News

POST TYPE

OPINION

ရခိုင်အရေး.....တောင်တွေး.......မြောက်တွေး
09-Dec-2019


‘ကျွန်တော် စိတ်ညစ်တယ်၊ မိုးလင်းတာနဲ့ သတင်းတွေက တစ်ခုမှ မကောင်းဘူး။ ဒီသတင်းတွေပဲ ကြားနေရတယ်’
 
နိရဉ္စရာသတင်းဌာနမှ မိတ်ဆွေ ကိုခိုင်မြတ်ကျော်၏ ညည်းတွားစကားဖြစ်သည်။ ရခိုင်ပြည်နယ်သတင်းများကို ဦးစားပေးဖော်ပြနေသည့် သူ၏ နိရဉ္စရာသတင်းဌာနက ၂၀၁၀ ဝန်းကျင်ကတည်းက ပြည်ပမှာ အခြေစိုက် လုပ်ကိုင်ခဲ့သည်။ ၂၀၁၃ ကျတော့ သူလည်း အခြား Exiles များနည်းတူ ပြည်တွင်း ပြန်ရောက်လာသည်။ တစ်ချိန်တုန်းကတော့ ဒီမိုကရေစီရေး၊ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက်ဖြစ်၍ ပြည်ပအထောက်အပံ့တွေရခဲ့သည်။ ၂၀၁၂ ရခိုင်ပြည်နယ်၊ မသီတာထွေးအဓမ္မ ပြုကျင့်သတ်ဖြတ်ခံရမှုနောက်ပိုင်း ဖြစ်ပေါ်ခဲ့သည့် ရခိုင် - မွတ်စလင် အဓိကရုဏ်းကစလို့ အထောက်အပံ့တွေ ရပ်သွားခဲ့သည်။ ပြည်ပအလှူရှင်တွေက ရိုဟင်ဂျာအရေး ရှေ့တန်းတင်လာမှုကို ငြင်းဆန်ခဲ့သည့် အတွက်ဖြစ်သည်။ ပုံနှိပ်ဂျာနယ်အဖြစ် မနှစ်ကအထိ နိရဉ္စရာ ရပ်တည်နေသေးသည်။ နောက်တော့ ငွေကြေးအကျပ်အတည်းကြုံပြီး ရပ်လိုက်ရသည်။ မနှစ်တုန်းကတော့ သူ့ကို ကူညီမည့်သူတစ်ဦး ပေါ်လာပြီး နိရဉ္စရာကို အသက်ဆက်ခဲ့ရာ ယခုစစ်တွေမှာ ပြန်ပြီးအခြေစိုက်ထားပြီး အွန်လိုင်းမီဒီယာကို အဓိကလုပ်ဆောင်နေသည်။

အားလုံးသိကြသည့်အတိုင်း ရခိုင်ပြည်နယ်ပြဿနာက တစ်ခုပြီး တစ်ခုဆက်နေသည်။ ဘင်္ဂါလီပြဿနာတွေ ပြီးသွားတော့ မနှစ် (၂၀၁၈) ဒီဇင်ဘာလက စပြီး ‘AA’ ပြဿနာပေါ်လာသည်။ AA အဖွဲ့၏ တော်လှန်ရေးက ထင်မှတ်မထားဘဲ ကြီးထွားလာခဲ့ရာ ယခုတိုင် မပြီးဆုံးသေး။ ရခိုင်မြောက်ပိုင်း ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ မြောက်ဦးနယ်မြေတစ်ဝိုက် AA နှင့် အစိုးရတပ်များ၏ တိုက်ပွဲသတင်းများက ယခုနောက်ပိုင်း ပိုစိပ်လာသလို ရခိုင်ပြည်သူ အရပ်သား သေဆုံးမှု၊ မတရားဖမ်းဆီးခံရမှု၊ အစိုးရတပ်များ မိုင်းခွဲချုံခို တိုက်ခိုက်ခံရမှု၊ လူနေရပ်ကွက်ထဲ အမြောက်ကျည် ကျရောက်ပေါက်ကွဲသဖြင့် အပြစ်မဲ့ ကျောင်းသားငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ သေဆုံးမှု၊ တပ်မတော်စစ်ဆင်ရေးကြောင့် ကျေးရွာများကို စွန့်ခွာထွက်ပြေးပြီး စစ်ရှောင်စခန်းများသို့ ရောက်ရှိခိုလှုံနေကြရသူ အရေအတွက်က (၈၀၀၀၀) ကျော်အထိ ရောက်ရှိလာခဲ့ရာ တကယ့်အနိဋ္ဌာရုံတွေပဲ ဖြစ်သည်။ 

နေ့စဉ်ရက်ဆက် တိုက်ပွဲသတင်းတွေ၊ အရပ်သားသေဆုံးမှု၊ ဒဏ်ရာရရှိမှုသတင်းတွေကြောင့် သူစိတ်ညစ်မည် ဆိုလည်း ညစ်လောက်သည်။ ရခိုင်စစ်က ငြိမ်းဦးမည့် လက္ခဏာ မရှိသေး။ AA က ပြောက်ကျား စစ်နည်းဗျူဟာဖြင့် အစိုးရတပ်ကို နေရာအမျိုးမျိုးမှ အသွင်အမျိုးမျိုးယူပြီး တိုက်ခိုက်သည်။ မော်တော်ကားလမ်းတွေကို မိုင်းထောင်သည်။ ကုလားတန်မြစ်အတွင်း ဖြတ်သွားသည့် ကုန်သင်္ဘောကို ကမ်းပေါ်မှ လှမ်းပစ်သည်။ အမြန်ရေယာဉ်ကို စီးနင်းပြီး ခရီးသည်တွေကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားသည်။ တပ်မတော်က ရဟတ်ယာဉ်ဖြင့် လိုက်ပစ်သည်။ 

သိပ်မကြာသေးမီကတော့ ပလက်ဝဘက်မှာ လွှတ်တော်အမတ်တစ်ဦးကို ဖမ်းဆီးသွားရာ ယခုချိန်ထိ ပြန်လွတ်မလာသေး။ ပလက်ဝက ရခိုင်ပြည်နယ်ထဲမှာ မရှိ။ ရခိုင်မြောက်ပိုင်းနှင့် ထိစပ်နေသော ချင်းပြည်နယ်ထဲမှာ ရှိသည်။ လွန်ခဲ့သည့် သုံးနှစ်ကအထိ ပလက်ဝက အေးချမ်းသော ချင်းပြည်နယ် မြို့ကလေး ဖြစ်ခဲ့သော်လည်း AA အဖွဲ့တွေ ဝင်ရောက်လာပြီး နောက်ပိုင်းစစ်မြေပြင် ဖြစ်သွားသည်။ ချင်းရွာသားတွေရွာမှာ မနေရဲတော့ ထွက်ပြေးရသည်။ 

ပထဝီအနေအထားအရ ရခိုင်မြောက်ပိုင်းက တောတောင်လျှိုမြှောင် ထူထပ်သည်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည်။ AA တို့အတွက် လှုပ်ရှားရလွယ်ကူသည်ဟုဆိုရမည်။ အစိုးရတပ်တွေ အထိအခိုက် အကျအဆုံးများသည်။ အရာရှိတွေပင် ကျဆုံးသည့်အထဲမှာပါသည်။ AA ကို အမြစ်ပြတ်ချေမှုန်းမည်ဟု ကြုံးဝါးထားသော်လည်း ရခိုင်ပြည်နယ်မှာ ပစ်ခတ်သံတွေ၊ အမြောက်သံ၊ ဗုံးသံတွေ ဆက်တိုက်ကြားနေရတုန်း ဖြစ်သည်။ စစ်ဖြစ်လာလျှင် စစ်နှင့်အတူ အနိဋ္ဌာရုံတွေ ပါလာသည်။ လူတွေသေကြသည်။ ရွာတွေပျက်စီးသည်။ အထူးသဖြင့် စစ်နှင့် မည်သို့မျှ မသက်ဆိုင်သော ကလေးသူငယ်တွေ၊ အမျိုးသမီးကြီးတွေ၊ သက်ကြီးရွယ်အိုတွေ သေကျေဒဏ်ရာရကြသည်။ 

နေ့စဉ်နှင့်အမျှ ကြားရသော သတင်းစကားတွေက စိတ်မချမ်းသာ စရာတွေချည်း ...။

ထို့ကြောင့် ‘ကျွန်တော် စိတ်ညစ်တယ်’ ဟု ကိုခိုင်မြတ်ကျော် ညည်းတွား တာဖြစ်သည်။ စစ်ကို အဆုံးသတ်စေချင်လှပြီ။ စစ်ပွဲရှည်ကြာလာသည် နှင့် အမျှ ရခိုင်ပြည်သူတွေပဲ ဒုက္ခရောက်ကြရမည်။ စီးပွားရေး၊ လူမှုရေး ဒုက္ခမျိုးစုံကို ဒေသခံပြည်သူတွေ ခါးစည်းခံနေကြရသည်။ စစ်၏ အဖြေကို တစ်ဖက်က စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးမှု မရှိတာတော့မဟုတ်။ ရှိသည်။ မအောင်မြင်။ မပြီးပြတ်။ 

ဘာ့ကြောင့် ယခုအခြေအနေထိ ရောက်သွားရသလဲဟု သူ့ကို တစ်ခါတစ်ရံ မေးကြည့်ဖြစ်သည်။

“ပြဿနာတွေကတော့ အများကြီးပေါ့ဗျာ”၊ “ဒီမှာ ရခိုင်လူငယ်တွေအတွက် ထွက်ပေါက်မရှိတော့ဘူး။ အစိုးရတပ်တွေကို နာကြည်းကုန်တော့ AA ဘက် ရောက်သွားကြတယ်။ ဒေါက်တာအေးမောင်တို့ကို ဖမ်းထည့်ထားတာလည်း အစိုးရဘက်က စဉ်းစားဖို့လိုတယ်” သူပြောတာ တွေကတော့ အများကြီးဖြစ်သည်။ ပြီးခဲ့သည့် ၂ နှစ်ကျော်အထိ ရခိုင်စစ်ပွဲက မကျယ်ပြန့်၊ မကြီးမားသေး။ မြောက်ဦးမှာ ရခိုင်ဘုရင့်နိုင်ငံ ကျဆုံးသည့်နေ့ စာပေဟောပြောပွဲကို အစိုးရက ပိတ်ပင်လိုက်တော့ အဓိကရုဏ်းဖြစ်သည်။ အဆိုပါအဓိကရုဏ်းတွင် ရခိုင်လူငယ်အချို့ ပစ်ခတ်ခံရပြီးသေဆုံးခဲ့သလို အချို့ဖမ်းဆီးထိန်းသိမ်းခံရသည်။ ဒေါက်တာအေးမောင်တို့ကို ဖမ်းဆီးလိုက်သောအခါ ဒေသခံရခိုင်ပြည်သူတွေကြားမှာ နာကြည်းမှု ဖြစ်လာသည်။ AA က ရဲတပ်ရင်းတွေကို အလစ်အငိုက် ဝင်တိုက်ရာမှ အစိုးရတပ်နှင့် AA တို့အကြား တိုက်ပွဲက ကျယ်ပြန့်လာသည်။ ရခိုင်လူငယ်အချို့ AA ဘက်ရောက်ရှိသွားသည်။ 

ဖြစ်ရပ်ကို အရင်းစစ်လိုက်သည့်အခါ အစိုးရ၏ ရခိုင်ပြည်နယ် အပေါ်ထားရှိသည့် မူဝါဒ၊ ကိုင်တွယ်ပုံတွေ အားနည်းခဲ့သည်။ ဘင်္ဂါလီအရေးအခင်းဖြစ်စဉ်က ဒေသခံတို့သည် တပ်မတော်ဘက်မှ အားပေးထောက်ခံခဲ့ကြသည်။ AA ပြဿနာပေါ်လာတော့ ထိုထောက်ခံသူများက အစိုးရတပ်ကို မုန်းတီးသွားကြသည်။ ရခိုင်မြောက်ပိုင်းမြို့နယ်အချို့တွင် ရဲတပ်ဖွဲ့အရာရှိအချို့ ပြောင်ပြောင်တင်းတင်း လုပ်ကြံခံရခြင်းမှာ ဒေသခံတွေအကြား မုန်းတီးမှုအကြောင်း တစ်ခုခုရှိနေလို့ဖြစ်သည်။ 

ရခိုင်မီးတောက်က မငြိမ်းသေးပါ။ စစ်ပွဲရှည်ကြာလာသည်နှင့်အမျှ အနိဋ္ဌာရုံတွေ တိုးလို့လာနေသည်။ စစ်တစ်ခု ကြာရှည်သွားလျှင် မကောင်း။ ယခင်က ‘မြောက်ဦးတွင် အမြောက်ကျည်ကျ၍ ကလေးငယ်နှစ်ဦးသေ’ ဆိုသည့် သတင်းက အထိတ်တလန့်သတင်းတစ်ပုဒ် ဖြစ်သော်လည်း ထိုသတင်းမျိုး မကြာခဏဖတ်နေရသောအခါ ရိုးသွားသည်။ ဂရုမထားချင်တော့။ ဪသာ် ရခိုင်မှာ တိုက်ပွဲဖြစ်နေပါလား။ ဒါ ဖြစ်နေကျပါပဲလေ၊ မထူးဆန်းတော့ပါဘူး ဖြစ်သွားသည်။ ရခိုင်တိုက်ပွဲသတင်းသည် သတင်းမဟုတ်တော့။ 

AA နှင့် အစိုးရတပ်များ၏ ရခိုင်မြောက်ပိုင်း ပဋိပက္ခက စေ့စေ့ကြည့်တော့ စိတ်ဝင်စားစရာအချို့ တွေ့ရသည်။ AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က လက်ရှိရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ၏ သမက်ဖြစ်သည်။ တစ်ဦးက တော်လှန်ရေးခေါင်းဆောင်၊ တစ်ဦးက ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ။ အစိုးရနှင့် အစိုးရကို ဆန့်ကျင်ပုန်ကန်သူ။ 

မနေ့တစ်နေ့ကတော့ ထူးထူးခြားခြားသတင်းတစ်ပုဒ် တက်လာသည်။ AA ခေါင်းဆောင်ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ဇနီးနှင့် သမီးတစ်ဦး၊ သားတစ်ဦးကို ထိုင်းရဲက ဖမ်းဆီးထားပြီး မြန်မာနိုင်ငံဘက်သို့ ပြန်လွှဲပေးမည်ဆိုသော သတင်းဖြစ်သည်။ ဇင်းမယ်တွင် ဗီဇာသက်တမ်းတိုးရာမှ ဖမ်းဆီးခံရပြီး မယ်ဆိုင်မှတစ်ဆင့် တာချီလိတ်ရှိ မြန်မာအစိုးရထံသို့ လွှဲပြောင်းပေးမည့် သတင်းနှင့်အတူ တစ်နှစ်သား ရင်သွေးငယ်ကို ပွေ့ချီထားသည့် ထွန်းမြတ်နိုင်၏ဇနီး နှင်းဇာဖြူ၊ ၁၀ နှစ်အရွယ် သမီးငယ်တို့၏ သတင်းဓာတ်ပုံကို တွေ့လိုက်ရသည်။ 

စိတ်မကောင်းဖြစ်သွားသည်။ လူသားဆန်ဆန်တွေး၍ စိတ်မကောင်း ဖြစ်မိသလို အခြားတစ်ဖက်မှာ AA နှင့် အစိုးရတပ်များ၏ တိုက်ပွဲကြောင့် အသက်ဆုံးရှုံးသွားသူ၊ ဒဏ်ရာရရှိသူ၊ အိုးမဲ့အိမ်မဲ့ဖြစ်သွားကြသူတွေ ကိုလည်း မြင်ယောင်မိသည်။ စစ်ပွဲများတွင် တရားမျှတမှုဟူသည် မရှိသလို စစ်ပွဲသည် မည်သူ့ကိုမျှ အကျိုးမပြု။ သူသေကိုယ်သေ သေကြရသည်။ 

နှစ်ဖက်ဆုံးရှုံးသည်။ စစ်ပွဲနှင့် မသက်ဆိုင်သူတွေ ဒုက္ခရောက်တာ မမြင်မတွေ့ချင်သလို အပြစ်မဲ့သူတွေ အသက်ဆုံးရှုံးရသည်ကိုလည်း မကြားလို ၊ မမြင်လို။ နောက်ထပ်ရရှိသော သတင်းအရ လွှဲပြောင်းပေးမည့်အစီအစဉ် ပျက်သွားသည်ဟု သိရသည်။ ထိုအတွက် စိတ်သက်သာသလို ဖြစ်ခဲ့သော်လည်း ယခုလိုစစ်၏ နောက်ဆက်တွဲ ကြေကွဲစရာအဖြစ်မျိုးတွေ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ထပ်မံမကြားချင် တော့ပြီ။ ဖြစ်နိုင်လျှင် ပဋိပက္ခမှာ ပါဝင်နေကြသူတွေအားလုံး ငြိမ်းချမ်းရေး စားပွဲဝိုင်းပေါ် ရွှေ့စေချင်ပါပြီ..။
 
 ချစ်ဝင်းမောင် ( ၇ - ၁၂ -၂၀၁၉ )



  • VIA