့်တူသည်’ ဟူသော ဆိုရိုးစကား ရှိပါသည်။ စကားအပြောမတတ်လျှင် မိမိဖြစ်ချင်သောဆန္ဒနှင့် အောင်မြင်မှုကို ရယူနိုင်မည်မဟုတ်ပါ။ သို့ဖြစ်၍ စကားအရာတွင် ကျွမ်းကျင်လိမ္မာမှသာ အန္တရာယ်ကင်းဘေးရှင်းပြီး လိုလားသောအောင်မြင်မှုဆန္ဒများ ပြည့်ဝကာ အကျိုးတိုးပွားစေမည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ အလုံးစုံသော ဖွံ့ဖြိုးတိုးတက်မှုများသည် ထိုနိုင်ငံရှိခေါင်းဆောင်များ၏ အရည်အချင်းပေါ်တွင် မှီခိုလျက်ရှိသည်။ အချို့သောကိစ္စရပ်များကို လက်ရုံးရည်နှင့် ဖြေရှင်း၍မရပါ။ နှလုံးရည်ဖြင့်ဖြေရှင်းရပါသည်။ 

ထိုနှလုံးရည်တွင် နှုတ်မှုစွမ်းရည်သည် တစ်ခုအပါအဝင်ဖြစ်လေသည်။ ထို့ကြောင့် နိုင်ငံ၏ခေါင်းဆောင်များသည်လည်း နှုတ်မှုစွမ်းရည်ပြည့်ဝရန် လိုအပ်လှပါသည်။ နှုတ်မှုစွမ်းရည်အားနည်း၍ လူထုရှေ့တွင် အဓိပ္ပာယ်မဲ့စကားများ ပြောဆိုခဲ့မိသောကြောင့် ပြန်တောင်းပန်ရသည့်ဖြစ်ရပ်များ၊ လှောင်ပြောင်စရာစကားများ ဖြစ်ခဲ့ရသည့်သာဓကများ ရှိလေသည်။ ထို့ကြောင့် နိုင်ငံ၏ခေါင်းဆောင်များအနေနှင့် စကားပြောအတတ်ပညာ၊ စကားပြောအရည်အချင်း၊ စကားပြောစွမ်းရည်များပြည့်ဝနေရန် လိုအပ်ပါသည်။ သို့ဖြစ်၍ ခေါင်းဆောင် ကောင်းတစ်ဦး၏ အရည်အချင်းဖြစ်သော နှုတ်မှုစွမ်းရည်ကို မြှင့်တင်လျက်နိုင်ငံ၏ ကောင်းကျိုးအထွေထွေကို သယ်ပိုးနိုင်ပါစေဟု ဆန္ဒပြုလျက်။ 

ရွှေလတ်ကိုကို(မဟာဝိဇ္ဇာ)



  • VIA