News

POST TYPE

OPINION

ရွက်ဆုတ်ပြက္ခဒိန်ထဲက ဘဝလှေကားများကို ဆန်းစစ်ခြင်း
07-Oct-2019

အဖြူရောင်သန့်သန့်တို့ဖြင့် သန့်ရှင်းစင်ကြယ်ခဲ့ပါသော အတိတ်တို့ဆီက အရိပ်တို့မည်သည် တစ်ရေးနိုး၍ ပြန်လည်ရှင်သန်တတ်ပေသည်။လှပသောစိတ်များနှင့် ဖြူစင်မှုများကို အဖြူရောင်ထပ်ဆင့်ခြယ်သပေးတတ်သည့် စိတ်ထားကောင်းတို့မည်သည် တစ်ဖန်ပြန်လည်၍ ရှင်သန်တတ်ပေသည်။ ကောင်းမွန်တည်ကြည်သော စိတ်ထားများကို တစ်ဖန်ပြန်လည်ကျင့်သုံးမျှော်လင့်တတ်ကြပါသည်။ ထိုကဲ့သို့သော အဖြူရောင်ခြယ်သထားသည့်စိတ်သစ်တို့ဖြင့် တစ်ရေးနိုးခြင်းများသည်ကား ကလေးငယ်တို့၏ ရှင်သန်မှုပုံရိပ်များပင် ဖြစ်ပေလိမ့်သည်။

အတိတ်တွင်ကျန်ရစ်နေခဲ့သည့် ပုံရိပ်ကောင်းအချို့တို့သည် ပစ္စုပ္ပန်၌ တွေးမိကြသည့်အချိန်တိုင်း ခွန်အားသစ်တို့ကို ပြန်လည်မွေးဖွားပေးတတ်ပါသည်။ ကလေးဘဝတွင် အသန့်ရှင်းဆုံးလိုချင်မှုများဖြင့် ပူဆာခဲ့ကြသည့် လောဘတရားများဆိုသည် သန့်ရှင်းလှပေသည်။ အဖြူရောင်သက်သက်တို့ဖြင့် ခြယ်သရှင်သန်ခဲ့ကြသော ကလေးဘဝတို့တွင် အရောင်ပြောင်းခြင်းများဆိုသည်မှာ ပတ်ဝန်းကျင်၏ ရေခံမြေခံကိုလိုက်၍သာလျှင် ပြောင်းလဲတတ်ပါသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် အဖြူရောင်တွေပေါ်မှာ ဆေးရောင်စုံခြယ်သခံရခြင်းမျိုးများပင် ဖြစ်ပါသည်။ ကလေးငယ်ဘဝတွင် အသုံးပြုခဲ့ပါသော လှေကားများသည်ကား လှပသန့်ရှင်းလှပေသည်။

ကျွန်တော်တို့တစ်တွေသည် ကျောင်းသားတစ်ယောက်၏ စိတ်ထဲကို စာသင်ချင်စိတ်နှင့် ထကြွနိုးကြားတတ်သော အလင်းရောင်များကိုသာ ဦးစွာပေးနိုင်ကြဖို့လိုသည်။ ကျောင်းသားတစ်ယောက်၏ရင်ထဲတွင် စာလိုချင်စိတ်နှင့် ဘဝကိုမြှင့်တင်လိုစိတ်များ ရှင်သန်နိုင်အောင် ကြိုးစားပေးရပါမည်။ တစ်ရေးနိုးလျှင် တစ်ခါပြောင်းလဲတတ်သည့် ရည်ရွယ်ချက်ကင်းမဲ့မှုများ မဖြစ်ကြရလေအောင် လမ်းညွှန်ပေးနိုင်ရမည်။ ကျောင်းသားတစ်ယောက်၏ အဖြူရောင်စိတ်ထားများကို ဆေးရောင်စုံမရောယှက်နိုင်စေဖို့ရန် ပတ်ဝန်းကျင်ကို ဂရုစိုက်ပေးနိုင်ရမည်ဖြစ်သည်။ အရောင်တလက်လက်နှင့် ထွန်းလင်းခွင့်ရှိသော အဖြူရောင်အလှတရားများကို ကျွန်တော်တို့တစ်တွေကိုယ်တိုင် မွေးမြူလမ်းညွှန်ပေးနိုင်ဖို့ လိုအပ်ပါသည်။

အဖြူရောင်အပြုံးပိုင်ရှင်လေးများကို တစ်ရေးနိုးလိုက်တိုင်း အလှပျောက်ကမ္ဘာမဖြစ်ကြစေရန် စိတ်အသိုးများကို ခွာချတတ်ဖို့ လေ့ကျင့်ပေးနိုင်ဖို့လိုပေသည်။ အရောင်တွေ ဘယ်လောက်ပဲပြောင်းပြောင်း၊ သူတို့ လေးတွေ၏ ကိုယ်ပိုင်အောက်ခံအရောင်ဖြစ်သည့် အဖြူရောင်များကို တန်ဖိုးထားတတ်စေရန် လမ်းညွှန်ပေးနိုင်ရမည်။ သို့တည်းမဟုတ် ကိုယ်ပိုင်အောက်ခံအရောင်ဖြစ်သည့် အဖြူရောင်များကို ကျွန်တော်တို့တစ်တွေ ကိုယ်တိုင်က ရှေ့ဆောင်လမ်းပြအနေနှင့် ကျင့်သုံးပြဖို့လိုအပ်သည်။

ကျွန်တော်တို့အားလုံးသည် ရွက်ဆုတ်ပြက္ခဒိန်လေးများကို အသုံးပြုဖူးကြပေမည်။ ပစ္စုပ္ပန်အသစ်တစ်ရွက်ဆီသို့ ရောက်ရှိလာတိုင်း အတိတ်တစ်ရွက်ကို ဆုတ်ဖြဲလွှင့်ပစ်တတ်ကြပေသည်။ လွှင့်ပစ်ခဲ့ကြသည့် အတိတ်တစ်ရက်တိုင်းသည် ကျွန်တော်တို့တစ်တွေ၏နောက်သို့ ကပ်လိုက်လာတတ်သည့် အဖြစ်ကို မေ့ပစ်တတ်ကြပေသည်။ ရွက်ဆုတ်လေးတွေကို နေ့တိုင်းနေ့တိုင်း ဆုတ်ဖြဲအရေခွံလဲပေးနေရသလိုမျိုးသည်ပင် ကျွန်တော်တို့တစ်တွေ၏ ဘဝများကိုလည်း ပြောင်းလဲလို့ပေးနေရမည်။

ဆုတ်ဖြဲလွှင့်ပစ်လိုက်သော ရွက်ဆုတ်လေးများထဲတွင် ကျွန်တော်တို့တစ်တွေ၏ ဝမ်းနည်းမှုများနှင့် ဝမ်းသာမှုများ ပါသွားတတ်ပေသည်။ တစ်နည်းအားဖြင့် အဖြူရောင်သန့်သန့်ဖြင့် တည်ဆောက်ထားသော နေ့ရက်များရှိကြသလိုပင် အမည်းရောင်သန်းခဲ့သည့်နေ့ရက်များ ရှိကြမည်ဖြစ်သည်။ အရောင်ပြောင်းလဲ၍ ခံစား စံစားခဲ့ကြသော နေ့ရက်တိုင်းသည် ကျွန်တော်တို့တစ်တွေ၏ ရှင်သန်မှုပုံရိပ်ပင် ဖြစ်သည်။ မောင်းထုတ်၍မရသော၊ ဖျောက်ဖျက်လို့ မရနိုင်ပါသော နေ့ရက်အစိတ်အပိုင်းတို့ပင် ဖြစ်ပေသည်။

အရောင်ပြောင်းလဲ၍ မောင်းထုတ်မရ၊ ဖျောက်ဖျက်မရသော နေ့ရက်တို့ထဲတွင် ဟန်မပျက်ရှင်သန်ခဲ့ရသည့်ဘဝများမှာ အခက်ခဲဆုံးဖြစ်ပေမည်။ ရှေ့ဆက်တိုးနေရသော ခြေလှမ်းတိုင်းကို ဟန်မပျက်အောင် ထိန်းကျောင်းကြရင်းဖြင့် စိတ်အသိုးတွေကို ဖုံးဖိနေကြရပေသည်။ ကျွန်တော်တို့တစ်တွေသည် အဖြူရောင်သက်သက်ကိုသာ လိုချင်ကြမည်။ သို့သော် ကျွန်တော် တို့တစ်တွေ၏စိတ်သည် အမည်းရောင်ဘက်သို့သာ ချဉ်းကပ်နိုင်ဖို့ ကြိုးစားပေလိမ့်မည်။ လျှာနှစ်ခွပမာ အဆိပ်ပြင်းလှပါသော စိတ်အသိုးတို့မည်သည် ကျွန်တော်တို့တစ်တွေ၏ အဖြူရောင်လှေကားများကို ရိုက်ချိုးပစ်မှာ သေချာလှပေသည်။ 

ကလေးဘဝတွင် အဖြူစင်ဆုံးသော လိုချင်မှုများသည် တစ်ရေးနိုး အရွယ်ရောက်လာသည့်အခါ ဇရာအို၏ တပ်မက်မှုများကို စတင်ပေလိမ့်မည်။ ခြားနားမှုများမှာ အဖြူရောင်နှင့် အမည်းရောင်တို့၏ သတ်ပုံမှန်မှန် ဆန့်ကျင်ခြင်းများကို ခံစားကြရမည်ဖြစ်သည်။ ကျွန်တော်တို့အားလုံးသည် အဖြူနှင့်အမည်းကြားတွင် ဆန့်ကျင်ဘက်ရိုက်ခတ်မှုဒဏ်များကို ခံနိုင်ရည်ရှိဖို့ လိုအပ်ပါသည်။ တစ်နည်းအားဖြင့် အဖြူရောင်သန့်သန့်တို့ ဖြင့် စတင်ခဲ့သော ဘဝလှေကားများကို မေ့ဖျောက်မသွားမိကြစေရန် ကြိုးစားကြရမည်ဖြစ်သည်။ ဘဝဆိုသော ရှင်သန်မှုများ၏ အောက်ခံအရောင်ကို အဖြူရောင်သက်သက်ဖြင့်သာ အမြဲတမ်းခြယ်သနိုင်ဖို့ အရေးကြီးပေသည်။

အဖြူနှင့်အမည်းကြားတွင် ရှင်သန်ရပ်တည်ကြဖို့ဆိုလျှင် တစ်ရေးနိုးလိုက်တိုင်း အကောင်းတွေးတတ်ကြဖို့ လိုအပ်ပါသည်။ အမှောင်ပယောဂများနှင့် ကင်းကင်းရှင်းရှင်းနေတတ်ဖို့ လိုအပ်ပါသည်။ ထို့အတူပင် အဖြူရောင်များ၏ လင်းလက်ခွင့်များ ရရှိနိုင်အောင် ကြိုးစားကြရပေမည်။ တစ်ရေးနိုးလိုက်တိုင်း ကျွန်တော်တို့တစ်တွေ၏ အတွေးထဲတွင် တန်ဖိုးရှိတာတွေ သယ်ဆောင်တတ်သည့် အကျင့်ကောင်းများရှိကြဖို့ရန် အရေးကြီးလှပါသည်။ တန်ဖိုးမရှိသောအရာတွေကို အတွေးများထဲက ဖယ်ထုတ်ကြဖို့လည်း အထူးလိုအပ်ပါသည်။ 

ဘဝဟူသည် အမှိုက်ပုံးတစ်ခု မဟုတ်ပါပေ။ ဘဝ၏ ရှင်သန်ရပ်တည်ချက်များထဲက အမည်းရောင်တိုင်သည်လည်း ခြပုံးများဟု မဆိုနိုင်ပါပေ။ကျွန်တော်တို့တစ်တွေအနေနှင့် ရွေးချယ်မှုများ မှန်ကန်မှုသာလျှင် အရေးကြီးပါသည်။ လူသားတိုင်း မှားတတ်ကြပါသည်။ လူသားတိုင်းသည် အဖြူနှင့် အမည်းတို့၏ လွန်ဆွဲခြင်းများကို ခံစားကြရပေမည်။ ကျွန်တော်တို့တစ်တွေသည် မကောင်းသည့်အကျင့်ဆိုးများပါသော အဟောင်းများထဲမှနေ၍ ရုန်းထွက်နိုင်ကြဖို့ရန် အထူးလိုအပ်ပါသည်။ လူသားတိုင်း မှားတတ်ကြသော်လည်း ထိုအမှားများထဲတွင် အမြစ်တွယ်မခံရဖို့ လိုအပ်ပေသည်။ အမှားကို အမှားမှန်းသိကြဖို့ရန် လိုအပ်ပါသည်။ အမှားကို အမှားမှန်းမသိရှိခြင်းများကသာ ကျွန်တော်တို့တစ်တွေ၏ဘဝကို အမည်းရောင်နယ်မြေထဲသို့ တွန်းပို့တတ်ပါသည်။ အဟောင်းတိုင်းသည် အဆိုးမဟုတ်နိုင်သလို၊ အဟောင်းတိုင်းသည်လည်း အကောင်းမဟုတ်နိုင်ပေ။ အကောင်းမကုန်ကြသော ဘဝများသည်ပင် အကုန်မကောင်းနိုင်ကြသည်ကို သဘောပေါက်နားလည်ကြရန် လိုအပ်ပေသည်။

အဆဲကြမ်းလာသော ယနေ့ခေတ်သစ်၏ ယဉ်ကျေးမှုဉာဉ်ဆိုးကို တွန်းလှန်နိုင်ကြဖို့ လိုအပ်လာသည့် အချိန်အခါပင်ဖြစ်သည်။ ကိုယ်နှုတ်စိတ်ခက်ထန်ရိုင်းစိုင်းလာသည့် လူမှုဝန်းကျင်များကို ဆန့်ကျင်နိုင်ဖို့ လိုအပ်ပါသည်။ အဖြူရောင်အောက်ခံပေါ်တွင် အမည်းရောင်ရေးခြယ်နေကြခြင်းများကို ချေဖျက်ကြဖို့ ကြိုးစားချိန်လည်းဖြစ်ပေသည်။ ကျွန်တော်တို့တစ်တွေ ရှင်သန်လျှောက်လှမ်းနေရသော လောကကြီးဆိုသည် ကလေးငယ်တစ်မျိုးပမာပင် ဖြစ်သည်။ အတွေးဆိုးများဖြင့် သားဖောက်နေတတ်သော လောကကြီးထဲက အမည်းရောင်များကို ကြည့်တတ်မြင်တတ်ကြဖို့ရန် အထူးလိုအပ်လှပါသည်။ အဖြူရောင်နှင့်ကမ္ဘာကြီးဖြစ်လာစေရန် အမည်းရောင်များကို ငြင်းပယ်ကြဖို့ လိုအပ်လှပေသည်။ 

နိဂုံးချုပ်အားဖြင့်ဆိုရသော် တစ်ရေးနိုးခြင်းဟူသည် မည်ကဲ့သို့ ခေါ်ဆိုကြသနည်း။ အိပ်မက်မက်၍ လန့်နိုးခဲ့ကြခြင်းများကို တစ်ရေးနိုးသည်ဟု ခေါ်မည်လော။ အိပ်မက်လှလှများမက်ခဲ့၍ ပီတိသုခတို့ဖြင့် နိုးထနိုင်ခြင်းများကို ခေါ်ကြမည်လော။ နဖူးပေါ်လက်တင် စဉ်းစားကြရင်း အိပ်မပျော်၍ မျက်နှာသစ်ခဲ့ကြရသည့် နေ့သစ်များကို ခေါ်ဆိုကြမည်လော။ အဖြူနှင့်အမည်းတို့၏ သတ်ပုံမှန်မှန်နှင့် ဆန့်ကျင်တတ်သည့် သဘောတရားများကို နားလည်တတ်ကြသည်ကို ခေါ်မည်လော။ ကျွန်တော်တို့ တစ်တွေ၏ ဘဝတိုင်းတွင် တစ်ရေးနိုးလိုက်ကြတိုင်း အတွေးဆိုးများဖြင့် အလှပျောက်ကမ္ဘာမဖြစ်ကြစေရန်မှာ အထူးအပ်လှပါသည်။

လောကဇာတ်ခုံပေါ်တွင် အလှနှင့်ဘဝကို ခြယ်သကြရာ၌ အမြင့်ကိုရောက်ရှိနိုင်ရန် အကောင်းအဆိုးဒွန်တွဲနေသော လှေကားများကို အသုံးပြုရပေမည်။ အလှနှင့်ဘဝသည် အဖြူရောင်အဖြစ်ကျန်ရှိစေဖို့ရန် အထူးအရေးကြီး လိုအပ်ပါသည်။ လူသားတိုင်း အောင်မြင်မှုများကို ရယူကြဖို့ လိုအပ်ကြခြင်းသည် မှန်ကန်သည့် ပန်းတိုင်တစ်ခုပမာဖြစ်သည်။ သို့သော် စုတ်ဖြဲပစ်ခဲ့ကြသည့် ရွက်ဆုတ်ပြက္ခဒိန်လေးများကိုမေ့ပစ်၍ အလှနှင့်ဝေးသော ဘဝလှေကားများကို အသုံးမပြုမိကြစေဖို့ရန် အထူးလိုအပ်လှပါကြောင်း ရေးသားလိုက်ရပါသည်။

ခိုင်မြင့်ဝေ