News

POST TYPE

OPINION

ဒုက္ခ မီးပင်လယ်ပေါ်က ကျားဖောင် (Daily, Vol-7/No-205)
09-Dec-2019
ပြည်တွင်းစစ်ဘေးရှောင်ဒုက္ခသည်များပြဿနာ၊ လက်နက်ကိုင်ပဋိပက္ခ ပြဿနာ၊ ICJ ပြဿနာ စသည့်စိန်ခေါ်မှုကြီးများရှိနေချိန်တွင် ကြားရသူတိုင်း စိတ်မသက်သာရသည့် ပြဿနာတစ်ရပ်မှာ ပင်လယ်ပြင်ဘက်က ကျားဖောင်လောက ပြဿနာပင်ဖြစ်ပေသည်။ 

အဆိုပါကျားဖောင်လောကတွင် ကိုယ့်နိုင်ငံသားအချင်းချင်း၊ လူသားအချင်းချင်း ရှေးယခင် ကျွန်ခေတ်ကထက် ရက်စက်ကြမ်းကြုတ်သည့် ညှဉ်းပန်းနှိပ်စက်မှုများ ယနေ့ခေတ်တွင် ရှိနေသည်မှာ မယုံနိုင်စရာပင်ဖြစ်ပါသည်။ 

ပင်လယ်ပြင်ငရဲ သို့မဟုတ် မီးပင်လယ်ဟုလည်း တင်စားခေါ်နေကြသည့် အဆိုပါ ကျားဖောင်လောကပြဿနာမှာ ခေတ်သစ်လူကျွန်ပြုမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုကြီးပင်ဖြစ်သည်။ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ကစ၍ ပြည်သူ့ကိုယ်စားလှယ်များအပါအဝင် တရားဥပဒေစိုးမိုးရေး အာဏာပိုင်အဖွဲ့အထိအားလုံးကို စိန်ခေါ်နေသည့် ပြဿနာတစ်ရပ်လည်းဖြစ်ပါသည်။ အဆိုပါကိစ္စမည်သို့ရှင်းကြမည်နည်း။ 

အမှန်တော့ ကျားဖောင်လောကဇာတ်လမ်းသည် ဒဂုံတက္ကသိုလ်ကျောင်းသားလေးတစ်ဦး လူကုန်ကူးရန် ဖမ်းဆီးနှိပ်စက်ခံရသည့်ကိစ္စပေါ်လာပြီးနောက် မြန်မာပြည်သူများစိတ်ဝင်တစားစောင့်ကြည့်နေသည့် လူ့အခွင့်အရေးပြဿနာကြီး တစ်ရပ်ဖြစ်လာပါသည်။ တစ်ဖက်ကကြည့်လျှင်လည်း ဖောင်ပေါ်တွင်သာနေရပြီးလများစွာကြာအောင် ငါးဖမ်းရသည့် အဆိုပါကျားဖောင်လုပ်ငန်းသည် လွန်ခဲ့သည့် ဆယ်စုနှစ်အတော်များများကတည်းက ရှိခဲ့သော ရိုးရာငါးဖမ်းနည်းတစ်ခုဖြစ်ရာ ယင်းငါးဖမ်းနည်းစနစ်ကြီးတစ်ခုလုံး လူ့အခွင့်အရေးချိုးဖောက်သူများကြောင့် ဆက်ရှိသင့်၊ မရှိသင့်ဟူသည်မှာ အငြင်းပွားဖွယ်ဖြစ်နေပေသည်။ 

နောက်တစ်ဖက်တွင် ယနေ့အချိန်အထိ ကျားဖောင်ပေါ်ကလူ့အခွင့်အရေး ပြဿနာကို လူ့အခွင့်အရေးကော်မရှင်အပါအဝင် တရားဥပဒေစိုးမိုးရေးအာဏာပိုင်အဖွဲ့များ ထိထိရောက်ရောက် ကိုင်တွယ်နိုင်ခြင်းမရှိသေးသည်မှာလည်း သက်ဆိုင်သူများအပေါ် အထင်အမြင်လွဲမှားမှုများစွာဖြစ်နိုင်သည်ကို သတိချပ်သင့်ပေသည်။ 

ပွင့်ပွင့်လင်းလင်းဆိုရလျှင် လွန်ခဲ့သည့် သုံးနှစ်ခန့်လောက်ကတည်းက ပြည်တွင်းမီဒီယာအချို့က ကျားဖောင်များပေါ်ကလူ့အခွင့်အရေးချိုးဖောက်သည့် ဖြစ်စဉ်အချို့ကို ဖော်ထုတ်ရေးသားခဲ့ကြသည့်တိုင် သက်ဆိုင်ရာအာဏာပိုင်များအနေနှင့် ထိထိရောက်ရောက်ကိုင်တွယ် အရေးယူပေးနိုင်ခဲ့ခြင်းမရှိသောကြောင့် တစ်နှစ်ထက်တစ်နှစ် အခြေအနေများ ပိုမိုဆိုးရွားလာခြင်းဖြစ်နိုင်ပါသည်။ 

အစကတည်းကသာထိထိရောက်ရောက်တုံ့ပြန် အရေးယူနိုင်ခဲ့လျှင် ယနေ့လို အခြေအနေမျိုးအထိ ဆိုးဆိုးရွားရွားဖြစ်လာစရာရှိမည်မဟုတ်ပေ။ ဤအတောအတွင်းမှာပင် လူ့အခွင့်အရေးကော်မရှင်က ကျားဖောင်များသို့ သွားရောက်စစ်ဆေးမည့်ကိစ္စမှာ ကြန့်ကြာနေရုံမျှမက စက်လှေ (ရေယာဉ်) ငှားရမ်း၍မရသောကြောင့် မသွားနိုင်သေးခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ရာ လူအများဝေဖန်စရာဖြစ်သွားပေသည်။ 

မည်သို့ပင်ဆိုစေ ယခုအခါ ကျားဖောင်များတွင် အလုပ်လုပ်နေသူများ ရက်စက်ကြမ်းတမ်းစွာ ညှဉ်းပန်းနှိပ်စက်ခံရရုံမျှမကလူ ၆၀ နီးပါးအထိပျောက်ဆုံး နေသည်ဟု သိရှိရပေရာသက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေးအာဏာပိုင်များရော လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ပေးသည့်အဖွဲ့များအနေနှင့်ပါ အလေးအနက်ထား စုံစမ်းဖော်ထုတ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ရှိသူများကို ပြတ်ပြတ်သားသား အရေးယူပြနိုင်ရမည်ဖြစ်ကြောင်း တိုက်တွန်းလိုက်ပါသည်။ 

အယ်ဒီတာ (၈ - ၁၂ - ၂၀၁၉)