News

POST TYPE

OPINION

သောနုတ္တရမုဆိုးကို ဖြတ်လမ်းမပြကြဖို့ လိုအပ်ပါတယ်
09-Dec-2019


ကျော်လွှား ဖြတ်သန်းခဲ့ရပါသော ခရီးကြမ်းများကို ပြန်လည် ကြည့်ရှုမိကြလျှင် ကျွန်တော်တို့တစ်တွေ၏ စိတ်နေစိတ်ထားများကို ပြန်လည်သုံးသပ်ပြီးသားပမာ ဖြစ်သွားပေမည်။ ခရီးကြမ်း တစ်လျှောက်၌ ကျွန်တော်တို့တစ်တွေ၏ စိတ်ဓာတ်ခိုင်မာမှုများနှင့် ရောင့်ရဲမှုများကိုလည်း တွေ့ရှိရပေမည်။ ကျွန်တော်တို့တစ်တွေ ရှာဖွေမိကြပါသော အကောင်းအဆိုးများကိုလည်း မြင်ကြရပေမည်။

အမိုက်ခံ၍ ဖြတ်သန်းခဲ့ရသည့် ဘဝခရီးလမ်းတိုင်းဆိုသည် ကြမ်းတမ်းမှုများဖြင့်သာ ပြည့်နှက်နေမည်ဖြစ်သည်။ နာကြည်းချက်များဖြင့် လျှောက်လမ်းခဲ့ရပါသော ဘဝခရီးကြမ်းများဟူသည် မေ့ပစ်ဖို့ရန် မလွယ်ကူလှသည့် အတိတ်သိုးများပင်ဖြစ်ပါသည်။ မေ့ဖျောက်ပစ်ကြဖို့ရန် မလွယ်ကူလှသည့် အတိတ်သိုးများထဲမှ ကျွန်တော်တို့တစ်တွေ ရရှိခဲ့ကြသော ဒဏ်ရာများမည်သည် သေရွာပါသွားမည့် အမှတ်အသားများသဖွယ်ပင်ဖြစ်သည်။ အတိတ်သိုးများထဲတွင် ရှာမှီးခဲ့ကြသည့် ကောင်းခြင်းဆိုးခြင်းများ၏ ရလဒ်များကို ပစ္စုပ္ပန်တည့်တည့်တွင်သာ အဓိကအားဖြင့် ခံစားကြရပေမည်။

ကျွန်တော်တို့တစ်တွေ ဖြတ်သန်းရှာဖွေရသော ဘဝ၏ရှင်သန်မှုများဟူသည် ကြမ်းတမ်းလှပါသည်။ ထို့အတူပင် ကျွန်တော်တို့တစ်တွေ လိုချင်ပါသော ရှာဖွေမှုမှန်သမျှသည်လည်း ကြမ်းတမ်းသည့် လမ်းများပေါ်တွင်သာ တည်ရှိလို့နေပေမည်။ ကျွန်တော်တို့တစ်တွေ ရင်းနှီးမြှုပ်နှံခဲ့ကြပါသော ချွေးသွေးတို့၏ ပေးဆပ်မှုစွမ်းအားဖြင့် ဘဝကို အကောင်းဆုံး တည်ဆောက်ကြရပေမည်။ ကျွန်တော်တို့တစ်တွေ ပေးဆပ်ထားသင့် သလောက်သာ ကျွန်တော်တို့တစ်တွေ ပြန်လည်မျှော်လင့် သင့်လှပေသည်။ပေးဆပ်ထားသည်ထက် ကျော်လွန်ရင်လည်း ပြန်လည်မျှော်လင့်ကြရန်ကား ခက်ခဲမှုတစ်ခုပင် ဖြစ်သည်။

ရင်းနှီးမြှုပ်နှံခဲ့ကြသော ဘဝခရီးလမ်းပေါ် ၌ ကျွန်တော်တို့တစ်တွေ အထူးသတိထားရမည်မှာ နောက်ကျောကနေ၍ ထိုးသွင်းကြမည့် ဓားပုန်းများပင်ဖြစ်သည်။ ကျွန်တော်တို့တစ်တွေ ယုံကြည်စိတ်ချရသည့် အားကိုးခံလူသားများဆီမှ မထင်မှတ်ပါဘဲ တန်ပြန်သက်ရောက်လာကြမည့် နောက်ကျောကို ထိုးသွင်းကြမည့် ဓားများကိုသာ ကြောက်ရပေမည်။ နောက်ကျောကို ထိုးသွင်းခံရသည့် ဓားချက်များကိုကား နုတ်ပစ်ရန် ခက်ခဲလှသလို၊ မြင်မိနိုင်ရန်လည်း ခက်ခဲနိုင်လှပေသည်။ ကျွန်တော် တို့တစ်တွေ အဓိကအားဖြင့် သတိထားရမည်ဖြစ်သည်။

အဖော်ဆိုသည်မှာ အဖော်ဆိုသည့်အတိုင်းပင် လျှို့ဝှက်များ၏ ဖော်ကောင်ပင် ဖြစ်တတ်ပါသည်။ ယုံကြည်ခြင်း၏ နောက်ကွယ်မှနေ၍ လှောင်ပြောင်သရော်နေကြမည့် ဖော်ကောင်များကို အထူးဂရုစိုက်သင့်ပေသည်။ ဖော်ကောင်များကို ထိုးသွင်းတတ်သော ဓားပုန်းကလည်း နောက်ကျောများကို ထိုးသွင်းတတ်ကြပေသည်။ နောက်ကျောကို ထိုးသွင်းကြမည့် ဓားများကို ရှောင်ရှားရန်မှာလည်း မလွယ်ကူလှပေ။ 

ထို့အပြင် ကျွန်တော်တို့တစ်တွေ၏ နောက်ကျောကို ထိုးသွင်းကြမည့်ဓားများထက် ပို၍ကြောက်ဖို့ကောင်းလှသည်မှာ ကျွန်တော်တို့၏ ရင်တွင်း၌ရှိသော အတ္တတည်းဟူသော တစ်ဖို့တည်းကြည့်တတ်သည့် စိတ်ဓာတ်များပင် ဖြစ်သည်။ ဟန်ဆောင်ခြင်းများကို အရင်းတည်၍ ရှေ့ဆောင်ပြတတ်ပါသော ရှာဖွေမှုတိုင်း၏ နောက်ကွယ်တွင် လျှို့ဝှက်စွာ ရှိတတ်သည့် အတ္တစိတ်များကိုလည်း သတိထားမိကြရန်ကား လွယ်ကူလှသည် မဟုတ်ပေ။ မိမိတို့၏ ဘဝတစ်ခုလုံးကို ကွယ်ကူစွာဖြိုချတတ်ပါသော မိမိတို့၏ ကိုယ်တွင်းအတ္တစိတ်များဟူသည် ရှာဖွေကြည့်ရှုရန် မလွယ်ကူသော်လည်းဘဲ အဆိပ်သင့်မှုပိုင်းတွင်မူ လျင်မြန်စွာ ပျံ့နှံ့၍ သွားတတ်ပါသည်။

အတိတ်သိုးများထဲမှ ပျံ့နှံ့လျင်မြန်စွာ အဆိပ်သင့်ရတတ်သည့် အတ္တများကို အခြေခံသော မကောင်းသည့်အာရုံများကိုကား ရှာဖွေမှု များ၏ လမ်းဘေးတိုင်းတွင် တွေ့ကြရပေမည်။ ရှာဖွေမှုများ၏ လမ်းမပေါ်တွင်လည်း နားနေမှုဇရပ်အတုများသဖွယ် ကြုံကြရပေမည်။ အစစ်ပေး၍ အစစ်မရရှိနိုင်သော လူနေမှုဆုတ်ကပ်ခေတ်ထဲတွင် အစစ်မပေးနိုင်သရွေ့ အစစ်နှင့်တွေ့ရန်ကား ပို၍ပင် ခက်ခဲခြင်းမျိုးများသာ ဖြစ်ပေသည်။ မျှော်လင့်ချက်များ၏ အစနှင့်နိဂုံးများဆိုသည်မှာလည်း အတ္တကို အဓိကအားဖြင့် ခြံရံထားတတ်ခြင်းပင်ဖြစ်ပေသည်။ ထိုကဲ့သို့ အတ္တကိုအခြေခံ၍ ခြံရံထားသော အဆောင်ယောင်များသည်လည်း အဆောင်အယောင် အတုများသာဖြစ်ပေမည်။

ကျွန်တော်တို့တစ်တွေ၏ ချစ်ခင်နိုင်စွမ်းနှင့် သည်းခံနိုင်စွမ်းများကိုလည်း ကျွန်တော်တို့တစ်တွေ၏ အတ္တစိတ်များက အဓိကဆုံးဖြတ်ပေးကြလိမ့်မည်။ ကျွန်တော်တို့၏ ကိုယ်တွင်း၌ရှိသော အတ္တစိတ် အနည်းအများတို့ကသာလျှင် ယုံကြည်မှုများကို မီးမောင်းထိုးပြပေလိမ့်မည်။ တစ်နည်းအားဖြင့် ဆိုရလျှင် ဟန်ဆောင်ရင်းနှီးမြှုပ်နှံမှုများဖြင့် ချစ်ခြင်းအစစ်ကို မရရှိနိုင်ပါပေ။ ဟန်ဆောင်ရင်းနှီးမြှုပ်နှံမှုများဖြင့် ယုံကြည်မှု အစစ်များကို မရရှိနိုင်ပါပေ။ အငြိုးအတေးများစွာနှင့် ဟန်ဆောင်ပေါင်း သင်းခံရသော ရှင်သန်မှုများဟူသည် ပူလောင်လွန်းလှပေသည်။ တန်ပြန်သက်ရောက်မှု၏ လျင်မြန်တုံ့ ပြန်စွမ်း အားကောင်းသော ယနေ့ခေတ်သစ်ထဲတွင် ဟန်ဆောင်မှုများဆိုသည် ကြာရှည်စွာဖုံးကွယ်လို့ မရနိုင်ပေ။ 

ယနေ့ခေတ်၏ ဟန်ဆောင်မှုကဏ္ဍများဆိုသည် စည်းဝါးကိုက်စွာ လိမ်ညာ၍ လက်ခုပ်တီးပေးတတ်ကြခြင်းများပင်ဖြစ်ပေသည်။ တစ်နည်း အားဖြင့် မသူတော်အချင်းချင်း သတင်းမွှေးအောင် ပြုလုပ်ကြ၍ ယုံကြည်မှုအတုများကို ဖန်တီးကြခြင်းများပင်ဖြစ်သည်။ မသမာစိတ်များနှင့် အထာနပ်သူများ၏ လုပ်ကွက်လုပ်ဇာတ်ထဲတွင် တစ်ဖက်တည်းဖြင့် တီးကြပါသော လက်ခုပ်သံများသည်ကား အသံကျယ်လောင်ဆုံးပင် ဖြစ်နေတတ်သည်။

တစ်နည်းအားဖြင့် အတွင်းလှိုက်စားနေကြသော အတ္တကြီးသူတို့၏ ဗျိုင်းနားဗေဒင်လိုမျိုးပင် ဖြစ်နေပေသည်။ အတွင်းလှိုက်စားခံနေရသော အိမ်ဟူသည်မှာလည်း အမြင်တင့်တယ်သလိုနှင့် ပျက်စီးခြင်းကို မြန်ဆန်စေလှပေသည်။ ယနေ့ ကျွန်တော်တို့တစ်တွေ အဓိကရင်ဆိုင်နေရသည်မှာ ဧည့်သည်နှင့် အိမ်ရှင် မကွဲပြားနိုင်သေးသော ခေတ်သစ်မီဒီယာထဲက သွေးထိုးရိုက်ချက်များပင် ဖြစ်သည်။ ခေတ်သစ်မီဒီယာထဲက သွေးထိုးမှုတိုင်း ဆိုသည်မှာ ကြမ်းတမ်းယုတ်ညံ့လွန်းလှပေသည်။ ‘တစ်လုတ်စားဖူး၊ သူ့ကျေးဇူး’ ဟူသည့် ကောင်းမွန်လှသော ဆိုရိုးစကားတို့၏ ခေတ်မမီနိုင်သလိုဖြစ် နေရသည်မှာလည်း ရင်နာစရာပင် ဖြစ်ရပါသည်။

တရားပျက်သူချင်း သတင်းမွှေးအောင် ကြံဆောင်နေသမျှ ကျွန်တော်တို့တစ်တွေ၏ ရှင်သန်ကြီးပြင်းရာဘဝဟူသည်မှာလည်း အတ္တထီးကြီးများက ဖုံးလွှမ်းလို့နေမည်ဖြစ်သည်။ တစ်နည်းအားဖြင့် ပြိုကျချိန်နီးကပ်နေသော အိမ်တစ်လုံးထဲတွင် ဝင်မထိုင်မိရန်ကား ကျွန်တော်တို့တစ်တွေ ကြိုးစားဆင်ခြင်ကြရပေမည်။

ခေတ်စနစ်အရ ကောက်ပင်တွေကိုင်းညွှတ်နေသည်တိုင်း ဗျိုင်းနားသွားသည် မဟုတ်ကြသလိုပင်၊ ကောက်ပင်တွေ ကိုင်းညွှတ်နေသည်တိုင်း အဆန်အောင်လွန်းသည်ဟု မဆိုသာလှပါပေ။
ဟန်ဆောင်အလှတရားများက လူရာပိုဝင်လာသော ယနေ့မျက်မှောက်ခေတ်၏ တည်ချက်များကို သတိထားမိကြဖို့ လိုပါသည်။ ဘဝတစ်ခုကို တည်ဆောက်ကြရန်အတွက် ဖြတ်သန်းခဲ့ကြသော ခရီးကြမ်းကိုလည်း သတိတရရှိကြဖို့ရန်နှင့် မေ့မပစ်ကြရန် အထူးလိုအပ်ပါသည်။ 

ခေတ်စနစ်၏ လိုအပ်ချက်များအရ ရိုက်ချက်လှပါသော စကားလုံး ဆန်းဆန်းများနှင့် ဆောင်ပုဒ်ကောင်းကောင်းများဖြင့် မဲဆွယ်တတ်ကြသည့် လူနေမှုဘဝများကိုကား သောနုတ္တရမုဆိုးကို လမ်းညွှန်စေခိုင်းမှု ပုံစံများပမာပင် ဖြစ်ပေသည်။

အထူးသတိထားဆင်ခြင်ရန်မှာ ကျွန်တော်တို့အားလုံးကလည်း အစွယ်ဖြတ်ဖို့ရန်သွားမည့် သောနုတ္တရလို မုဆိုးမျိုးကို ဖြတ်လမ်းများ မပြမိစေဖို့ရန်ကား အထူးပင်လိုအပ်ပါကြောင်း ကြိုက်လမ်းကောင်းကောင်း တွေ့ကြပါစေဟု ဆုတောင်းရင်းဖြင့် ရေးသားလိုက်ရပါသည်။
  
ခိုင်မြင့်ဝေ 



  • VIA