News

POST TYPE

OPINION

ပျောက်ဆုံးသွားသော မနက်ဖြန်အစီအစဉ်
08-Dec-2019


နှင်းစက် တို့က မကြွေချင့် ကြွေချင်သလို ကောင်းကင်ကနေ ကြွေကျနေကြသည်။ ‌ ကြည်လင်တောက်ပနေသော အနက်ရောင် ကောင်းကင်မှာ ကြယ်တွေက အေးအေးလူလူ တောက်ပနေကြသည်။ ထိုတောက်ပနေသော ကြယ်တွေကြားမှာ သူ့ကိုတွေ့မလားဆိုပြီး ကျွန်တော်ရှာကြည့်မိသည်။ နှစ်တစ်နှစ် (အင်္ဂလိပ်နှစ်)ရဲ့ နောက်ဆုံးလကို ရောက်တိုင်း ကောင်းကင်ကို မော့မော့ကြည့် နေရသည်က လှပသောဝဋ်ကြွေးတစ်ခုလိုပါပဲ။ သူက အန်နက်စတို ချေဂွေဗားရားမဟုတ်သလို၊ မဟတ္တမဂန္ဒီလည်း မဟုတ်၊ ဗိုလ်ချုပ်အောင်ဆန်းလည်းမဟုတ်၊ မာသာထရီဇာ လည်းမဟုတ်၊ ပေါ်ဦးသက် လည်းမဟုတ်။ ဒါဆိုသူက ဘယ်သူဖြစ်နိုင်သလဲ။

ဆိတ်ဖလူးရနံ့တွေ သင်းတဲ့ညမှာပဲ သူက ကျွန်တော့်ဆီကို ချိုမြမြရနံ့တွေကိုသယ်ဆောင်လာခဲ့ပြီး အမှည့်လွန်နေသောလိမ္မော်သီးတစ်လုံးနှင့်တူသည့် မျက်ဝန်းတွေနဲ့ “သူငယ်ချင်းရေ ငါကတော့ ဘဝဆိုတဲ့ တံခါးပေါက်ထဲကို ဝင်ရတော့မယ်” တိုးတိတ် လွန်းသောအသံထဲမှာ ကြေကွဲခြင်းအချို့က ရောစွက်နေခဲ့သည်။ “တံခါးဆိုတာ ပွင့်ရုံ ဖွင့်လိုက်လို့မပြီးဘူးကွ။ သတ္တိရှိရှိနဲ့ ဆက်လျှောက်နိုင်ရဦးမယ်။ လောကဓံကို ရင်ဆိုင်ရဲတာမှ တကယ့်သတ္တိ” ကျွန်တော် ကသူငယ်ချင်းကို သတ္တိရှိဖို့ အကြောင်းပြောပြီး ကျွန်တော်ကိုယ်တိုင်ကရော လောကဓံကိုရင်ဆိုင်ဖို့ သတ္တိရှိသလားဆိုတာကို ပြန်လည်ဆန်းစစ်နေမိသည်။ သေချာပါသည်။ ကျွန်တော်က လောကဓံကို သတ္တိကြောင်စွာ ရင်မဆိုင်ဘဲ ထွက်ပြေးခဲ့ဖူးပါသည်။ သူငယ်ချင်းကရော ကျွန်တော့်လို ထွက်ပြေးဦးမှာလား။ ကျွန်တော်ကတော့ အတော်အသင့် လောကဓံ ကို ပြုံးပြတတ်နေခဲ့ပြီ။

သူနယ်မြို့ကလေးကိုစွန့်ခွာသွားသည့် အချိန်ကလည်း အခုလိုဒီဇင်ဘာလထဲမှာပဲ ဖြစ်သည်။ လယ်တစ်ကွက်၊ ခြံတစ်ခြံ မရှိသော သူတို့ဘဝမှာ စီးပွားရေးက လူဝကြီးတစ်ယောက်က မတော်မရော်ဘောင်းဘီကို စွပ်နေသလိုပါပဲ။ ပိုင်ဆိုင်မှုဆိုလို့ မြန်မာပြည်က ထွက်တဲ့ဝါးကိုတိုင်လုပ်၊ ဝါးကိုစိတ်ပြီး ခင်းထားသည် ဝါးအိမ်ငယ်လေးတစ်လုံးသာဖြစ်သည်။ ထို့ပြင် ငယ်ဆရာမ၏ ကျေးဇူးတော်ကြောင့် ဆယ်တန်းအောင် လက်မှတ်ကိုလည်း ပိုင်ဆိုင်ခဲ့ရသည်။ ကြုံရာကျပန်း လုပ်နေသော သူ့အဖေရဲ့ ဝင်ငွေက အခတ်မပါတဲ့ ဟင်းတွေနဲ့သာ နှစ်ပါးသွားနေရသည်။ မိသားစုဆိုတာ တစုတဝေးတည်းစုနေမှ မိသားစုလို့ အဓိပ္ပာယ် ဖွင့်ဆိုလို့ရမှာပေါ့။ အဓိပ္ပာယ်ရှိတော့မှာပေါ့။ အခုက မိသားစုပြိုကွဲယိုင်နဲ့ မသွားဖို့အတွက် ဆယ်တန်းအောင်လက်မှတ်ရှိသော သူ့မှာ တာဝန်ရှိလာပါသည်။
ထို့ကြောင့် ရွှေတိဂုံဘုရားကြီးရှိရာအရပ် ရန်ကုန်မြို့သို့ သူထွက်ခွာသွားခဲ့ပါပြီ။

တစ်ကြိမ်တစ်ခါမှ မရောက်ဖူးခဲ့သော သူ့ အတွက် အရာအားလုံးက ထူးထူးဆန်းဆန်း။ တကယ်တော့ သူ့အမြင်ကပဲ ထူးဆန်းနေတာပါ။ ရန်ကုန်ဟာ ရန်ကုန်အတိုင်းပါပဲ။ မိုးကိုတောင် ဖောက်ထွက်လု မတတ်မြင့်မားလှတဲ့ မိုးမျှော်တိုက်တွေကိုကြည့်ပြီး သူတစ်စုံတစ်ရာကိုတွေးတောနေမိခဲ့သည်။ အမည်းရောင် ကတ္တရာလမ်းပေါ်မှာ ရေးကြီးသုတ်ပျာ မောင်းနှင်နေသော ကားတွေကိုကြည့်ပြီး သူလိုက်ငေး နေမိသည်။ သုတ်သီးသုတ်ပျာ သွားနေသော လူအုပ် ကြီးကိုကြည့်ပြီး သူ့ခြေထောက်တွေကို အားမလို အားမရဖြစ်နေခဲ့သည်။ ရန်ကုန်ဟာ ဒီလိုပဲ အရာအားလုံးဟာ ရေးကြီးသုတ်ပျာတွေပဲလား။

သူ့ရဲ့နယ်မြို့လေးကတော့ အရာရာဟာ ပုံမှန်ပါပဲ။ ဒါကြောင့် ငါတို့မြို့ကလေးဟာ အရာရာနောက်ကျ ကျန်ရစ်ခဲ့တာပဲဖြစ်မည်ဟု သူတွေးနေမိသည်။ နေ့စားအလုပ်မရှိ။ ရှိသော်လည်း တစ်နေ့မှ သုံးလေးထောင်။ ဆန်တစ်ပြည်အညံ့စားတောင် တစ်ထောင်။ ဒါကြောင့် လူငယ်၊ လူလတ်တွေက မြို့မှာလာရောက် စုဝေးနေတာဖြစ်မည်။ တောနဲ့ နယ်မြို့ကလေးတွေမှာတော့ ဘာမှမလုပ်နိုင်မကိုင်နိုင်တဲ့ အိုကြီးအိုမတွေနဲ့ အသက် ၃၀ အောက် အိမ်ထောင်ရှိအမျိုးသမီးတွေနဲ့ ဗုစုခရုကလေးငယ်လေးတွေသာ တွေ့နေရသည်။ ထို့ပြင် အစိုးရဝန်ထမ်းတွေပေါသောသူတို့မြို့ကလေး။ ဘီယာဆိုင်တွေပေါသော သူတို့မြို့ကလေး။ ညညဆို မြို့ကလေးက သူ့နာကျင်ခြင်းတွေကို ဘီယာခွက်ထဲထည့်ပြီး ရီဝေပစ်လိုက်သည့်ရက်တွေက မနည်းမနော။ အသိမိတ်ဆွေတစ်ယောက်၏ အကူအညီပေးမှုနဲ့ မင်္ဂလာဒုံစက်မှုဇုန်ထဲက စက်ရုံတစ်ခုမှာ အလုပ်လျှောက်ဖို့သွားရင်း ကားပေါ်မှ မြို့ပြရဲ့ရှုမျှော် ခင်းတွေကိုကြည့်ကာ တွေးနေမိခြင်းဖြစ်သည်။ သို့သော် နယ်မြို့လေးနဲ့ ရန်ကုန်မြို့ကတော့ မိုးမျှော်တိုက်ကြီးနဲ့ တစ်ထပ်တိုက်လေးကွာခြားနေသလိုပဲ အဆပေါင်းများစွာ ကွာခြားလွန်းလှပါသည်။

ဘဝမှာ ရွေးချယ်ခွင့်ရမယ်ဆိုလျှင် ရွေးချယ်လိုက်ချင်ပါသည်။ သို့သော် သေချင်းတရားကိုသာ စီရင်ပိုင်ခွင့်ရှိပြီး မွေးဖွားခြင်းကိုတော့ စီရင်ပိုင်ခွင့်မရှိပါ။ လူတိုင်းကတော့ ဘာမှမလုပ်ဘဲနှင့် သုံးလိုက်စွဲလိုက်၊ စည်းစိမ်ခံစားချင်ပေလိမ့်မည်။ သို့သော် ဘယ်အရာကမှ သက်သောင့်သက်သာရခဲ့မည် မဟုတ်ပါ။ ဒုက္ခမရှိရင် ဘဝမရှိဘူး။ ဘဝရှိမှ ဒုက္ခဆိုတာရှိတာဟု သူစာအုပ် တစ်အုပ်ထဲမှာဖတ်ဖူးခဲ့သည်။ ဒါဆို ဒုက္ခဆိုတာကိုတွေးပြီး ဘာကြောက်နေစရာလိုလဲ။ ပြုံးပြုံးပဲပေါ့။ ခပ်ပြုံးပြုံး ရင်ဆိုင်လိုက်ရုံပဲ မဟုတ်ဘူးလား။ ဘာဖြစ်လို့ တချို့လူတွေက သေချင်းတရားကို စောစောစီးစီး စီရင်ပြီး ဘဝတစ်ခုထဲကနေထွက်သွားရတာလဲ။

သေသွားရင်ရော အရာအားလုံးက ပြီးသွား ပြီလား။ ဒါဆို စောစောသေလိုက်ဖို့ သူဆုံးဖြတ်ချက်ချ မည်ဖြစ်သည်။ အခုတော့ သူ့နောက်မှာ အမှည့်လွန် နေသော အဖေနှင့် အမေ။ ခုမှဖူးတံဝင်စရှိသေးသည့် တက္ကသိုလ်ကျောင်းသူ ညီမငယ်လေး။ ဒီညီမငယ် လေး လူ့လောကမှာ လှလှပပ ပွင့်အာလာဖို့ သူ့မှာ တာဝန်ရှိသေးသည်မဟုတ်ပါ့လား။ တာဝန်ဆိုတာ ဘယ်သူ့မှ ကိုယ့်အပေါ်ကို ပစ်ချပေးလိုက်တာ မဟုတ် ပါဘူး။ လူတစ်ယောက်ဖြစ်နေသည့်အတွက် လိုက်နာရမည့်ကျင့်ဝတ်တစ်ခုလို သူ့ခေါင်းထဲမှာ အလိုလို ပေါက်ရောက်နေသည့် အသက်ကြီးကြီး သစ်ပင်တစ်ပင်ပဲ ဖြစ်သည်။

ဒီဇင်ဘာလဆယ်ခုလောက်ပြောင်းလဲသွားခဲ့ပါသည်။ ရာသီဉတုက သူတို့မိသားစုအပေါ် သာယာ သွားခဲ့ပါပြီ။ စီးပွားရေးအတော်အသင့်ချောင်လည် လာခဲ့သည်။ အဲဒီစီးပွားရေဆိုသည့် လူ့လောကထဲက အဆောက်အအုံတစ်ခုမှာ သူ့ချွေးစက်တွေ တစ်စက် ပြီးတစ်စက် တည်ဆောက်ခဲ့ရခြင်းဖြစ်သည်။ ဖုန်းမဆက်၊ အကြောင်းမကြား ဆိုက်ဆိုက်မြိုက်မြိုက် သူငယ်ချင်းက ကျွန်တော့်ဆီရောက်လာခဲ့သည်။‌ သူငယ်ချင်းမျက်နှာ က အလျင်ကလို ပွင့်သစ်စ ပန်းပွင့်ဖတ်ကလေးလို နူးညံ့ခြင်းမျိုးမရှိတော့ဘဲ လောကဓံမျက်နှာပေးနှင့် သူငယ်ချင်းမျက်နှာပေါ်မှာ ဘဝရဲ့ဒဏ်ရာတွေကြောင့် အတော်အတန်ရင့်သွားခဲ့သည်။ ‘ဘယ်လိုလဲ။ အခု မင်းအဆင်ပြေရဲ့လား’ လူတစ်ယောက်ဟာ အဆင်ပြေတယ်လို့တော့ ဘယ်တော့မှမဖြစ်နိုင်ဘူးဆိုတာ ကျွန်တော်နားလည်ပါသည်။ သို့သော် ပဋိသန္ဓာရစကား အရကျွန်တော်မေးလိုက်မိခြင်း ဖြစ်ပါသည်။

“အခုတော့လည်း နေသားတကျဖြစ်နေပါပြီကွာ။ အလျားသင့်၊ အနံသင့်ငါနေတတ်ပါပြီ။ ဘဝဆိုတာ တံခါးတစ်ချပ်ပဲ မဟုတ်ဘူးလား။ တွန်းဖွင့်ဝင် သွားရုံပဲလေ။ ငါမကြောက်တတ်တော့ပါဘူးကွာ။ နောက်ထပ် တံခါးတွေတွန်းဖွင့်ဖို့ ငါ့မှာမနက်ဖြန်အစီအစဉ်တွေရှိ နေပြီကွ” သူ့ပုံစံက လောကဓံနဲ့ တိုက်ပွဲဝင်ရမှာကို ပျော်နေသော တပ်သားတစ်ဦးနှင့် တူနေပါသည်။
သူနှင့်ထပ်ပြီး မဆုံနိုင်တော့မှန်းသိခဲ့လျှင် သူ့ရဲ့မနက်ဖြန် အစီအစဉ်တွေအကြောင်း တစ်ခါတည်း ပြောပြဖြစ်ဖို့ တောင်းဆိုခဲ့မိပါလိမ့်မည်။ ခုတော့သူဟာ မိသားစုနဲ့ သူချစ်သော ကျွန်တော့်ကို ထားရစ်ပြီး မရဏ မင်းရဲ့တံခါးကနေ သူထွက်ခွာသွားခဲ့ပါပြီ။ မိသားစုအတွက် တာဝန်ကျေပွန်ခဲ့သောသူငယ်ချင်း။ မိသားစုအတွက် နှလုံးသားအရေးကိုတောင် စွန့်လွှတ်ခဲ့သော သူငယ်ချင်း။ တက္ကသိုလ်ရဲ့အရသာကို သိမသွားရှာသော သူငယ်ချင်း။ မငင်လိုက်ရတဲ့လေးကြိုး။ မပျိုးလိုက်ရတဲ့ဉယျာဉ်ပါပဲ သူငယ်ချင်းရာ။ မင်းရဲ့မနက်ဖြန် အစီအစဉ်တွေက မင်းနဲ့အတူပါသွားခဲ့ပြီပေါ့။ ဘာပဲဖြစ်ဖြစ်ပါ မင်းကမင်းမိသားစုအတွက် လင်းနိုင်သမျှ လင်းပေးခဲ့တဲ့ကြယ်တစ်လုံးပါပဲ။

အခုလို ယုဇနပန်းတွေပွင့်သော အချိန်မှာ၊ အခုလို ဆိတ်ဖလူးပန်းတွေပွင့်သောအချိန်မှာ လူ့ဘဝကနေထွက်ခွာသွားသော ကျွန်တော့်ရဲ့ ချစ်လှစွာသော သူငယ်ချင်းကို ကောင်းကင်မှာ ကြယ်တစ်ပွင့်အဖြစ် တွေ့ရနိုး မျှော်ကြည့်နေမိဆဲဖြစ်ပါသည်။
  
 မြတ်သိမ်းခိုင်



  • VIA