News

POST TYPE

OPINION

အားနည်းလာနေသည့် လက်ရုးံတစ်ဖက်
10-Dec-2019


ဒီမိုကရေစီတူဒေး သတင်းစာအား ထုတ်ဝေရာတွင် အရှုံးများစွာဖြင့် ထုတ်လုပ်နေရသောကြောင့် သတင်းစာထုတ်ဝေမှုကို နိုဝင်ဘာလ ၁ ရက်မှစတင်၍ ယာယီရပ်နားခဲ့ကြောင်း၊ နိုဝင်ဘာလ ၃၀ ရက်တွင် သတင်းစာတိုက်ဝန်ထမ်းအားလုံးကို အစည်းအဝေးခေါ်ယူပြီး သတင်းစာတိုက်အား ဒီဇင်ဘာလ ၁ ရက်မှ စတင်ကာ အကန့်အသတ်မရှိ ရပ်နားလိုက်ပြီဖြစ်ကြောင်း ဒီမိုကရေစီ သတင်းစာတွင် ဒီဇင်ဘာလ ၂ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်ကို ဖတ်ရသည်။ သတင်းဖတ်မိချိန်တွင် စဉ်းစားမိသည်မှာ သတင်းစာတစ်စောင်ရပ်နားသည်ဆိုသည်ထက် ပုဂ္ဂလိကသတင်းစာများ၏ ရပ်တည်နေရမှု အခြေအနေပင်ဖြစ်သည်။ စိတ်ထဲတွင်ခံစားရသည်က ဒီမိုကရေစီလက်ရုံးတစ်ဖက် အားနည်းလာပြီဟုဆိုရနိုင်သည်။

၂၀၁၃ ခုနှစ်မှစတင်၍ ပုဂ္ဂလိကသတင်းစာများကို ထုတ်ဝေခွင့်ပြုခဲ့ရာ ယင်းအချိန်က ပုံနှိပ်မီဒီယာများအတွက် မျှော်လင့်ချက်များအား ကောင်းခဲ့သည်။ သို့သော်လည်း လက်ရှိတွင် ပုဂ္ဂလိကသတင်းစာများတွင် 7 Day Daily ၊ The Daily Eleven ၊ The Voice Daily ၊ စံတော်ချိန် နှင့် မြန်မာတိုင်းမ်နေ့စဉ်တို့သာ ကျန်ရှိတော့သည်။ နိုင်ငံပိုင်သတင်းစာများဖြစ်သော မြန်မာ့အလင်း၊ ကြေးမုံ၊ မြဝတီနှင့် The Global New Light of Myanmar တို့အပါအဝင် ၅၄ သန်းကျော်သော ပြည်သူတို့အတွက် ပုံနှိပ်သတင်းစာ ၉ မျိုးသာ ကျန်ရှိပါသည်။ ပြည်သူနှင့် သတင်းစာအချိုးမှာ မည်သို့မှမမျှ။ 

သတင်းမီဒီယာဥပဒေ၏ ရည်ရွယ်ချက်တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ နိုင်ငံသားတိုင်း လွတ်လပ်စွာရေးသားထုတ်ဝေဖြန့်ချိခွင့်ရှိသည့် သတင်းမီဒီယာလုပ်ငန်းများ ဖြစ်ပေါ်စေရန်နှင့် သတင်းမီဒီယာလုပ်ငန်းသည် စတုတ္ထမဏ္ဍိုင်အဖြစ် ပီပြင်စွာရပ်တည် နိုင်ရန်တို့ပါဝင်သည်။ ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံရှိ မီဒီယာများသည် သတင်းပြန်ကြားပေးရန်သက်သက်အတွက် သာမကပဲ အသိပညာပေးခြင်း၊ စောင့်ကြည့်ထိန်းကျောင်းခြင်းဖြင့် ဒီမိုကရေစီစနစ်ကို ခိုင်မာအားကောင်းစေခြင်းများကိုလည်း ရရှိစေနိုင်ပါသည်။ သို့အတွက်လည်း နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်ကြီးသုံးရပ်ပြီးလျှင် မီဒီယာများကို စတုတ္ထမဏ္ဍိုင်ဟု ရည်ညွန်းရခြင်းဟု ဆိုရနိုင်သည်။ ယနေ့ အချိန်အခါတွင် မြန်မာနိုင်ငံရှိ စတုတ္ထမဏ္ဍိုင်၏အခြေအနေမှာ တဖြည်းဖြည်း လျော့ကျအားနည်းလာသည်ဟုပင် ဆိုနိုင်သည်။

ဒီမိုကရေစီထွန်းသစ်စနိုင်ငံတစ်နိုင်ငံတွင် စောင့်ကြည့်ထိန်းကျောင်းမည့် မီဒီယာများအားနည်းလာခြင်းသည် ဒီမိုကရေစီအနာဂတ်အတွက် ကောင်းမွန်သည့် အခြေအနေမဟုတ်သည်ကတော့ သေချာသည်။ အစိုးရမဏ္ဍိုင်အချင်းချင်း အပြန်အလှန်ထိန်းကျောင်းခြင်းများနည်းတူ အရပ်ဘက်အဖွဲ့အစည်းဖြစ်သည့် မီဒီယာသည်လည်း ပြည်သူများကိုယ်စား စောင့်ကြည့်ထိန်းကျောင်းခြင်း၊ ဝေဖန်ထောက်ပြခြင်းဖြင့် သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သည့်အုပ်ချုပ်ရေး၊ ဥပဒေစိုးမိုးရေးများ ရရှိလာနိုင်သည်။ နိုင်ငံပိုင်မီဒီယာများဆိုသည်မှာ အစိုးရ၏ ထိန်းချုပ်မှု သို့မဟုတ် ဩဇာလွှမ်းမိုးမှု ရှိကောင်းရှိနိုင်သော်လည်း ပုဂ္ဂလိကမီဒီယာများဆိုသည်မှာ လွတ်လပ်သည့်အရပ်ဘက်အဖွဲ့အစည်းတစ်ရပ်ဖြစ်သည့်အတွက် အစိုးရ၏ ဩဇာလွှမ်းမိုးမှုမှ အနည်းနှင့် အများ လွတ်ကင်းနိုင်သည်။ ယင်းမှာ ပုဂ္ဂလိကမီဒီယာများ၏ အားသာချက်ဟုလည်း ဆိုနိုင်ပါသည်။

ထိုပုဂ္ဂလိကမီဒီယာများအားနည်းလာပါက ပထမဆုံးနစ်နာမည့်သူမှာ ပြည်သူများသာဖြစ်ပါလိမ့်မည်။ အစိုးရနှင့်ပုဂ္ဂလိကမီဒီယာဆိုသည်မှာ ဝေဖန်သူနှင့် ဝေဖန်ခံရသူသဘောဖြစ်ရာ ကြိုက်သည်လည်း ရှိနိုင်သည်၊ မကြိုက်သည်လည်း ရှိနေနိုင်သည်။ ထိုသဘောထက် ပြောင်းလဲနေသည့်စနစ်တွင် မီဒီယာများ၏ စောင့်ကြည့် ထိန်းကျောင်းနိုင်မှုကြောင့် မတရားမှုများ၊ အဂတိမှုများ၊ ဥပဒေနှင့်မကိုက်ညီမှုများကို ဖော်ထုတ်ပေးနိုင်ခဲ့ရာ ထိုအကျိုးကျေးဇူးကို ပြည်သူများခံစားရရှိခဲ့သည်မှာ လက်တွေ့အခြေအနေပင် ဖြစ်သည်။ ယခုအခါ ပုဂ္ဂလိက မီဒီယာများမှတစ်ဆင့် အဂတိလိုက်စားမှုများကို ဖော်ထုတ်လာနိုင်ပါသည်။ ဥပဒေနှင့်မကိုက်ညီသော ဖြစ်စဉ်များကို ဖော်ထုတ်လာနိုင်ပါသည်။ သို့သော် အခြားတစ်ဖက်တွင်လည်း အချို့သောမီဒီယာများတွင် ပရော်ဖက်ရှင်နယ်အရည်အသွေးများ လိုအပ်နေသည်များ ရှိနေပါသည်။ မည်သို့ဆိုစေ နိုင်ငံ၏အသွင် ကူးပြောင်းမှုအတွက်ဖြစ်စေ၊ ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံအတွက်ဖြစ်စေ လွတ်လပ်သောမီဒီယာများမှာ မရှိမဖြစ်လိုအပ်သည့် အရပ်ဘက်ယန္တရား တစ်ရပ်အဖြစ် ကမ္ဘာ့ဒီမိုကရေစီနိုင်ငံများက လက်ခံထားကြသည်။

ထိုသို့သောအခြေအနေတွင် ပြည်သူများအတွက်၊ တရားမျှတမှုအတွက်၊ ပွင့်လင်းမြင်သာမှုအတွက် စောင့်ကြည့်ထိန်းကျောင်းမည့် မီဒီယာများ တဖြည်းဖြည်းလျော့ကျလာခြင်းမှာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုမှတစ်ဆင့် ဒီမိုကရေစီခိုင်မာအောင်တည်ဆောက်ရမည့် နိုင်ငံတစ်နိုင်ငံအတွက် ဒီမိုကရေစီထောက်တိုင်တစ်ခု အားနည်းလာနေခြင်းဟုဆိုနိုင်သည်။ 

ဒီမိုကရေစီစံနှုန်းများကို တိုင်းတာရာတွင် လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာရေးသားခွင့်၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်များလည်း ပါဝင်သည်။ ထိုအခွင့်အရေးများ အပြည့်အဝရရှိရန် လွတ်လပ်သော မီဒီယာများ အားကောင်းနေရန် လိုအပ်ပါသည်။ ကိုယ်ပိုင်ငွေရင်းငွေနှီးဖြင့် လည်ပတ်ကြရသည့် ပုဂ္ဂလိကမီဒီယာများသည် စီးပွားရေးလုပ်ငန်းတစ်ရပ်ဟု ဆိုနိုင်သော်လည်း ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံတွင် မီဒီယာခိုင်မာအားကောင်းမှု၊ ရေရှည်ရပ်တည်နိုင်မှုသည် နိုင်ငံအတွက်၊ ပြည်သူအတွက် အကျိုးပြုနေသည်မှာ အမှန်ပင်ဖြစ်သည်။ တစ်နည်းအားဖြင့် ဒီမိုကရေစီ နှင့် မီဒီယာသည် ခွဲခြား၍မရနိုင်သည့် အတွဲအစပ်ပင်ဖြစ်သည်။ 

ဤနေရာတွင် စတုတ္ထမဏ္ဍိုင်ဟုညွန်းဆိုရမည့် မီဒီယာတစ်ခုတွင် မှန်ကန်မြန်ဆန်မှု၊ ဘက်မလိုက်မှု၊ သတင်းအရည်အသွေး၊ ပြည်သူကို ဗဟိုပြုနိုင်မှု စသည့်အရည်အသွေးများ လိုအပ်ပါသည်။ ထို့အတူ ပုဂ္ဂလိက မီဒီယာများရေရှည်ရပ်တည်ရေးအတွက် ငွေကြေးအင်အားသည်လည်း အဓိကလိုအပ်ချက်တစ်ရပ်ဟု ဆိုနိုင်ပါသည်။ မကြာသေးမီကလည်း ပုဂ္ဂလိကမီဒီယာတစ်ခု ပြည်သူလူထုထံမှ အလှူငွေကောက်ခံမည့် သတင်းကို ဖတ်ရှုရသည်။ အလှူငွေရယူခြင်းအပေါ် လက်ခံ၏၊ လက်မခံ၏ ဆိုသည်ထက် ဖြစ်ပေါ်လာနိုင်ဖွယ် အကျိုးဆက်များကိုမူ ထည့်သွင်းစဉ်းစားလိုပါသည်။ မီဒီယာတစ်ခု၏ လွတ်လပ်မှု၊ အမှန်တရားရပ်တည် နိုင်မှုစသည့် စတုတ္ထမဏ္ဍိုင်တစ်ရပ်၏ စံနှုန်းပေတံများနှင့် တိုင်းတာပါက နောက်ဆက်တွဲအကျိုးဆက်ကို ခန့်မှန်းလိုခြင်းဖြစ်ပါသည်။ နိုင်ငံတော် ပိုင်မီဒီယာများအနေနှင့် နိုင်ငံတော်၏ဘဏ္ဍာငွေဖြင့် ရေရှည်ရပ်တည် နိုင်သော်လည်း ပုဂ္ဂလိကမီဒီယာတစ်ခု ရေရှည်ရပ်တည်နိုင်ရန်နှင့် လွတ်လပ်သည့် မီဒီယာတစ်ခုဖြစ်ရန် အနှောင်အဖွဲ့ သို့မဟုတ် အမှီအခို ကင်းသော ငွေကြေးအင်အားလိုအပ်သည်မှာ မျက်မြင်ပင်ဖြစ်သည်။

ဈေးကွက်စီးပွားရေးစနစ်တွင် နိုင်ငံတော်ကတိုးတက်စေလိုသည့် စီးပွားရေးကဏ္ဍများသို့ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ အားကောင်းလာရန်အတွက် ဥပဒေလျှော့ပေါ့ပေးခြင်း၊ အခွန်လျှော့ပေါ့ပေးခြင်း၊ အထူးခံစားခွင့်ပေးခြင်း၊ ရင်းနှီးငွေပံ့ပိုးကူညီခြင်း၊ လွတ်လပ်မျှတစွာ ယှဉ်ပြိုင်ခွင့်ပေးခြင်း၊ နည်းပညာပံ့ပိုးကူညီခြင်း စသည့်နိုင်ငံတော်မှ ကူညီပံ့ပိုးခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ ဖြိုးတိုးတက်လာနိုင်ပါသည်။ ထိုနည်းတူ ပုဂ္ဂလိကမီဒီယာများဆိုသည်မှာလည်း စီးပွားရေးလုပ်ငန်းတစ်ရပ်ဖြစ်ရာ ပုဂ္ဂလိကမီဒီယာကဏ္ဍ ရေရှည်ရပ်တည်နိုင်ရေး ထည့်သွင်းစဉ်းစားပေးရန် လိုအပ်မည်ဖြစ်သည်။ မြန်မာနိုင်ငံရှိ သတင်းစာနှင့်ဂျာနယ်များ ထုတ်ဝေမှု ရပ်ဆိုင်းကြရခြင်းသည် ဈေးကွက်၏ သဘောသဘာဝသာဖြစ်ကြောင်း အစိုးရတာဝန်ရှိသူတစ်ဦး၏ ပြောကြားမှုကို သတိရမိသည်။

မှန်ပါသည်။ ဈေးကွက်၏ သဘောသဘာဝအရဟုဆိုရာတွင် ထိုဈေးကွက်သည် မျှတစွာယှဉ်ပြိုင်နိုင်သည့်ဝန်းကျင်ဖြစ်ရန်လည်း လိုအပ်ပါသည်။ ထို့အပြင် ဈေးကွက်သဘောသဘာဝအရ ပုဂ္ဂလိကမီဒီယာများ လျော့ကျသွားခြင်း၊ ရပ်ဆိုင်းသွားခြင်းအား သာမန်စီးပွားရေးဈေးကွက်ရှုထောင့် တစ်ခုတည်းမှ တိုင်းတာမည် ဆိုပါက စတုတ္ထမဏ္ဍိုင်ဆိုသည့်အဓိပ္ပာယ်ကို မည်သို့ဆိုကြမည်နည်း။ စတုတ္ထမဏ္ဍိုင်အားကောင်းလာစေရန် နိုင်ငံတော်၏ ပံ့ပိုးကူညီမှုများလိုအပ်ပါလိမ့်မည်။ ထို့အတူ ပုံနှိပ်မီဒီယာများ၏ အရည်အသွေး၊ ကျင့်ဝတ်လိုက်နာမှု၊ ဘက်မလိုက်မှု စသည့်တို့သည်လည်း ဈေးကွက်ထိုးဖောက်နိုင်မှုအတွက် လိုအပ်ချက်များဟု ပြည်သူတစ်ဦးအနေနှင့် ယူဆမိပါသည်။ အချို့အချို့သော ပုံနှိပ်မီဒီယာများ၏ အထက်ပါလိုအပ်ချက် အချို့ကြောင့် စာဖတ်သူများ၏ ယုံကြည်မှုကျဆင်းလာခြင်းနှင့်အတူ ဈေးကွက်ကျဆင်းလာသည်ကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်လာပါသည်။
ယနေ့ချိန်ခါသည် ဒီမိုကရေစီခိုင်မာအားကောင်းရေးအတွက် အစိုးရမဏ္ဍိုင်များအားကောင်းရေး တည်ဆောက်ရန်လိုအပ်သကဲ့သို့ အရပ်ဘက်အဖွဲ့အစည်းများခိုင်မာအားကောင်းရေး၊ ပြည်သူလူထု၏ ပူးပေါင်းပါဝင်ခွင့်ရရှိရေးကိုလည်း အားပေးမြှင့်တင်ကြရမည်ဖြစ်သည်။ သို့မှလည်း ဒီမိုကရေစီအနှစ်သာရများ ပိုမိုပီပြင်လာနိုင်ပါလိမ့်မည်။ မီဒီယာများဆိုသည်မှာ နိုင်ငံရေးအတွက်အသုံးချရသည့် ယန္တရားသက်သက် မဟုတ်သည်ကတော့ သေချာသည်။ ပုဂ္ဂလိကမီဒီယာများကို စီးပွားရေးအမြင်ရှုထောင့်အပြင် နိုင်ငံတည်ဆောက်ရေးရှုထောင့်၊ ပြည်သူ့အကျိုးရှုထောင့်၊ အသွင်ကူးပြောင်းရေး ရှုထောင်များမှလည်း ရှုမြင်ပေး နိုင်ရန်လိုအပ်ပါလိမ့်မည်။ မီဒီယာနှင့်ဒီမိုကရေစီ၊ မီဒီယာနှင့်စောင့်ကြည့် ထိန်းကျောင်းမှု၊ မီဒီယာနှင့် ဥပဒေစိုးမိုးရေး၊ မီဒီယာနှင့် ရွေးကောက်ပွဲ၊ မီဒီယာနှင့်အသိပညာပေးမှု၊ သတင်းပြန်ကြားမှု၊ ပွင့်လင်းမြင်သာမှု၊ မီဒီယာနှင့် နိုင်ငံရေးအသိ ရေချိန်တို့ဆိုသည်မှာ စီးပွားရေးတစ်ခုတည်း ရှုထောင့်ဘောင်မှကျော်လွန်သည့် တန်ဖိုးများဖြစ်ပါသည်။

ဒီမိုကရေစီ တည်ဆောက်ဆဲနိုင်ငံတစ်နိုင်ငံအတွက် ထည့်သွင်းစဉ်းစားစေလိုသည့် အချက်တစ်ချက်ဟု ဆိုချင်ပါသည်။
 
 သိန်းထွန်း ( IR ) (၇ - ၁၂ -၂၀၁၉ )


  • VIA